စစ်အုပ်စုက သဖန်းဆိပ်ဆည် ရေဖောက်ချလို့ မူးမြစ်ရိုးတလျှောက် မြို့၊ရွာ ၂၀၀ ရေမြုပ်နေတာ ငါးရက် ရှိလာပြီး သေဆုံးသူ ၁၅ဦး ရှိကာ အရေးပေါ် အကူအညီတွေ လိုအပ်နေ၊
MN/MFP ၊ ဩဂုတ် – ၁၀
Photo – ရွှေဘိုမြို့နယ် သပိတ်အင်အားစု
စစ်ကိုင်းတိုင်းအတွင်း မိုးသည်းထန် ရွာပြီး သဖန်းဆိပ်ဆည်ရေ ဖောက်ချတာကြောင့် မူးမြစ်ရိုး တလျှောက်ရှိ ကန့်ဘလူ၊ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ရွှေဘို၊ ဒီပဲယင်း၊ ဝက်လက်နဲ့ အရာတော် စတဲ့ မြို့နယ်တွေက ကျေးရွာ ၂၀၀ ဝန်းကျင် ရေကြီးနစ်မြုပ်နေတာ ငါးရက်ကြပြီ ဖြစ်ပါတယ်။
ရေဘေးကြောင့် စပါးနဲ့ သီးနှံစိုက်ခင်း အများအပြား ရေမြုပ်ပျက်စီးသလို လမ်းတံတားတွေ ကျိုးပျက်တာ၊ တာတမံနဲ့ ချောင်း၊ ကန်တွေ ကျိုးပေါက်တာ၊ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ ပြတ်တောက်တာတွေ ဖြစ်ပွားနေပါတယ်။
ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်ကို ဆည်ရေပြည့်ကာနီးလို့ဆိုပြီး အာဏာသိမ်း စစ်အုပ်စုက ဩဂုတ် ၅ ရက်က စတင်ကာ ရေလွှတ်ထုတ်ခဲ့တာကြောင့် ဆည်အောက်ပိုင်း မူးမြစ်ရိုး တလျှောက်ရှိ မြို့၊ရွာတွေ ဩဂုတ် ၆ရက်ကတည်းက ရေကြီးနစ်မြုပ်နေတာပါ။
အဲ့ဒီ သဖန်းဆိပ်ဆည်ရေကြောင့် ဩဂုတ် ၉ရက်အထိ မူးမြစ်ရိုးတလျှောက် မြို့၊ရွာတွေက ဒေသခံ ပြည်သူ စုစုပေါင်း ၁၅ ဦး သေဆုံးကြောင်း အတည်ပြုထားနိုင်တယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ ဒီပဲယင်းနယ်က အမျိုးသမီး ခုနှစ်ဦး၊ တန့်ဆည်နယ်က အမျိုးသား သုံးဦး၊ ခင်ဦးနယ်က အမျိုးသမီး တစ်ဦး၊ ကန့်ဘလူမြို့နယ်က အမျိုးသား နှစ်ဦးနဲ့ ရွှေဘိုနယ်က နှစ်ဦးတို့ ဖြစ်ပြီး ရုတ်တရက် ရေတက်လာတာ၊ ရေစီးကြမ်းတာတွေ ကြောင့် ရေနဲ့မျောပါ သေဆုံးကြရတာလို့ ဆိုပါတယ်။
တန့်ဆည်မြို့နယ်အတွင်း ရေဘေးကြောင့် သေဆုံးသူ သုံးဦးစလုံးရဲ့ ရုပ်အလောင်းတွေ ပြန်လည် ဆယ်ယူနိုင်တာ မရှိသေးဘူးလို့ တန့်ဆည်နယ်တွင်း ရေဘေးသင့်သူတွေကို ကူညီကယ်ဆယ်ရေး လုပ်နေသူ တစ်ဦးက MFP ကို ပြောပါတယ်။
သဖန်းဆိပ်ဆည်ရေ ဖောက်ချလို့ မူးမြစ်ရိုးတလျှောက် ရေကြီးနေမြုပ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကန့်ဘလူ၊ တန့်ဆည်နဲ့ ရေဦး မြို့နယ်တွေမှာ ရေအနည်းငယ် ကျဆင်းပေမဲ့ ခင်ဦး၊ ရွှေဘို၊ ဒီပဲယင်း၊ ဝက်လက်၊ အရာတော် စတဲ့ မူးမြစ်ရိုး အောက်ပိုင်းက မြို့နယ်တွေမှာတော့ ရေပိုတိုးနေသလို မိုးလည်း အဆက်မပြတ် ရွာလို့ ရေမြုပ်တဲ့ရွာ ပိုတိုးလာနေတယ်လို့ ဆိုပါတယ်။
ခင်ဦး၊ ရွှေဘို၊ ဒီပဲယင်း၊ ဝက်လက်၊ အရာတော် စတဲ့ မြို့နယ်တွေမှာ မိုးရွာနေတဲ့အပြင် မြစ်ရေ ဆက်တိုး နေတာကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ မနိုင်မနင်းဖြစ်နေပြီး ရေဘေးသင့် ပြည်သူတွေ အတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာ၊ သောက်သုံးရေ စတဲ့ အရေးပေါ်အကူညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။
ဒါ့အပြင် လမ်းတံတားနဲ့ တာတမံတွေ ကျိုးပေါက်နေတာကြောင့် လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ ပြတ်တောက်ကာ သွားလာရေး ခက်ခဲတာ၊ စစ်အုပ်စုက ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက် ထားတာကြောင့် ဆက်သွယ်ပြောဆိုရေး ခက်ခဲပြီး ကူညီကယ်ဆယ်ရေးတွေ စနစ်တကျ မလုပ်နိုင်ဘဲ အညာပြည်သူတွေ ရေဘေးကို ပိုမို ခံစားနေကြရတာလို့ ဆိုပါတယ်။
သဖန်းဆိပ်ဆည် ရေဖောက်ချခဲ့တာကြောင့် မူးမြစ်ရိုးတလျှောက်မှာရှိတဲ့ ကန့်ဘလူမြို့နယ်မှာ ကျေးရွာ ၁၄ ရွာ၊ တန့်ဆည်နယ်က ကျေးရွာ ၂၀ ဝန်းကျင်၊ ခင်ဦးနယ်က ကျေးရွာ ၂၀ ကျော်၊ ဒီပဲယင်းနယ်က ကျေးရွာ ၂၀ ကျော်၊ ရွှေဘိုနယ်က ကျေးရွာ ၁၈ ရွာ၊ ဝက်လက်နယ်က ကျေးရွာ ၁၇ ရွာနဲ့ အရာတော်နယ် မူးမြစ်ကမ်းဘေးက ကျေးရွာတွေအပါဝင် စုစုပေါင်း မြို့၊ရွာ ၂၀၀ နီးပါး ရေကြီးနစ်မြုပ်နေတာ ငါးရက်ကြာရှိလာပြီး သိန်းနဲ့ချီတဲ့ပြည်သူတွေ ရေဘေးသင့်နေတာ ဖြစ်ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



