
တန့်ဆည်မှာတင် စစ်ရှောင်တဲ ထောင်ချီ ရေမျောပါပြီး အိမ်မွေးတိရစ္ဆာန်တွေလည်း မျောပါ သေဆုံး၊
MN/MFP ၊ ဩဂုတ် – ၁၀
စစ်ကိုင်းတိုင်းထဲ မိုးသည်းထန် ရွာသွန်းချိန် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်ကနေ ရေလွှတ်ထုတ်တာကြောင့် ဆည်ရဲ့ အောက်ဘက် မူးမြစ်ရိုးတလျှောက် ခိုလုံနေထိုင်ကြတဲ့ စစ်ဘေးရှောင် ပြည်သူတွေရဲ့ ထောင်နဲ့ချီတဲ့ တဲတွေ ရေမျောပါ ပျက်စီး၊ နစ်မြုပ်ကာ စစ်ရှောင်တွေ နှစ်ထပ်ကွမ်း ဒုက္ခ ရောက်နေကြရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတွေက MFP ကို ပြောပါတယ်။
စစ်အုပ်စုက ပြည်သူကို အသိမပေးဘဲ သဖန်းဆိပ်ဆည်ကနေ ဩဂုတ် ၅ ရက်နဲ့ ၆ ရက်မှာ ရုတ်တရက် ရေ လွှတ်ထုတ်တာကြောင့် ဆည်အောက်ပိုင်း မူးမြစ်ရိုးတလျှောက်ရှိ တန့်ဆည်၊ ခင်ဦး၊ ဒီပဲယင်း၊ ရွှေဘို၊ ဝက်လက် စတဲ့ မြို့နယ်တွေက ရွာ ၂၀၀ နီးပါး ရေဘေးသင့်ကာ လူ သေဆုံးမှုတွေပါ ကြုံနေရတာ ဖြစ်ပါတယ်။
သဖန်းဆိပ်ဆည်ရေ ဖောက်ချတာကြောင့် တန့်ဆည်မြို့နယ် တစ်ခုတည်းမှာကိုပဲ မူးမြစ်ကမ်းမှာ နေထိုင်တဲ့ စစ်ဘေးရှောင် ပြည်သူတွေရဲ့ ထောင်နဲ့ချီတဲ့ ယာယီတဲတွေ ရေစီးမျောပါ ပျက်စီးသလို စားအိုးစားခွက်၊ အဝတ်အထည်တွေနဲ့ နွား၊ ကြက်၊ ဝက်စတဲ့ အိမ်မွေးတိရစ္ဆာန်တွေလည်း ရေစီးနဲ့ မျောပါသွားတယ်လို့ တန်ဆည်နယ်ရှိ ရေဘေးသင့် စစ်ရှောင်ပြည်သူ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။

