စစ်ကိုင်းသတင်း

အညာရေဘေး သေဆုံးသူတွေ ထပ်တိုးပြီး စုစုပေါင်း ၂၀ နီးပါး ရှိလာ၊

စစ်အုပ်စုက သဖန်းဆိပ်ဆည် ရေဖောက်ချလို့ မူးမြစ်ရိုးတလျှောက် မြို့၊ရွာ ၂၀၀ ရေမြုပ်နေတာ ငါးရက် ရှိလာပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေ၊

MN/MFP ၊ ဩဂုတ် – ၁၀

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်မှာ ရေဘေးကြောင့် အမျိုးသား နှစ်ဦး ထပ်မံ သေဆုံးခဲ့ပြီး မူးမြစ်ရိုးတလျှောက် မြို့နယ် ငါးခုမှာ လေးရက်အတွင်း ရေဘေးကြောင့် သေဆုံးသူ စုစုပေါင်း ၁၅ ဦး ရှိယ်လို့ မြေပြင် သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်ကို ဆည်ရေပြည့်ကာနီးလို့ဆိုပြီး အာဏာသိမ်း စစ်အုပ်စုက ဩဂုတ် ၅ ရက်က စတင်ကာ ရေလွှတ်ထုတ်ခဲ့တာကြောင့် ဆည်အောက်ပိုင်း မူးမြစ်ရိုး တလျှောက်ရှိ ကန့်ဘလူ၊ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ရွှေဘို၊ ဒီပဲယင်း၊ ဝက်လက်နဲ့ အရာတော် စတဲ့ မြို့နယ်တွေက ကျေးရွာ ၂၀၀ ဝန်းကျင် ဩဂုတ် ၆ရက်ကတည်းက ရေကြီးနစ်မြုပ်နေတာ ဖြစ်ပါတယ်။

သဖန်းဆိပ်ဆည်ရေကြောင့် မူးမြစ်ရေကြီးကာ ဩဂုတ် ၉ရက်အထိ စုစုပေါင်း ၁၅ ဦး သေဆုံးကြောင်း အတည်ပြုထားနိုင်တယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ ဒေသခံ ပြည်သူတွေ ဖြစ်ပြီး ရုတ်တရက် ရေတက်လာတာ၊ ရေစီးကြမ်းတာတွေ ကြောင့် ရေနဲ့မျောပါ သေဆုံးကြရတာလို့ ဆိုပါတယ်။

လတ်တလော အတည်ပြုထားနိုင်တဲ့ စာရင်းအရ သေဆုံးသူတွေဟာ ဒီပဲယင်းနယ်က အမျိုးသမီး ခုနှစ်ဦး၊ တန့်ဆည်နယ်က အမျိုးသား သုံးဦး၊ ခင်ဦးနယ်က အမျိုးသမီး တစ်ဦး၊ ကန့်ဘလူမြို့နယ်က အမျိုးသား နှစ်ဦးနဲ့ ရွှေဘိုနယ်က နှစ်ဦးတို့ ဖြစ်ပါတယ်။

တန့်ဆည်မြို့နယ်မှာ ဩဂုတ် ၇ ရက်က ရွှေလှံရွာနေ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦး ရေစီးနဲ့ မျောပါ သေဆုံးခဲ့ပြီး နောက်ထပ် သာခေါင်ကြီးရွာက အသက် ၅၀ ဝန်းကျင် အမျိုးသားနဲ့ စင်းသင်းရွာက အသက် ၆၀ ကျော်အရွယ် အမျိုးသား တစ်ဦးတို့ ထပ်မံ သေဆုံးခဲ့တာကို ဩဂုတ် ၉ရက်မှာ အတည်ပြုနိုင်ခဲ့တာလို့ ဆိုပါတယ်။

“ဒီကနေ့ စာရင်းထပ်ပြီးတော့ သိရတာက တန့်ဆည်နယ်မှာ သေဆုံးသူက အမျိုးသား သုံးဦး အတည်ပြုလို့ ရပါတယ်။ ရွှေလှံရွာက တစ်ဦးနဲ့ သာဂေါင်နဲ့ စင်းသင်းရွာက အမျိုးသား နှစ်ဦးပါ။ ရုပ် အလောင်းတွေ ကတော့ ရေစီးနဲ့ပါသွားလို့ ပြန်မရပါဘူးဗျ” လို့ တန့်ဆည်နယ်တွင်း ရေဘေးသင့်သူတွေကို ကူညီကယ်ဆယ်ရေး လုပ်နေသူ တစ်ဦးက MFP ကို ပြောပါတယ်။

သဖန်းဆိပ်ဆည်ရဲ့ အထက်ဘက် ကောလင်းမြို့နယ်မှာလည်း မိုးသည်းထန်ရွာလို့ ဒေသခံပြည်သူ ခုနှစ်သောင်းနီးပါး ရေဘေးဒုက္ခကြုံနေရပြီး သုံးဦး သေဆုံးကာ နှစ်ဦး ပျောက်နေတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်း စာနာထောက်ထားရေး ဝန်ကြီးဌာန – MoSLHA က ဩဂုတ် ၉ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။

