
လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်လို့ ကယ်ဆယ်ရေး မရောက်တဲ့ ကျေးရွာတွေ ရှိနေပြီး စားနပ်ရိက္ခာနဲ့ အရေးပေါ် အကူအညီတွေ လိုအပ်နေ၊
သုထက်/MFP၊ သြဂုတ် – ၁၀
စစ်ကိုင်းတိုင်းအတွင်း သဖန်းဆိပ်ဆည် ရေလျှံမှုကြောင့် မူးမြစ်ရိုးတလျှောက်ရှိ မြို့၊ရွာ ၂၀၀ နီးပါး ရေကြီး နစ်မြုပ်နေတာ ငါးရက်ကြာ ရှိလာပြီး ကူညီကယ်ဆယ်ရေးတွေ မနိုင်မနင်း ဖြစ်နေကာ စားနပ်ရိက္ခာနဲ့ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီ ကယ်ဆယ်ရေး လုပ်ဆောင် နေသူတွေက MFP ကို ပြောပါတယ်။
သဖန်းဆိပ်အောက်ဘက် မူးမြစ်ရိုးတလျှောက်ရှိ ကန့်ဘလူ၊ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း၊ ရွှေဘို၊ အရာတော်၊ ဝက်လက်၊ စတဲ့ မြို့နယ်တွေ ဩဂုတ် ၆ရက်က စတင်ကာ ရေကြီးနစ်မြုပ်မှုဒဏ် ခံနေကြရတာ ဖြစ်ပါတယ်။
လမ်းတံတားတွေ ရေစီးနဲ့ မျောပါ ပျက်စီးတာ၊ ရေမြုပ်တာတွေကြောင့် သွားလာရေး ခက်ခဲနေပြီး ကူညီ ကယ်ဆယ်ရေးအဖွဲ့တွေ မသွားရောက်နိုင်တဲ့ ကျေးရွာတွေ အများအပြား ကျန်ရှိနေသလို ရေဘေးဒုက္ခသည်တွေထံ စားနပ်ရိက္ခာ ပို့ဆောင်ရာမှာလည်း ကား၊ လှည်း၊ လှေ အဆင့်ဆင့် အသုံးပြုရလို့ ခရီးမတွင်ဘဲ ခက်ခဲနေတယ်လို့ ရွှေဘိုနယ်ထဲ ရေဘေး ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူ ဆရာမခင်က MFP ကို ပြောပါတယ်။

“ကျမတို့ ကူကယ်ရေး လုပ်တဲ့နေရာ အခက်အခဲ အများကြီး ရှိတယ်၊ ဒုက္ခရောက်သူက များပြီး ကယ်ဆယ်ရေး လုပ်တဲ့သူက နည်းနေတော့ ဝေငှတဲ့ နေရာမှာ မလုံလောက်ဘဲ ဖြစ်နေတယ်၊ တစ်မိသားစုမှ ရေတစ်ဗူး၊ ခေါက်ဆွဲခြောက်တစ်ထုတ် ကူရတဲ့ အနေထားတွေ ရှိနေတော့ စိတ်မကောင်း ဖြစ်မိတယ်”
အာဏာသိမ်း စစ်အုပ်စုက သဖန်းဆိပ်ဆည်ရေ ဖောက်ချလို့ ရေဘေးသင့်နေတဲ့ မူးမြစ်ရိုးတလျှောက် ဒေသတွေဟာ တော်လှန်ရေး အားကောင်းတဲ့ နယ်မြေဖြစ်နေတာကြောင့်လည်း ကူညီသူနည်းပါးပြီး ရေဘေးသင့်ပြည်သူတွေ စားနပ်ရိက္ခာ မလုံလောက်မှုတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက လူသတ်၊ လုယက်၊ မီးရှို့လို့ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေပါ ရေဘေးဒဏ် ထပ်မံ ခံစားကြရတာကြောင့် စားသောက်နေထိုင်ရေးနဲ့ အရေးပေါ် အကူအညီတွေ ပိုမို လိုအပ်နေတယ်လို့ ရွှေဘိုနဲ့ ဒီပဲယင်းနယ်ထဲ ရေဘေးကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

