မကွေးသတင်းအညာမြေ တော်လှန်ရေး

မြိုင် ရေနံမှော်တွေဘက် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စု အသေခံကာ ရှေ့ဆက်တိုးနေပြီး လက်ပံတို ရေနံမြေဆီ ဦးတည်၊

မြေပြင်စစ်ကြောင်း ရှေ့မတိုးနိုင်လို့ လေကြောင်းဗုံးကြဲ ပစ်ကူပြီး ပြည်သူကိုပါ ပစ်မှတ်ထား ဗုံးကြဲ၊

အီသာရမ်/MFP၊ဩဂုတ်-၂၇

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိ ရေနံမှော်တွေဘက် စစ်ကြောင်းထိုးတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ မြေပြင်တိုက်ပွဲ အထိနာပေမဲ့ အသေခံကာ ရှေ့ဆက်တိုးနေပြီး ဖလံကိုင်းရေနံမြေဆီကို ဦးတည်ကာ ဆက်လက် စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

စစ်အုပ်စု စစ်ကြောင်းဟာ ဩဂုတ် ၂၇ ရက် ဒီကနေ့ နေ့လည်ပိုင်းမှာ မြိုင်နဲ့ ပေါက်မြို့နယ်အစပ်ရှိ တော်လှန်ရေးတပ်တွေ  သိမ်းပိုက်ထားတဲ့ လက်ပံတိုရေနံမြေနဲ့ ငါးမိုင်ခန့်အကွာ၊ တဲကြီးကျေးရွာနဲ့ နသတ်ကျေးရွာတွေ အနီးကို ရောက်ရှိနေပြီး လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲပစ်ကူသလို လက်နက်ခဲယမ်းတွေလည်း လေကြောင်းကနေ ချပေးနေတယ်လို့ ဆိုပါတယ်။