သဖန်းဆိပ်ဆည်ရေ ဖောက်ချလို့ မူးမြစ်ရိုးတလျှောက် ရေကြီးနေမြုပ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကန့်ဘလူ၊ တန့်ဆည်နဲ့ ရေဦး မြို့နယ်တွေမှာ မနေ့က နှစ်ပေခန့် ရေအနည်းငယ် ကျဆင်းနေပေမဲ့ ခင်ဦး၊ ရွှေဘို၊ ဒီပဲယင်း၊ ဝက်လက်၊ အရာတော် စတဲ့ မူးမြစ်ရိုး အောက်ပိုင်းက မြို့နယ်တွေမှာတော့ ရေပိုတိုးနေသလို မိုးလည်း အဆက်မပြတ်ရွာလို့ ရေမြုပ်တဲ့ရွာ ပိုတိုးလာနေတယ်လို့ ဆိုပါတယ်။

“မနေ့တုန်းကတော့ (ဩဂုတ်၈ရက်) ရေက နည်းနည်းလေး ကျသွားသေးတယ်။ ဒီနေ့တော့ မိုးက ရွာနေတော့ ရေက ပြန်တက်လာသလို မူးမြစ်ရေ မဝင်တဲ့ ရွာတချို့ပါ မိုးရေကြီးပြီးတော့ မြုပ်နေတာတွေ ရှိတယ်။ လက်ရှိ ခင်ဦးနယ် အနောက်ခြမ်းနဲ့ အနောက်တောင်ခြမ်းမှာ ရေနစ်မြုပ်နေတာက ကျေးရွာ ပေါင်း ၂၀ ကျော်လောက်နဲ့ လူဦးရေ နှစ်သောင်းကျော် ရေဘေးသင့်နေပါတယ်”လို့ ခင်ဦးမြို့နယ် ပကဖ တာဝန်ခံက MFP ကို ပြောပါတယ်။

ခင်ဦး၊ ရွှေဘို၊ ဒီပဲယင်း၊ ဝက်လက်၊ အရာတော် စတဲ့ မြို့နယ်တွေမှာ မိုးရွာနေတဲ့အပြင် မြစ်ရေ ဆက် တိုးနေတာကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ မနိုင်မနင်းဖြစ်နေပြီး ရေဘေးသင့် ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာ၊ သောက်သုံးရေ စတဲ့ အရေးပေါ်အကူညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။

ဒါ့အပြင် လမ်းတံတားနဲ့ တာတမံတွေ ကျိုးပေါက်နေတာကြောင့် လမ်းပန်းဆက်သွယ်‌ရေး ပိတ်ဆို့ ပြတ်တောက်ကာ သွားလာရေး ခက်ခဲတာ၊ စစ်အုပ်စုက ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက် ထားတာကြောင့် ဆက်သွယ်ပြောဆိုရေး ခက်ခဲပြီး ကူညီကယ်ဆယ်ရေးတွေ စနစ်တကျ မလုပ်နိုင်ဘဲ အညာပြည်သူတွေ ရေဘေးကို ပိုမို ခံစားနေကြရတာလို့ ဆိုပါတယ်။

သဖန်းဆိပ်ဆည် ရေဖောက်ချခဲ့တာကြောင့် မူးမြစ်ရိုးတလျှောက်မှာရှိတဲ့ ကန့်ဘလူမြို့နယ်မှာ ကျေးရွာ ၁၄ ရွာ၊ တန့်ဆည်နယ်က ကျေးရွာ ၂၀ ဝန်းကျင်၊ ခင်ဦးနယ်က ကျေးရွာ ၂၀ ကျော်၊ ဒီပဲယင်းနယ်က ကျေးရွာ ၂၀ ကျော်၊ ရွှေဘိုနယ်က ကျေးရွာ ၁၈ ရွာ၊ ဝက်လက်နယ်က ကျေးရွာ ၁၇ ရွာနဲ့ အရာတော်နယ် မူးမြစ်ကမ်းဘေးက ကျေးရွာတွေအပါဝင် စုစုပေါင်း မြို့၊ရွာ ၂၀၀ နီးပါး ရေကြီးနစ်မြုပ်နေတာ ငါးရက်ကြာရှိလာပြီး သိန်းနဲ့ချီတဲ့ပြည်သူတွေ ရေဘေးသင့်နေတာ ဖြစ်ပါတယ်။

ရေဘေးသင့်နေတဲ့ အညာ/Photo – HOHAREM၊ ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မူးမြစ်သဖန်းဆိပ်ဆည် #ရေဘေးဒုက္ခ

Related Articles

Back to top button