
လူသေဆုံးတဲ့အထိ ရေဘေးသင့်တဲ့ ရွာတွေဘက် ကယ်ဆယ်ရေး မလုပ်နိုင်အောင် စစ်ကိုင်းတံတားထိပ်ကနေ တားဆီးပိတ်ပင်၊
ဒေါ်လာ/MFP၊ ဩဂုတ် – ၁၂
စစ်ကိုင်းမြို့နယ်၊ မန္တလေး – မုံရွာ ကားလမ်းပေါ်ရှိ ရေကျော်နေတဲ့ ညောင်ပင်ဝန်းရွာနဲ့ မတ္တရာမြို့နယ်၊ မန္တလေး – မိုးကုတ် ကားလမ်းပေါ်ရှိ ရေကျော်နေတဲ့ တံငါကျေးရွာက ဒေသခံတချို့ကို ခေါက်ဆွဲခြောက် ထုပ် ပေးဝေကာ အခမ်းအနားနဲ့ ဓာတ်ပုံရိုက်ပြီးနောက် စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းထဲ ရေဘေး ကူညီ ကယ်ဆယ်ရေးတွေ လုပ်နေတယ်လို့ အာဏာသိမ်း စစ်အုပ်စုက ဝါဒဖြန့်ပါတယ်။
နှစ်စဉ် မိုးရာသီရောက်တိုင်း ရေကျော်၊ ရေတက်လေ့ရှိတဲ့ မတ္တရာနယ် တံငါရွာနဲ့ စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရွာဆီ ဩဂုတ် ၁၀ရက်နဲ့ ၁၁ရက်တွေမှာ အာဏာသိမ်း စစ်အုပ်စုက သွားရောက်ပြီးနောက် ခေါက်ဆွဲခြောက်နဲ့ အစားအသောက်တချို့ ပေးဝေကာ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းထဲ ရေဘေးကူညီ ကယ်ဆယ်ရေး လုပ်နေတယ်လို့ စစ်အုပ်စုက သတင်းစာနဲ့ ရုပ်သံတွေကနေ ဝါဒဖြန့်တာ ဖြစ်ပါတယ်။
စစ်အုပ်စုခန့် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဆိုသူဟာ နောက်လိုက်နောက်ပါတွေနဲ့အတူ ဩဂုတ် ၁၁ရက်က စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရွာကို သွားရောက်ပြီး ကားလမ်းရေကျော်တာကို ကြည့်ရှု့ကာ ဒေသခံတွေကို အစားအသောက်တွေ ပေးဝေခဲ့တယ်လို့ စစ်အုပ်စု သတင်းစာတွေမှာ ဖော်ပြပါတယ်။

စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းကျေးရွာဟာ မူးမြစ်နဲ့ ဧရာဝတီမြစ်ဆုံရာ နေရာအနီးဖြစ်လို့ မကြာခဏ ကားလမ်း ရေကျော်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ မန္တလေး – မိုးကုတ် ကားလမ်းပေါ်ရှိ မတ္တရာနယ်၊ တံငါရွာ ရေမြုပ်နေလို့ဆိုပြီး မန္တလေးရှိ မီးသတ်တချို့ကို စစ်အုပ်စုက သွားခိုင်းကာ ရေဘေးကယ်ဆယ်ရေး လုပ်နေကြောင်း ဝါဒဖြန့်ခဲ့ပါတယ်။
မတ္တရာနယ် တံငါရွာဟာလည်း နှစ်စဉ် မိုးရာသီ၊ တံငါချောင်း ရေတက်ချိန်တိုင်း ရေကြီးလေ့ရှိပြီး မန္တလေး – မိုးကုတ် ကားလမ်း ရေကျော်လို့ အသွားအလာ ခေတ္တရပ်ဆိုင်းရတာမျိုး မကြာခဏ ကြုံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ မတ္တရာနယ်ထဲ စစ်ရှုံးလို မန္တလေး – မိုးကုတ် ကားလမ်း၊ မတ္တရာနယ်၊ တံငါရွာကို နှစ်နှစ်ကျော်ကြာ ခြေမချနိုင်ဘဲ လက်လွှတ်ခဲ့ရတာကြောင့် ကားလမ်းရေကျော်တာကို ယခုမှ ကြုံတာ ဖြစ်မယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ မိုးရွာတာနဲ့ သဖန်းဆိပ်ဆည် ရေဖောက်ချခံရလို့ လူသေဆုံးသည်အထိ ရေဘေးဒုက္ခ ကြုံနေရတဲ့ စစ်ကိုင်းတိုင်း၊ မူးမြစ်ရိုးတလျှောက်ရှိ ကျေးရွာတွေဘက် ကယ်ဆယ်ရေး ပစ္စည်းတွေ မပို့နိုင်အောင် စစ်အုပ်စုက စစ်ကိုင်းတံတားထိပ်ကနေ တားဆီးပိတ်ဆို့တာ၊ ခြိမ်းခြောက်တာတွေ လုပ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်၊
စစ်အုပ်စုက ဩဂုတ် ၅ရက်နဲ့ ၆ရက်တွေမှာ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်ကနေ ရုတ်တရက် ရေတွေ ဖောက်ချတာကြောင့် ဆည်ရဲ့ အောက်ဘက် မူးမြစ်ရိုးတလျှောက်ရှိ ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း၊ ရွှေဘို၊ ဝက်လက်၊ အရာတော်၊ စစ်ကိုင်းနဲ့ မြင်းမူ စတဲ့ မြို့နယ်တွေက ကျေးရွာ ၂၀၀ ကျော် ဩဂုတ် ၆ရက်က စလို့ ရေမြုပ်နေကာ လူဦးရေ သိန်းနဲ့ချီ ရေဘေးဒုက္ခ ခံစားနေကြရပါတယ်။

အဲ့ဒီ ရေဘေးကြောင့် ငါးရက်အတွင်း ဒေသခံပြည်သူ ၂၅ ဦး သေဆုံးကာ ရေမျောပါ ပျောက်ဆုံးသူတွေ ရှိသလို လမ်းတံတားတွေ၊ တာတမံတွေနဲ့ အိုးအိမ် အများအပြားလည်း ရေစီးမျောပါ ပျက်စီးခဲ့ပါတယ်။

မန္တလေး – မုံရွာ ကားလမ်းပေါ်ရှိ ရေကျော်တဲ့ ကျေးရွာတချို့ကို အစားအသောက် ဝေပြီးနောက် စစ်ကိုင်းတိုင်းထဲ ရေဘေးကယ်ဆယ်ရေး လုပ်နေကြောင်း စစ်အုပ်စုက ဝါဒဖြန့်စဉ်/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



