စစ်ကိုင်းသတင်း

အညာ ရေဘေး NUG က ကူညီကယ်ဆယ်ရေး လုပ်နေပြီး စစ်အုပ်စုက မျက်ကွယ်ပြုထား၊

စစ်အုပ်စုက ကျွန်းလှရှိ ပျူတွေကိုသာ ရေဘေးသင့် ခေါင်းစဉ်တပ်ကာ ကျပ် ၁၅ သိန်း ထောက်ပံ့၊

ဒေါ်လာ၊ MN၊ ဝင်းသိန်း/MFP၊ ဩဂုတ် – ၉

အညာဒေသ၊ စစ်ကိုင်းတိုင်း၊ မူးမြစ်ရိုးတလျှောက်ရှိ ရာနဲ့ချီတဲ့ မြို၊ရွာတွေ ရေကြီးနစ်မြုပ်နေတာ လေးရက်ကြာပြီ ဖြစ်ပေမယ့် အာဏာသိမ်း စစ်အုပ်စုက လျစ်လျူရှု့ထားပြီး တော်လှန်ရေး အင်အားစုတွေနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ – NUGရဲ့ ပသုံးလုံးနဲ့ PDF တို့ကသာ ကူညီ ကယ်ဆယ်ရေး လုပ်ဆောင်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အာဏာသိမ်း စစ်အုပ်စု ထိန်းချုပ်ထားတဲ့ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်ကို ဩဂုတ် ၅ ရက်က စတင်ကာ ရုတ်တရက် ရေ ဖောက်ချတာကြောင့် ဆည်ရဲ့အောက်ဘက် မူမြစ်ရိုးတလျှောက်ရှိ ကန့်ဘလူ၊ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ရွှေဘို၊ ဒီပဲယင်း၊ ဝက်လက်၊ အရာတော် စတဲ့ မြိုနယ်တွေက မြို၊ရွာ ၂၀၀ နီးပါး ဩဂုတ် ၆ရက်က စတင်ကာ ရေကြီးနစ်မြုပ်နေတာ ဖြစ်ပါတယ်။

ရေဘေးကြောင့် ဒီပဲယင်းနယ်မှာ အမျိုးသမီး ခုနှစ်ဦး၊ တန့်ဆည်နယ်မှာ အမျိုးသားတစ်ဦး၊ ခင်ဦးနယ်မှာ အမျိုးသမီး တစ်ဦး၊ ကန့်ဘလူနဲ့ ရွှေဘိုနယ်မှာ နှစ်ဦးစီ၊ စုစုပေါင်း ၁၃ ဦး သေဆုံးကာ သိန်းနဲ့ချီတဲ့ ပြည်သူတွေ ရေဘေးဒုက္ခခံစားနေကြရပါတယ်။

အဲ့ဒီ အညာဒေသ ရေဘေးသင့်ပြည်သူတွေကို ဩဂုတ် ၆ရက်က စတင်ကာ ကူညီကယ်ဆယ်ရေး ဆောင်ရွက် ပေးနေတယ်လို့ သက်ဆိုင်ရာမြို့နယ် ပသုံးလုံး အဖွဲ့တွေနဲ့ NUG က ထုတ်ပြန်ထားပါတယ်။

“စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များတွင် ရေဘေးကြုံတွေ့နေရသည့် ပြည်သူများကို အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်အရေးအဖွဲ့ (ပကဖ) ဝင်များက ကူညီ စောင့်ရှောက် ပေးလျက်ရှိပါသည်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းတာဝန် လေးရပ်တွင် တိုက်ခိုက်ရေး တာဝန်များအပြင် ပြည်သူလူထု ဝန်ဆောင်မှု လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ရေးသည်လည်း အချက်တစ်ချက်အဖြစ် ပါဝင်လျက်ရှိသည်” လို့ NUG က ဩဂုတ် ၉ရက် ဒီကနေ့ ဖော်ပြပါတယ်။

လက်ရှိမှာ သဖန်းဆိပ်ဆည်ရဲ့ အောက်ဘက်၊ မူးမြစ်အထက်ပိုင်းရှိ ကန့်ဘလူ၊ တန့်ဆည်နဲ့ ရေဦး မြို့နယ်တွေမှာ မူးမြစ်ရေ နှစ်ပေခန့် ကျဆင်းနေပေမဲ့ မြစ်အောက်ပိုင်းရှိ ခင်ဦး၊ ရွှေဘို၊ ဒီပဲယင်း၊ ဝက်လက်၊ အရာတော် စတဲ့ မြိုယ်တွေမှာ မူးမြစ်ရေ ဆက်တိုးနေသလို မိုးရွာလို့ ရေပိုကြီးကာ ရေဘေးသင့်တဲ့ မြို့၊ရွာ ပိုတိုးလာနေတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