လက်ရှိမှာ မူးမြစ်ရိုးတလျှောက်ရှိ ရေဘေးသင့်ပြည်သူတွေကို ဒေသခံ တော်လှန်ရေးအဖွဲ့တွေ၊ လူသားစာနာ အဖွဲ့တွေ၊ သပိတ်အဖွဲ့တွေ ပူးပေါင်း ချိတ်ဆက်ကာ ရသလောက် ကူညီ နေကြတယ်လို့လည်း ဆရာမခင်က ဆိုပါတယ်။
ရေနစ်မြုပ်တဲ့ မြို့နယ်တွေမှာ စပါး၊ ပဲစင်းငုံ၊ မြေပဲ စတဲ့ သီးနှံစိုက်ခင်းတွေလည်း ဧက သောင်းနဲ့ချီ ရေမြုပ်နေပြီး ပျက်စီးဆုံးရှုံးမှုက အလွန်များပြားတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက သဖန်းဆိပ်ဆည်ရေ ဖောက်ချတာကြောင့် မူးမြစ်ရိုးတလျှောက် မြို့၊ရွာတွေ ရေဘေးသင့်ကာ ဩဂုတ် ၉ရက်အထိ ဒေသခံ ပြည်သူ စုစုပေါင်း ၁၅ ဦး သေဆုံးကြောင်း အတည်ပြုထားနိုင်တယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ ဒီပဲယင်းနယ်က အမျိုးသမီး ခုနှစ်ဦး၊ တန့်ဆည်နယ်က အမျိုးသား သုံးဦး၊ ခင်ဦးနယ်က အမျိုးသမီး တစ်ဦး၊ ကန့်ဘလူမြို့နယ်က အမျိုးသား နှစ်ဦးနဲ့ ရွှေဘိုနယ်က နှစ်ဦးတို့ ဖြစ်ပြီး ရုတ်တရက် ရေတက်တာ၊ ရေစီးကြမ်းတာတွေကြောင့် ရေနဲ့မျောပါ သေဆုံးကြရတာလို့ ဆိုပါတယ်။

သဖန်းဆိပ်ဆည် ရေဖောက်ချခဲ့တာကြောင့် မူးမြစ်ရိုးတလျှောက်မှာရှိတဲ့ ကန့်ဘလူမြို့နယ်မှာ ကျေးရွာ ၁၄ ရွာ၊ တန့်ဆည်နယ်က ကျေးရွာ ၂၀ ဝန်းကျင်၊ ခင်ဦးနယ်က ကျေးရွာ ၂၀ ကျော်၊ ဒီပဲယင်းနယ်က ကျေးရွာ ၂၀ ကျော်၊ ရွှေဘိုနယ်က ကျေးရွာ ၁၈ ရွာ၊ ဝက်လက်နယ်က ကျေးရွာ ၁၇ ရွာနဲ့ အရာတော်နယ် မူးမြစ်ကမ်းဘေးက ကျေးရွာတွေအပါဝင် စုစုပေါင်း မြို့၊ရွာ ၂၀၀ နီးပါး ရေကြီးနစ်မြုပ်နေတာ ငါးရက်ကြာရှိလာပြီး သိန်းနဲ့ချီတဲ့ပြည်သူတွေ ရေဘေးသင့်နေတာ ဖြစ်ပါတယ်။
လက်ရှိ ရေးဘေးဒုက္ခ ကြုံတွေ့နေရတဲ့ မူးမြစ်ရိုးတလျှောက် ကျေးရွာတွေဟာ အာဏာသိမ်း စစ်အုပ်စုရဲ့ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့တာ၊ လေကြောင်း ဗုံးကြဲတာတွေ နေ့စဉ် ခံစားနေရတဲ့ ဒေသဖြစ်ပြီး စစ်ဘေးဒုက္ခ သာမက ရေဘေးပါ ထပ်မံ ကြုံနေရ တာကြောင့် ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေအနေနဲ့ တတ်နိုင်တာ ဝိုင်းဝန်း ကူညီ ထောက်ပံ့ပေးကြဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG နဲ့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်း တောင်းဆိုထားပါတယ်။


အညာ ရေဘေးသင့် ပြည်သူတွေကို ကူညီကယ်ဆယ်ရေး လုပ်နေစဉ်/Photo –တော်လှန်ရေး အင်အားစု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