“အခက်အခဲတွေကတော့ ဘယ်ကစပြီး ပြောလို့ ပြောရမှန်းကို မသိတော့ပါဘူး။ တောထဲ တဲတွေ အကုန်လုံးက ရေတွေထဲ ပါသွားကုန်ပြီ။ အခုတော့ လူတွေက သစ်ပင်တွေအောက်မှာ အကုန်လုံး နေနေကြရတာ။ အမိုးအကာတွေကလည်း မလုံလောက်ဘူး။ ရေကြီးချိန် ဘာမှကို မရလိုက်ဘူး။ တိရစ္ဆာန်က အစ သစ်သီးသစ်ပင်အဆုံး ဘာမှကို မရလိုက်ဘူး။ ခြုံဝတ် ခြုံစက အစ ဘာမှကို မရလိုက်ကြသူက များတယ်။ ရေထဲ ပါသွားတဲ့အိမ်က ပါ၊ ကျန်ခဲ့တဲ့အိမ်တွေကလည်း ရေတွေထဲမှာ မြုပ်နေတုန်း ရှိသေးတယ်။ ကျွန်မတို့က ရွာမှာ နေမရလို့ တောထဲမှာ တဲလေးတွေ ထိုးပြီးတော့ စစ်ရှောင် နေကြတာ။ အခုတော့ နေရတဲ့ တဲလေးတွေက ရေထဲမှာ ပါတဲ့ဟာက ပါ၊ ကျန်တဲ့ဟာကလည်း အကုန်လုံး မြုပ်နေတာ။ နောက်ပြီးတော့ သီးနှံစိုက်ထားတဲ့ ယာခင်းတွေရော၊ လယ်တွေရော အကုန် မြုပ်နေတာ။ အခုက ရေပြင်ချည်းပဲ ကျန်ခဲ့တော့တာ။ အခု လောလောဆယ်မှာတော့ ဘယ်ကမှ အကူအညီ မရှိသေးဘူး။ NUG ဘက်ကပဲ အကူအညီ ရောက်ခဲ့သေးတာ။ အခုက အလှူရှင်တွေ လာ လှူကြဖို့တော့ မျှော်နေတာပ။ ဘယ်ကနေပဲ လာလှူလှူပေါ့”လို့ တန့်ဆည်နယ်မြောက်ခြမ်းနေ ရေဘေးသင့် စစ်ရှောင်အမျိုးသမီးက ပြောပါတယ်။
စစ်ဘေးနဲ့ ရေဘေးသင့် ပြည်သူတွေဟာ ရေလွတ်တွေမှာ ဖြစ်သလို နေထိုင်ကြရပြီး စားနပ်ရိက္ခာ၊ အမိုးအကာ၊ သောက်သုံးရေ စတဲ့ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ တန်ဆည်နယ်ထဲ မြေပြင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။
“စစ်ဘေးရှောင်တဲတွေက ရေထဲ မျောပါသွားတာ အတော်များတယ်ဗျ။ လောလောဆယ်မှာတော့ စာရင်း အတိအကျ ကောက်လို့ မရသေးဘူး။ (တန့်ဆည်) မြောက်ခြမ်းနဲ့ အရှေ့တောင်ခြမ်းဘက် အားလုံး ပေါင်းလိုက်ရင် ထောင်ဂဏန်းလောက်တော့ ရှိနိုင်တာပေါ့။ ချောင်းရေတွေရော အပေါ်က တက်လာတဲ့ ရေတွေရောဆိုတော့ စစ်ရှောင်တဲတွေက အတော်များများ အကုန်ပါသွားတာ။ အခု လောလောဆယ်မှာတော့ စစ်ရှောင်တွေက စားနပ်ရိက္ခာ၊ အမိုးအကာတွေနဲ့ သောက်သုံးရေ လိုအပ် နေပါတယ်ဗျ”

တန့်ဆည်နယ်ဟာ သဖန်းဆိပ်ဆည်နဲ့ အနီးဆုံးမှာ တည်ရှိတာကြောင့် ဆည်ရေလွှတ်ချချိန် စစ်ဘေးရှောင် ပြည်သူတွေနေထိုင်တဲ့ နေအိမ်နဲ့ ယာယီတဲ အလုံးရေ ထောင်ဂဏန်းဟာ ရေစီးအရှိန်နဲ့ ရုတ်တရက် မျောပါသွားခဲ့တာကြောင့် ဆန်၊ဆီ စတဲ့ စားနပ်ရိက္ခာတွေ ယူဆောင်ချိန် မရလိုက်ဘဲ ကိုယ်လွတ်ရုံး ထွက်ပြေးခဲ့ကြရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ရှောင်ပြည်သူတွေ မွေးမြူထားတဲ့ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ လယ်ယာသုံး နွားတွေပါ ရေစီး မျောပါ သေဆုံးတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။
လက်ရှိမှာ တန့်ဆည်နယ် ကျေးရွာ ၁၀ ရွာကျော် ရေကြီးနစ်မြုပ်နေဆဲ ဖြစ်ပြီး စစ်ဘေးရှောင် အပါအဝင် ရေဘေးသင့် ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ဆေးဝါးနဲ့ အမိုးအကာတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဆိုပါတယ်။