မူးမြစ်ရိုးတလျှောက် မြို့၊ရွာ ၂၀၀ နီးပါး ရေမြုပ်နေပြီး ကူညီကယ်ဆယ်ရေးတွေလည်း မနိုင်မနင်း ဖြစ်နေကာ ရေဘေးသင့် ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ သောက်သုံးရေ၊ အမိုးအကာ စတဲ့ အရေးပေါ် အကူညီတွေ လိုအပ်နေတယ်လို့ မြေပြင်မှာ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။

“ပြည်သူတွေ ဘေးကင်းဖို့ ကူညီကယ် ဆယ်ရေးအဖွဲ့တွေက အစွမ်းကုန် ကြိုးစားပေးနေကြပေမယ့် ရေတက်တာ မြန်လွန်းတော့ ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေ အရမ်း လိုအပ်နေပါတယ်။ တော်လှန် ပြည်သူတွေ အနေနဲ့လည်း မြစ်ရေ အခြေ အနေကို သတိထားပြီး အိမ်မွေးတိရစ္ဆာန်တွေနဲ့ သီးနှံတွေကို အချိန်မီ ပြောင်းရွှေ့ကြဖို့နဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ တောင်းဆိုချင်ပါတယ်” လို့ ဝက်လက်မြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။

မူးမြစ်ရိုးတလျှောက်ရှိ မြို့၊ရွာတွေအပြင် စစ်ရှောင်စခန်းတွေပါ ရေဘေးအန္တရာယ် ကြုံတွေ့နေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

မူးမြစ်ရိုးတလျှောက်ဟာ မြွေပွေးပေါတဲ့ ဒေသဖြစ်ပြီး ရေတက်ချိန် မြွေအန္တရာယ်ပါ ကြုံနေရသလို လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ဆို့ ပြတ်တောက်နေတာကြောင့် ပိုးထိ (မြွေကိုက်ခံရသူ) လူနာတွေအတွက် မြွေဆိပ်ဖြေဆေးတွေ လိုအပ်နေတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တာဝန်ရှိသူက MFP ကို ပြောပါတယ်။

“ပိုးထိထားတဲ့ ပြည်သူ၊ ရဲဘော်တွေ ရှိပါတယ်ဗျ။ လမ်းပိုင်း ပြတ်တောက်သွားတာ ဖြစ်တဲ့အတွက် သွားရေး လာရေး ခက်ခဲသွားပါတယ်။ လောလောဆယ်မှာ ကျွန်တော်တို့ဆီမှာ ရှိထားတဲ့ မြွေဆိပ် ဖြေဆေးတွေနဲ့ ကုသမှု ပေးထားပါတယ်ဗျ။ မြွေဆိပ်ဖြေဆေးတွေလည်း ထပ်ပြီးတော့ လိုအပ် နေပါတယ်ဗျ”

ရွှေဘို၊ ဝက်လက်၊ ဒီပဲယင်းနဲ့ အရာတော်နယ်တွေမှာ ရေဆက်တိုးနေတာကြောင့် ရွှေ့ပြောင်းရသူ ထပ် တိုးနေပြီး အမိုးအကာ၊ သောက်သုံးရေ စတဲ့ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

“မူးမြစ်ထဲ ရေတိုးလာတာက အရမ်းမြန်တဲ့အတွက် မြစ်ကမ်းဘေးရွာနေ ပြည်သူတွေကတော့ ပျက်စီး ဆုံးရှုံးမှုတွေ များပါတယ်ဗျ။ အမိုးအကာအတွက် ယာယီတဲထိုးဖို့ မိုးကာတွေ၊ မြွေဆိပ်ဖြေဆေးနဲ့ ဆေးဝါးတွေ အဓိက လိုအပ်ပါတယ်ဗျ။ နောက်ပြီးတော့ သောက်သုံးရေလည်း အရေးပေါ် လိုအပ် နေပါတယ်။ လက်ရှိ အထိကတော့ ရေက ဆက်တိုးနေဆဲပါ။ သဖန်းဆိပ်ကတော့ ရေ ဆက် မလွှတ်တော့ဘူးလို့တော့ သိရတယ်ဗျ။ အထက်က ကျလာတဲ့ရေနဲ့ လက်ရှိက မိုးရွာနေတာဖြစ်လို့ ရေက ပြန်မကျသေးဘူးဗျ” လို့ ရွှေဘိုမြို့နယ် ပကဖ တာဝန်ရှိသူက ဆက်ပြောပါတယ်။

