စစ်ကိုင်းသတင်း

မုံရွာ ချောင်းဦးမှာ စစ်အုပ်စုက ရွာတွေပေါ် ဗုံးပတ်ကြဲ၊

အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း စစ်ကိုင်းတိုင်းမှာ အဆိုးဆုံး ရေဘေး ကြုံနေပေမဲ့ စစ်အုပ်စုက ဗုံးကြဲမပျက်၊

MN/MFP ၊ ဩဂုတ် – ၁၀

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတွေအပေါ် ဒီကနေ့ ညနေပိုင်း အာဏာသိမ်း စစ်အုပ်စုက ဂျိုင်ရိုကော်ပတာ လေးစီးနဲ့ ဗုံးပတ်ကြဲလို့ ဒေသခံပြည်သူ အမျိုးသား တစ်ဦး ဒဏ်ရာရကာ အိမ် သုံးလုံး ပျက်စီးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဩဂုတ် ၁၀ ရက် ဒီကနေ့ ညနေ ၅ နာရီဝန်းကျင် မုံရွာမြို့ရှိ စစ်အုပ်စုရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ က တက်လာတဲ့ ဂျိုင်ရိုကော်ပတာ လေးစီးနဲ့ ချောင်းဦးမြို့နယ် တောင်ခြမ်းရှိ ကျေးရွာတွေပေါ် တိုက်ပွဲမရှိဘဲ လေးကြိမ် ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ချောင်းဦးတောင်ဘက်ခြမ်းက ရွာတွေကို (လေကြောင်း) ချတာ။ အဲဒီမှာ မင်းခေါင်ရွာထဲကို (ဗုံး) နှစ်လုံး ကျတယ်။ ကျန်တာတွေကတော့ အနီးပတ်ဝန်းကျင်ကို ကျတာ။ ရွာထဲကျတဲ့ ဗုံးသီးစက အမျိုးသား တစ်ဦး ထိမှန်ပြီးတော့ ပြင်းထန်ဒဏ်ရာ ရသွားတယ်။ လက်ရှိကတော့ ဆေးဝါးကုသမှု ခံယူနေပါတယ်” လို့ ချောင်းဦးနယ်ခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

ဒါ့အပြင် ဗုံးဒဏ်ကြောင့် နေအိမ်သုံးလုံးလည်း ပျက်စီးတယ်လို့ ဆိုပါတယ်။

ချောင်းဦးနဲ့ ထိစပ်နေတဲ့ အရာတော်၊ မြင်းမူ စတဲ့ မြို့နယ်တွေက ပြည်သူတွေမှာ အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း အဆိုးရွားဆုံး ရေဘေးဒုက္ခ ကြုံနေရပေမဲ့ စစ်အုပ်စုက ပြည်သူကို ပတ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေ မရပ်မနား ဆက်လက် ကျူးလွန်နေတာ ဖြစ်ပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ချောင်းဦးနယ် အပါအဝင် စစ်ကိုင်းတိုင်းထဲ ပြည်သူကို ပစ်မှတ်ထားတဲ့ ဗုံးကြဲသတ်ဖြတ်မှုတွေ နေ့စဉ် ကျူးလွန်နေတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေဓဝါရီကနေ ၂၀၂၆ ခုနှစ် ဇွန်လကုန်အထိ စစ်အုပ်စုက နိုင်ငံတဝန်းရှိ စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားပြည်သူ နေထိုင်ရာ နေရာတွေကို လေကြောင်းဗုံးကြဲ ပစ်ခတ်မှု ၁၂,၈၉၆ ကြိမ် ကျူးလွန်ခဲ့ရာ အရပ်သား ပြည်သူ ၅,၈၄၆ ဦး သေဆုံးပြီး စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ ဘာသာရေး အဆောက်အအုံတွေ အပါအဝင် အရပ်သားပိုင် အဆောက်အအုံ ၁,၄၄၈ ခု ပျက်စီး တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG၊ လူ့အခွင့်အရေဆိုင်ရာ ဝန်ကြီးဌာန- MOHR က ဇူလိုင်လဆန်းမှာ ထုတ်ပြန်ထားပါတယ်။

ချောင်းဦးမြို့နယ် ကျေးရွာတွေကို ဩဂုတ် ၁၀ရက် ညနေပိုင်း အာဏာသိမ်း စစ်အုပ်စုက ဂျိုင်အိုကော်ပတာနဲ့ ဗုံးကြဲခဲ့စဉ်/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #ချောင်းဦး #မုံရွာ

Related Articles

Back to top button