
ရွှေဘိုမြို့နယ်မှာတင် ရွာ ၂၅ ရွာက လူ နှစ်သောင်းကျော် ရေဘေးသင့်နေပြီး ဆေးဝါးနဲ့ အစားအသောက် အရေးပေါ် လို၊
ကိုသူ / MFP၊ ဩဂုတ် – ၁၁
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မူးမြစ်ရိုးရှိ ရေကြီးနစ်မြုပ်နေတဲ့ ကျေးရွာတွေအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေကို ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ ရဲဘော်တစ်ဦး ဩဂုတ် ၁၀ရက်က မြွေကိုက် (ပိုးထိ) လို့ အသက်ဆုံးပါးခဲ့ရတယ်လို့ နီးစပ်သူတွေက MFP ကို ပြောပါတယ်။
ဩဂုတ် ၁၀ရက်က မနေ့က နေ့လည်ပိုင်း ရွှေဘိုမြို့နယ်၊ တည်သီးတောကျေးရွာမှာ ရေဘေးသင့် ပြည်သူတွေကို ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ ရွှေဘိုမြို့နယ် ပကဖ က လူငယ်ရဲဘော်တစ်ဦး မြွေကိုက် (ပိုးထိ) လို့ အသက်ဆုံးပါးခဲ့ရတာလို့ ဆိုပါတယ်။
မြွေကိုက်ခံရချိန် မြွေဆိပ်ဖြေဆေး အလွယ်တကူ မရရှိတာနဲ့ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ ပြတ်တောက်နေလို့ ဆေးရုံဆေးခန်းရှိရာ အချိန်မီ မသွားရောက်နိုင်တာကြောင့် ဆုံးပါးရတာ ဖြစ်တယ်လို့ စစ်ကိုင်း ဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ – လူသားချင်းစာနာကူညီရေး၊ ပြန်လည် ထူထောင်ရေးနှင့် အရေးပေါ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန – ရွှေဘိုမြို့နယ် လူသားချင်း စာနာ ကူညီရေး အဖွဲ့ဝင် ဦးအောင်ခိုင်က ပြောပါတယ်။
“ရေထဲပါလာတဲ့ ပိုးထိလို့ ဆုံးသွားတာ။ ခြေထောက်ကိုက်တာ”

ရွှေဘိုမြို့နယ်ထဲ ရေဘေးကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ ပကဖ ရဲဘော်နဲ့ ရေဘေးသင့် ပြည်သူတချို့ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပိုးထိလူနာတွေ ရှိခဲ့ပြီး မြွေဆိပ်ဖြေဆေး အရေးပေါ် လိုအပ်နေတယ်လို့ ရွှေဘိုမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။
“ပိုးထိထားတဲ့ ပြည်သူ၊ ရဲဘော်တွေ ရှိပါတယ်ဗျ။ လမ်းပိုင်း ပြတ်တောက်သွားတာ ဖြစ်တဲ့အတွက် သွားရေး လာရေး ခက်ခဲသွားပါတယ်။ လောလောဆယ်မှာ ကျွန်တော်တို့ဆီမှာ ရှိထားတဲ့ မြွေဆိပ် ဖြေဆေးတွေနဲ့ ကုသမှု ပေးထားပါတယ်ဗျ။ မြွေဆိပ်ဖြေဆေးတွေလည်း ထပ်ပြီးတော့ လိုအပ်နေပါ တယ်ဗျ”
စစ်ကိုင်းတိုင်းအတွင်း မိုးသည်းထန် ရွာသွန်းချိန် အာဏာသိမ်း စစ်အုပ်စုက ဩဂုတ် ၅ရက်နဲ့ ၆ရက်တွေမှာ သဖန်းဆိပ်ဆည်ရေ ဖောက်ချတာကြောင့် ရွှေဘိုနယ် အပါအဝင် ဆည်ရဲ့ အောက်ဘက် မူးမြစ်ရိုး တလျှောက်ရှိ မြို့၊ရွာ ၂၀၀ ကျော် ဩဂုတ် ၆ရက်က စတင်ကာ ရေကြီးနစ်မြုပ်နေတာ ဖြစ်ပါတယ်။
ရွှေဘိုမြို့နယ် တနယ်တည်းမှာတင်ပဲ မူးမြစ်ရိုးတလျှောက်ရှိ ကြောင်ရှာတော၊ ရေကြည်ဝ၊ ထူးကြီး၊ တည်ပင်၊ သန်းတော၊ သံပုရာခြံ၊ မအူပင်၊ ရုံးတော၊ ညောင်ကိုင်း၊ ညောင်ပင်လှ၊ သောင်ထွဋ်ကိုင်း၊ ကူတိုးဆိပ်၊ ရေတော်မူ၊ ဝန်းစည်၊ သပွတ္တော၊ မင်းပေး၊ တညင်းကုန်း၊ တည်သီးတော စတဲ့ ကျေးရွာ ၂၅ ရွာက လူဦးရေ နှစ်သောင်းကျော် ရေဘေးအန္တရာယ် ကြုံနေရကာ စားနပ်ရိက္ခာ အပါအဝင် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။
