စစ်ကိုင်းသတင်း

တန့်ဆည်မှာ ရေနစ်သေဆုံး သတင်းပြန့်တဲ့ အသက် နှစ်နှစ် ကလေးငယ်ကို အသက်ရှင်လျက် ပြန်တွေ့၊

ရေနစ်တာ မဟုတ်ဘဲ မိဘတွေနဲ့ ကွဲကာ အဆက်အသွယ် ပြတ်နေတာဖြစ်၊

ကန့်ဘလူ၊ တန့်ဆည်နဲ့ ဒီပဲယင်းမှာ သုံးရက်အတွင်း ရေဘေးကြောင့် ဒေသခံ ကိုးဦး သေဆုံး၊

MN/MFP ၊ ဩဂုတ် – ၈

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲ မြို့၊ရွာတွေ ရေကြီးနစ်မြုပ်နေချိန် ဩဂုတ် ၇ ရက်ကတည်းက ရေနစ် သေဆုံးတယ်လို့ သတင်းပြန့်နေတဲ့ အသက် နှစ်နှစ်အရွယ် ကလေးငယ်ကို အသက်ရှင်လျက် ပြန်တွေ့ပြီး ရေနစ်တာ မဟုတ်ဘဲ မိဘနဲ့ ကွဲသွားတာလို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲ မိုးသည်းထန်ရွာသွန်းတာကြောင့် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်ကနေ ဩဂုတ် ၅ရက်ကတည်းက ရေလွှတ်ထုတ်ခဲ့ရာ တန့်ဆည် အပါအဝင် မူးမြစ်ရိုး တလျှောက် မြို့နယ် ရှစ်ခုက မြို့၊ရွာ ၁၅၀ ကျော် ဩဂုတ် ၆ရက်ကတည်းက ရေမြုပ်နေတာ ဖြစ်ပါတယ်။

အဲ့ဒီလို ရေကြီးနေချိန် တန့်ဆည်နယ်အရှေ့ခြမ်း မူးမြစ်ကမ်းအနီးမှာရှိတဲ့ ရွှေလှံကျေးရွာက အသက် နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး ရေနစ်သေဆုံးတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ကလေးငယ်စာ ရေနစ်သေဆုံးတာ မဟုတ်ဘဲ ရေဘေးကြောင့် နေရာတွေ့ရွှေ့ပြောင်းရချိန် မိဘနဲ့ကွဲသွားတာ ဖြစ်ပြီး ဒေသတွင်းမှာ ဖုန်းလိုင်းတွေပါ ပြတ်တောက်နေတာကြောင့် အဆက်အသွယ် မရဘဲ သတင်းမှား ပြန့်ခဲ့တာလို့ တန့်ဆည်နယ် ဒေသခံသတင်းရင်းမြစ်က MFP ကို ရှင်းပြပါတယ်။

“ကလေးက ပြန်တွေ့တယ်ဗျ၊ ဘာမှ မဖြစ်ဘူး။ လူကြီးတွေနဲ့ အဆက်အသွယ် ပြတ်သွားတာပါ။ ကျွန်တော်တို့ အခုပဲ အဲဒီနေရာကနေ ပြန်လာခဲ့တာပါဗျ။ အဲဒီ ကလေးကိစ္စက သတင်းရချင်တော့ လိုင်းပေါ်မှာ အလုအယက် တင်ကြတာပေါ့ဗျာ။ ကလေးတွေ ရေနောက် ပါသွားတယ်၊ ပါသွားတယ် ဆိုပြီးတော့ အလုအယက် တင်ကြတာပေါ့။ တကယ်တမ်းက ရေနောက်ပါသွားတာလည်း မဟုတ်ဘူးဗျ။ ဖုန်းလိုင်း မရတော့ ကလေးတွေက ဟိုသွား၊ ဒီသွားနဲ့ မိဘတွေနဲ့ ကွဲသွားတဲ့အချိန်၊ အခု ပြန်လာတဲ့ အချိန်မှာ ပြန်တွေ့တာပေါ့။ ပျောက်ဆုံးတာလည်း မဟုတ်ပါဘူးဗျ”