မူးမြစ်ရေက ရုတ်တရက် တက်လာတာကြောင့် အိုးခွက်ပန်းကန်ကအစ သယ်ယူချိန်မရဘဲ ကိုယ်လွတ်ရုန်း ထွက်ပြေးရတယ်လို့ ဝက်လက်နယ် ကိုယ်တိုင် ရေဘေးကြုံနေသူတွေက ပြောပါတယ်။

သဖန်းဆိပ်ဆည်ကို ထိန်းချုပ်ထားပြီး ဆည်ရေတွေ ဖောက်ချနေတဲ့ စစ်အုပ်စုကတော့ ဆည်အောက်ပိုင်းရှိ ရေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်တာ မရှိဘဲ ဩဂုတ် ၆ရက်မှာ စစ်အုပ်စုခန့် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဆိုသူ ကန့်ဘလူမြို့ပေါ် သွားပြီး ရေမြောင်းတွေ ရေစီးရေလာ ကောင်းအောင် လုပ်ဖို့ ခိုင်းစေမှာကြားခဲ့သလို ဩဂုတ် ၇ရက်မှာ ကျွန်းလှမြို့ သစ်ရာမြိုင်ရပ်ကွက်က ရေဘေးသင့် ပျူစောထီး မိသားစုတွေကို ကျပ် ၁၅သိန်း ပေးအပ်ခဲ့တယ်လို့ စစ်အုပ်စုက ဆိုပါတယ်။

လက်ရှိ ရေးဘေးဒုက္ခ ကြုံတွေ့နေရတဲ့ မူးမြစ်ရိုးတလျှောက် ကျေးရွာတွေဟာ အာဏာသိမ်း စစ်အုပ်စုရဲ့ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့တာ၊ လေကြောင်း ဗုံးကြဲတာတွေ နေ့စဉ် ခံစားနေရတဲ့ ဒေသဖြစ်ပြီး စစ်ဘေးဒုက္ခ သာမက ရေဘေးပါ ထပ်မံ ကြုံနေရ တာကြောင့် ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေအနေနဲ့ တတ်နိုင်တာ ဝိုင်းဝန်း ကူညီ ထောက်ပံ့ပေးကြဖို့ NUG နဲ့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်း တောင်းဆိုထားပါတယ်။

စစ်ကိုင်းတိုင်းအတွင်းရှိ ရေဘေးသင့်ပြည်သူတွေကို အမြန်ဆုံး ကူညီနိုင်ရေးနဲ့ နောက်ဆက်တွဲ ပြန်လည် ထူထောင်ရေးကိစ္စတွေ ထိရောက်စွာ လုပ်ဆောင်နိုင်ဖို့အတွက် စစ်ကိုင်းတိုင်းဒေသ သပိတ် အင်အားစုတွေကလည်း အရေးပေါ်ကူညီတုန့်ပြန်ရေးအဖွဲ့ Emergency Response Team – ERT ကို ဩဂုတ် ၈ရက်မှာ ဖွဲ့စည်းကာ ရရှိလာတဲ့ အကူအညီတွေကို ရေဘေးသင့်ပြည်သူတွေထံ တိုက်ရိုက် ရောက်ရှိစေရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်မယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

သဖန်းဆိပ်ဆည် ရေလွှတ်ထုတ်လို့ မူးမြစ်ရိုးတလျှောက်မှာရှိတဲ့ ကန့်ဘလူနယ်က ကျေးရွာ ၁၄ ရွာ၊ တန့်ဆည်နယ်က ကျေးရွာ ၂၀ ဝန်းကျင်၊ ရေဦးနယ်က မြို့ပေါ်ရပ်ကွက်တွေ အပါအဝင် ကျေးရွာ ၅၀ ကျော်၊ ခင်ဦးနယ် ရွာ ၂၀ ကျော်၊ ဒီပဲယင်းနယ်က ရွာ ၂၀ ကျော်၊ ရွှေဘိုနယ်က ရွာ ၂၀ ကျော်၊ ဝက်လက်နယ်က ကျေးရွာ ၁၇ ရွာနဲ့ အရာတော်မြို့နယ် မူးမြစ်ဘေးက ကျေးရွာတွေ၊ စုစုပေါင်း မြို့၊ရွာ ၂၀၀ ဝန်းကျင် ဩဂုတ် ၆ရက်က စတင်ကာ ရေကြီးနစ်မြုပ်နေတာ ဖြစ်ပါတယ်။

အညာ ရေဘေးသင့် ပြည်သူတွေကို ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ တော်လှန်ရေး ရဲဘော်တွေ/Photo – NUG

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မူးမြစ်သဖန်းဆိပ်ဆည် #ရေဘေးဒုက္ခ

Related Articles

Back to top button