“ဖလံကိုင်း၊ လက်ပံတို ရေနံမြေတွေဆီကို ဦးတည်တယ် ပြောရမှာပါ။ အခုက တဲကြီးနဲ့နသတ်(ရွာ)မှာ၊ နေ့လည်ကတော့ Y-8 (လေယာဉ်)နဲ့ ခဲယမ်းတွေ ချပေးတယ်၊ မနေ့ကတော့ တနေကုန် လေကြောင်း (ဗုံး) ကြဲနေတာ၊ လေယာဉ်မျိုးစုံပဲ” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်း ကတည်းက ပခုက္ကူမြို့ တပ်မ ၁၀၁ ခေါ် အမှတ် ၁၀၁ ခြေမြန်တပ်မ ဌာနချုပ်က ထွက်လာတဲ့ အင်အား ၅၀၀ ကျော်ပါ စစ်အုပ်စုဟာ ပေါက်နဲ့ မြိုင်မြို့နယ်ရှိ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ ရေနံမြေ၊ ရေနံတွင်းတွေဆီ ဦးတည် စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး လမ်းတလျှောက် ရွာစဉ်ပတ်မွှေ စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့တာ၊ တိုက်ပွဲဖြစ်လို့ စစ်ကြောင်းရှေ့မတိုးနိုင်ချိန်တိုင်း လေကြောင်းပစ်ကူ ဗုံးကြဲတာနဲ့ မြေပြင်တိုက်ပွဲ စစ်အုပ်စု အထိနာ အသေများတိုင်း ပြည်သူကို ပစ်မဗတ်ထားကာ မြို့၊ရွာတွေကို ဗုံးပတ်ကြဲ သတ်ဖြတ်တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ မြိုင်နယ်ရှိ တော်လှန်ရေးတပ်တွေ နှစ်နှစ်ကျော် ထိန်းချုပ်ထားတဲ့ ကျောက်ခွက် ရေနံမြေနဲ့ ဝဲတူး (Well-2) ရေနံမြေထဲ ဝင်ရောက်နိုင်ရေး တစ်လနီးပါးကြာ စစ်ကြောင်းထိုးခဲ့ပြီး လက်ရှိမှာတော့ ကျောက်ခွက်နဲ့ ဝဲတူးရေနံမြေတွေကို ဖြတ်သန်းပြီးနောက် တဲကြီးနဲ့ နသတ်ကျေးရွာ ကြားကို ရောက်ရှိနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ စစ်အုပ်စု ဦးတည်နေတဲ့ လက်ပံတိုရေနံမြေဟာ စစ်အာဏာ မသိမ်းမီက မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (Myanma Oil and Gas Enterprise – MOGE) အဖြစ် ပြည်ထောင်စု အစိုးရက စီမံတဲ့ ရေနံထုတ်လုပ်တဲ့နေရာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် အဲ့ဒီ လက်ပံတို ရေနံမြေနဲ့ ဖလံကိုင်း နယ်မြေရဲစခန်းတို့ကို သိမ်းပိုက်နိုင်ရေး တော်လှန်ရေးတပ်တွေက ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ ၂၀၂၄ ဧပြီလထဲမှာ စစ်အုပ်စု စခန်းစွန့်ခွာ ထွက်ပြေးလို့ တော်လှန်ရေးတပ်တွေက လက်ပံတို ရေနံမြေနဲ့ ဖလံကိုင်း နယ်မြေရဲစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ စစ်အုပ်စုက ပေါ်တာဆွဲ စစ်သားသစ်တွေကို အသုံးချကာ အသေခံ ထိုးစစ်ဆင်သလို လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲပစ်ကူပြီး ရှေ့ဆက်တိုးတာကြောင့် လက်ပံတိုရေနံမြေနဲ့ ငါးမိုင်ခန့်အကွာအထိ ရောက်ရှိလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေလည်း နေ့စဉ်ဖြစ်ပွားနေပြီး ဩဂုတ် ၂၆ ရက် မနေ့က တစ်နေ့တည်းမှာပဲ မြိုင်နယ် ရေနံမှော်တွေအနီး တိုက်ပွဲဖြစ်ပွားရာ နေရာနဲ့ ကျေးရွာတွေကို စစ်အုပ်စုက ဂျက်ဖိုက်တာ တိုက်လေယာဉ်၊ Mi-35 ရဟတ်ယာဥ်နဲ့ ဂျိုင်ရိုကော်ပတာတွေ သုံးကာ ၁၅ကြိမ်ထက်မနည်း တစ်နေကုန်နီးပါး ဗုံးကြဲပစ်ကူခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြိုင်နဲ့ ပေါက်မြို့နယ်ရှိ ရေနံတွင်း၊ ရေနံမှော်တွေဘက် ဦးတည်ကာ အင်အား ၅၀၀ လောက်နဲ့ ရွာစဉ်ပတ်မွှေတဲ့ စစ်အုပ်စုကို ဒေသခံ တော်လှန်ရေးတပ်တွေ စုစည်းကာ အညာတမာ စစ်ဆင်ရေး အဖြစ် ခုခံတိုက်ခိုက်ခဲ့ရာ နှစ်လကျော်အတွင်း တိုက်ပွဲ အကြိမ် ၃၀ ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု ၅၀ ကျော် သုတ်သင်နိုင်ခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ အညာတမာ စစ်ဆင်ရေး စုဖွဲ့မှုက ဩဂုတ် ၁၅ရက်မှာ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီတချိန်တည်းမှာပဲ မြေပြင်တိုက်ပွဲ ရှုံးတဲ့ စစ်အုပ်စုကလည်း စစ်ကြောင်းတလျှောက် ကျေးရွာတွေကို စီးနင်းကာ ဒေသခံ အရပ်သား ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးညှဉ်းပန်း သတ်ဖြတ်ခဲ့ပြီး ကျေးရွာ ၁၀ရွာကျော်က ပြည်သူနေအိမ် ၄၀၀ ကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ပြီး ဖြစ်ပါတယ်။

လက်ရှိမှာလည်း စစ်အုပ်စုက အသေခံ ရှေ့ဆက်တိုးကာ ထိုးစစ်ဆင်ပြီး ပြည်သူကို ရန်ပြုနေတာကြောင့် မြိုင်နဲ့ ပေါက်နယ် ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။

ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိ လက်ပံတိုရေနံမြေနဲ့ စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့တဲ့ ရွာတွေ/photo – ဒေသခံ၊

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မကွေး #ပေါက်နဲ့မြိုင် #ရေနံမှော်

Related Articles

Back to top button