တန်ဆည်နယ်မှာ ရေဘေးကြောင့် သေဆုံးသူ တစ်ဦးစာ ရှိပြီး အဲ့ဒီသေဆုံးသူဟာလည်း ရွှေလှံရွာကပဲ ဖြစ်ကာ အသက် ၅၀အရွယ် အမျိုးသား ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ တန်ဆည်နယ်မှာ မနေ့က သေဆုံးတာက အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးတည်းပဲ ရေထဲမျောပါသွားလို့ သေဆုံးတာပဲရှိတာပါဗျ” လို့ အထက်ပါ တန့်ဆည်နယ်ခံက ပြောပြီး သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ ပြန်မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

လတ်တလော ကြုံနေရတဲ့ အညာဒေသ ရေဘေးကြောင့် သေဆုံးသူ ကိုးဦး ရှိလာပြီး ဩဂုတ် ၆ရက်မှာ ဒီပဲယင်းနယ်က ကောက်စိုက်သမ အမျိုးသမီး ခြောက်ဦး၊ ဩဂုတ် ၇ရက်မှာ တန့်ဆည်နယ်က အမျိုးသား တစ်ဦးနဲ့ ကန့်ဘလူနယ်ခံ နှစ်ဦးတို့ ဖြစ်တယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင် နေသူတွေက MFP ကို ပြောပါတယ်။

ကန့်ဘလူမြို့နယ်မှာ ရေဘေးကြောင့် သေဆုံးသူတွေဟာ ချပ်သင်းတိုက်နယ် ပေကုန်း(မ)ရွာက အမျိုးသား တစ်ဦးနဲ့ ကာဘိုးတိုက်နယ် ကျီစုရွာက အသက် ၂၀ အရွယ် အမျိုးသား တစ်ဦး တို့ ဖြစ်တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ တာဝန်ရှိသူက MFP ကို ပြောပါတယ်။

ဒီပဲယင်းမြို့နယ်မှာတော့ ဩဂုတ် ၆ ရက်က ကောက်စိုက်ပြီးပြန်လာတဲ့ အမျိုးသမီး ၁၀ ဦး ချောင်းကို ဖြတ်ကူးစဉ် ရုတ်တရက်ရေကြီးကာ ရေစီးနဲ့အတူ မျောပါလို့ ခြောက်ဦး သေဆုံးခဲ့ပါတယ်။

အညာဒေသ မူးမြစ်ရိုးတလျှောက် ကြုံနေရတဲ့ ရေဘေးဟာ မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ဒေသခံ ပြည်သူကို ကြိုတင်အသိပေးခြင်းမရှိဘဲ သဖန်းဆိပ်ဆည် ရေထိန်းတံခါးတွေကို ရုတ်တရက် ဖွင့်ချခဲ့တာကြောင့် မူးမြစ်ရိုးတလျှောက်ရှိ မြို့၊ရွာတွေက ပြည်သူတွေ ရေဘေးဒုက္ခ ကြုံနေ ရတာလို့ ကန့်ဘလူမြို့နယ် ပအဖ က ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။

သဖန်းဆိပ်ဆည် စိုးရိမ်ရေမှတ်အနီး ရောက်ရှိလာခဲ့တာကြောင့် ဩဂုတ် ၅ ရက်နဲ့ ၆ ရက်မှာ ဆည်ကနေ ရေထိန်းတံခါးအပြည့် ရေလွှတ်ထုတ်လို့ ဆည်အောက်ပိုင်းရှိ မူးမြစ်ရိုးတလျှောက်က မြို့နယ် ရှစ်ခုမှာ လတ်တလော ရေကြီးနစ်မြုပ်မှုတွေ ကြုံတွေ့နေရပြီး သောင်းနဲ့ချီတဲ့ ပြည်သူတွေ ရေဘေးသင့်ကာ အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်။

တန့်ဆည်နယ် အပါအဝင် မူးမြစ်ရိုးတလျှောက်ရှိ မြို၊ရွာတွေ ရေကြီးနစ်မြုပ်နေစဉ်/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မူးမြစ်သဖန်းဆိပ်ဆည် #တန့်ဆည်

Related Articles

Back to top button