အလားတူ ရွှေဘို၊ ခင်ဦး၊ ဒီပဲယင်းနဲ့ ဝက်လက်မြို့နယ်တွေထဲရှိ စစ်ဘေးရှောင်တဲတွေ၊ မန္တလေးတိုင်း အပါအဝင် တခြား ဒေသတွေကနေ အညာဒေသကို စစ်ဘေးတိမ်းရှောင် လာရောက်နေထိုင်ကြရတဲ့ ပြည်သူတွေရဲ့ ယာယီတဲတွေလည်း ရေနစ်မြုပ်ပျက်စီးတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
“စစ်ဘေးရှောင် တဲတွေကတော့ အတော်များများ မြုပ်ကြတယ်ဗျ။ လက်ရှိမှာတော့ သူတို့ကို ဘုန်းကြီးကျောင်းတွေနဲ့ ဘေးလွတ်ရာတွေမှာ ရွှေ့ပြောင်း ပေးထားရတယ်။ စစ်ရှောင်တဲတွေကတော့ အကုန် ပြန်ဆောက်ပေးရမှာပါ။ ဘာကြောင့်ဆို ဒေသခံတွေကတော့ ကိုယ့်အိမ်ကိုယ် ရေပြန်ကျသွားရင် နေလို့ ရတယ်လေ။ စစ်ရှောင်တွေကတော့ အိုး၊ခွက်၊ပန်းကန် ကအစ ခြင်ထောင်အဆုံး အကုန်ပြန် ထူထောင် ပေးရမှာပါ”လို့ ရွှေဘိုနဲ့ ဒီပဲယင်းနယ်ထဲက စစ်ရှောင်ပြည်သူတွေကို ကူညီထောက်ပံ့ပေးနေသူ တစ်ဦးက ပြောပါတယ်။
ရေဘေးကြောင့် ရွှေဘိုနယ်အနောက်ခြမ်းရှိ စစ်ဘေးရှောင်ပြည်သူတွေရဲ့ ယာယီတဲ အလုံးရေ ထောင်ချီ ရေနစ်မြုပ် ပျက်စီးတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တာဝန်ရှိသူကလည်း MFP ကို ပြောပါတယ်။
“ရွှေဘိုအနောက်ခြမ်းမှာ စစ်ဘေးရှောင်ပြည်သူ ဦးရေကတော့ ခန့်မှန်း ၁၅,၀၀၀ လောက် ရှိပါတယ်ဗျ။ အရေအတွက် ကတော့ ကိန်းသေ မရှိဘူးပေါ့ဗျာ။ တိုးလိုက် လျော့သွားလိုက်နဲ့ပေါ့။ စစ်ဘေးရှောင် တဲတွေကတော့ ခန့်မှန်းခြေ ၇၀၀ နဲ့ ၁၀၀၀ ကြားမှာ (ရေနစ်မြုပ်) ပျက်စီးဆုံးရှုံးပါတယ်ဗျ”

ရွှေဘိုနဲ့ နယ်မြေချင်းထိစပ်နေတဲ့ ဝက်လက်မြို့နယ် အနောက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင် ပြည်သူတွေရဲ့ ယာယီတဲတွေလည်း ရေနစ်မြုပ်ပျက်စီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ မူးမြစ်ရိုးတလျှောက် ကျေးရွာ ၂၀၀ နီးပါး ရေကြီးနစ်မြုပ်မှုတွေ ဆက်လက် ဖြစ်ပွားနေသလို ကူညီ ကယ်ဆယ်ရေးတွေလည်း မနိုင်မနင်း ဖြစ်နေကာ လူသေဆုံးမှုတွေလည်း တိုးလာနေပါတယ်။
အညာဒေသ ရေဘေးသင့် ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ သောက်သုံးရေ၊ အမိုးအကာ စတဲ့ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ မြေပြင်မှာ ကူညီ ကယ်ဆယ်ရေး လုပ်ဆောင် ပေးနေသူတွေက MFP ကို ပြောဆိုထားပါတယ်။
စစ်ကိုင်းတိုင်းအတွင်း မြို့နယ် ၁၀ ကျော်မှာ ဩဂုတ် ၆ရက်က စတင်ကာ ရေဘေးကြုံနေရပြီး သေဆုံးသူ ၁၅ ဦး၊ ပျောက်ဆုံးနေသူ နှစ်ဦးနဲ့ ရေဘေးသင့် လူဦးရေ နှစ်သိန်းကျော် ရှိတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ- NUG၊ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန ( MoSLHA ) က သြဂုတ် ၉ရက်မှာ ထုတ်ပြန်ထားပါတယ်။
လက်ရှိ ရေးဘေးဒုက္ခ ကြုံတွေ့နေရတဲ့ မူးမြစ်ရိုးတလျှောက် ကျေးရွာတွေဟာ အာဏာသိမ်း စစ်အုပ်စုရဲ့ စစ်ကြောင်းထိုး၊ လူသတ်၊ လုယက်၊ မီးရှို့တာ၊ လေကြောင်း ဗုံးကြဲတာတွေ နေ့စဉ် ခံစားနေရတဲ့ ဒေသ ဖြစ်ပြီး စစ်ဘေးဒုက္ခ သာမက ရေဘေးပါ ထပ်မံ ကြုံနေရတာကြောင့် ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေ အနေနဲ့ တတ်နိုင်တာ ဝိုင်းဝန်း ကူညီ ထောက်ပံ့ပေးကြဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်း တောင်းဆို ထားပါတယ်။

စစ်အုပ်စုက သဖန်းဆိပ်ဆည်ရေ ဖောက်ချလို့ မူးမြစ်ရိုးရှိ စစ်ရှောင်တဲတချို့ ရေမြုပ်နေစဉ်/Photo – တော်လှန်ရေး အင်အားစု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