ရွှေဘိုမြို့နယ်ရှိ ရေဘေးသင့်ပြည်သူတွေထဲ အသက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်မိခင်၊ ကလေးငယ်နဲ့ နားမကျန်းဖြစ်သူ ထောင်ချီ ပါဝင်ပြီး ဆေးဝါးနဲ့ အစားအသောက်တွေ အရေးပေါ် လိုအပ်နေတယ်လို့ ရွှေဘိုမြို့နယ် လူသားချင်းစာနာကူညီရေးအဖွဲ့ဝင် ဦးအောင်ခိုင်က ပြောပါတယ်။
“ရိက္ခာခြောက်တွေ၊ ဆေးဝါးတွေ၊ မိုးကာတွေ လိုတယ်”
ရေတွင်းနဲ့ အိမ်သာတွေလည်း ရေနစ်မြုပ်နေတာကြောင့် သောက်သုံးရေ၊ အိမ်သာသုံးပစ္စည်း၊ အမျိုးသမီး အသုံးအဆောင် ပစ္စည်းတွေလည်း လိုအပ်နေတယ်လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။
“အခုကာလက အင်တာနက်လည်း မရှိဘူးဗျ၊ ရုပ်မြင်သံကြားလည်း ရှိတာ မဟုတ်ဘူး၊ ဝယ်ထားတောင် ဆိုလာ (Solar) မရှိလို့ မကြည့်နိုင်ဘူး၊ လျှပ်စစ်မီး မရတာကြာပြီ။ (ဆည်ရေဖောက်ချမယ့်အကြောင်း) ဘာ လော် (လော်စပီကာ)နဲ့ အော်တာ မရှိဘူးဗျ၊ ဒီအတိုင်း ဖောက်ချလိုက်တာ။ ဆည်အောက်က ရွာတွေက ဝါးလုံးသိမ်းလိုက်သလို ဖြစ်ကုန်တာ။ ဘာမှ မယူခဲ့နိုင်ဘူး၊ ဒီအတိုင်း ရေကူးလာရတာ”
စစ်ကိုင်းတိုင်းအတွင်း မိုးရွာသွန်းတာနဲ့ ဆည်ရေဖောက်ချတာကြောင့် ရွှေဘို၊ ဒီပဲယင်း၊ ကန့်ဘလူမြို့နယ်၊ ကျွန်းလှ၊ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ အရာတော်၊ ဗန်းမောက်၊ ကောလင်း၊ စတဲ့ မြို့နယ် ၁၁ မြို့နယ်ရှိ အိမ်ခြေ ၄၉,၆၇၈ လုံး ရေကြီးနစ်မြုပ်နေကာ ရေဘေးသင့်ပြည်သူ ၂၁၈,၇၆၁ ဦး ရှိတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ -NUG၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်း စာနာထောက်ထားရေး ဝန်ကြီးဌာနက ဩဂုတ် ၁၀ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
အဲ့ဒီ ရေဘေးကြောင့် သေဆုံးသူ ၂၃ ဦးအထိ ရှိလာပြီး ရွှေဘိုမြို့နယ်က တစ်ဦး၊ ဒီပဲယင်းမြို့နယ်က ခုနှစ်ဦး၊ ကန့်ဘလူမြို့နယ်က တစ်ဦး၊ တန့်ဆည်မြို့နယ်က နှစ်ဦး၊ ခင်ဦးမြို့နယ်က တစ်ဦး၊ ကျွန်းလှ မြို့နယ်က ရှစ်ဦး၊ ကောလင်းမြို့နယ်က သုံးဦး ဖြစ်ကာ သုံးဦး ပျောက်ဆုံးနေတယ်လို့ NUG ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံတဝန်း မိုးသည်းထန် ရွာသွန်းတာနဲ့ ဆည်ရေဖောက်ချတာကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ဧရာဝတီတိုင်းတွေက မြို့နယ် ၁၇ မြို့နယ်မှာ ရေကြီးရေလွှမ်းနေပြီး လူဦးရေ ၄၄၁,၇၀၀ ကျော် ရေဘေးအန္တရာယ် ရင်ဆိုင်နေရတယ်လို့ NUG က ဆိုပါတယ်။
ဒါ့အပြင် သံလွင်မြစ်၊ ဧရာဝတီမြစ်နဲ့ မြစ်လက်တက်တွေမှာ ရေကြီးရေလျှံမှုတွေ ထပ်မံ ဖြစ်ပွားနိုင်တာကြောင့် မြစ်၊ချောင်းတွေအနီး နေထိုင်သူတွေ ရေဘေးအန္တရာယ် ဂရုပြုကြဖို့ NUG က တိုက်တွန်း ထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



