မကွေးသတင်းအညာမြေ တော်လှန်ရေး

မကွေး မင်းတုန်းမှာ စစ်အုပ်စုက ရွာငယ်တဲစုလေးပေါ် ပါရာမော်တာ သုံးစီးနဲ့ ဗုံးကြဲ၊

ထန်းတက်သမား မိသားစု ကလေးသူငယ်တွေ အပါအဝင် ခြောက်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရ၊

ဝင်းသိန်း/MFP၊ စက်တင်ဘာ – ၁၅

​မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ရခိုင်ရိုးမအနီးမှာရှိတဲ့ ဇွန်းကျကျေးရွာကို အာဏာသိမ်း စစ်အုပ်စုက တိုက်ပွဲဖြစ်တာမျိုး မရှိဘဲ ပါရာမော်တာ (Paramotor)တွေနဲ့ ရွာပေါ် ဗုံးပတ်ကြဲ တိုက်ခိုက် လို့ ကလေးသူငယ်တွေ အပါအဝင် အရပ်သားပြည်သူ ခြောက်ဦး သေဆုံးကာ ငါးဦး ဒဏ်ရာရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

​စက်တင်ဘာ ၁၃ ရက် ညနေ ၄ နာရီကျော်အချိန် မင်းတုန်းမြို့နယ် အနောက်ခြမ်း၊ အိမ်ခြေ ၂၀ ကျော် ရှိတဲ့ ဇွန်းကျရွာကို စစ်အုပ်စုက ပါရာမော်တာ သုံးစီးနဲ့ ဗုံး ရှစ်လုံး ကြဲချခဲ့တာဖြစ်ပြီး ထန်းတက်လုပ်ငန်း လုပ်ကိုင်နေတဲ့ ထန်းသမား မိသားစုတွေ အပါအဝင် ရွာခံပြည်သူတွေ ထိခိုက်သေဆုံးခဲ့တာပါ။

​စစ်အုပ်စုဟာ ဇွန်းကျကျေးရွာအရှေ့ပိုင်းရှိ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေပေါ် ဗုံးတွေ တရစပ် ကြဲချရာ ဗုံးထိမှန်လို့ ရွာခံပြည်သူ ငါးဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးကာ ဒဏ်ရာရသူတွေထဲက ဒဏ်ရာ ပြင်းထန်သူ နောက်ထပ် တစ်ဦးလည်း ဆေးကုသခွင့်မရခင် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက ဗုံးကြဲသတ်လို့ သေဆုံးရသူတွေဟာ ဇွန်းကျရွာက ဒေါ်ပစာ (၇၀နှစ်)၊ မနွယ်နွယ်ဝင်း (၂၅နှစ်)၊ မခင်ဝေဇင်မိုး (၁၇နှစ်)၊ မထက်သဇင်လှိုင် (၁၁နှစ်)၊ မငုဝါလှိုင် (၁၀နှစ်)နဲ့ မောင်ကောင်းထက်ကျော် (၁၅ နှစ်) တို့ ဖြစ်ကြပါတယ်။ ​

သရက်မြို့နယ်ထဲရှိ စစ်အုပ်စုရဲ့ လက်နက်ထုတ်စက်ရုံ ကပစ (၁၂) ကနေ တက်လာတဲ့ ပါရာမော်တာ သုံးစီးက မိုင် ၅၀ လောက်ဝေးတဲ့ မင်းတုန်းနယ် ဇွန်းကျကျေးရွာပေါ် အကြောင်းမဲ့ ဗုံးကြဲသတ်ဖြတ်တာ ဖြစ်တယ်လို့ သရက်ခရိုင် PDF အမှတ် (၄) တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က MFP ကို ပြောပါတယ်။ ​

“ဇွန်းကျရွာက တိုက်ပွဲဖြစ်တဲ့ နေရာနဲ့လည်း ဝေးပါတယ်။ အဲဒီရွာ အနီးမှာ တိုက်ပွဲဖြစ်တာလည်း မရှိသလို တော်လှန်ရေးတပ်တွေ ဝင်ထွက်သွားလာတဲ့ နေရာမျိုးလည်း မဟုတ်ပါဘူး။ အခုဆိုလို့ရှိရင် ဇွန်းကျကျေးရွာကို တိုက်ပွဲဖြစ်ပွားနေတာလည်း မရှိဘူး၊ စစ်ရေးပစ်မှတ်လည်း မဟုတ်ဘူး၊ အရပ်သားတွေပဲ ဖြစ်ပါတယ်။ ကျေးရွာနေပြည်သူတွေက ဒီလိုဗုံးကြဲတာတွေကို မကြုံဖူးတဲ့အတွက် ဒါမျိုး ဖြစ်လာမယ်လို့လည်း မထင်ကြပါဘူး”

ဇွန်းကျကျေးရွာဟာ ဆင်လုပ်ငန်းတွေ လုပ်ကိုင်ရင်းကနေ စတင်စုစည်းလာတဲ့ ရွာငယ်တဲစုလေး ဖြစ်ပြီး စစ်အုပ်စုက ပါရာမော်တာ သုံးစီးနဲ့ ဗုံးပတ်ကြဲ သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

အထက်ပါ သေဆုံးသူတွေအပြင် ကလေးသူငယ် လေးဦးနဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသမီး တစ်ဦးတို့လည်း ဒဏ်ရာရပြီး ဆေးကုသနိုင်ဖို့ ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။

ဗုံးထိမှန်လို့ ဘုန်းကြီးကျောင်း အပါအဝင် ကျေးရွာအတွင်းရှိ နေအိမ် အများစု ထိခိုက် ပျက်စီးခဲ့ပါတယ်။

​အာဏာသိမ်း စစ်အုပ်စုဟာ မင်းတုန်းမြို့နယ်အတွင်း စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူ နေရာတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက် ကျူးလွန်နေတယ်လို့ ကိုမြတ်က ပြောပါတယ်။

​”မင်းတုန်းမြို့နယ်မှာ စစ်ကောင်စီက အရပ်သားနေထိုင်တဲ့နေရာတွေကို စစ်ရာဇဝတ်မှု ကျူးလွန်နေတာ တစ်ကြိမ်ကနေ နှစ်ကြိမ်ဖြစ်လာတဲ့ သဘောပေါ့။ အပြစ်မဲ့ အရပ်သားပြည်သူတွေကို ဗုံးကြဲတာက စစ်ရာဇဝတ်မှု ကျူးလွန်တာပဲ ဖြစ်ပါတယ်”

​မတ်လ ၁ ရက်ကလည်း မင်းတုန်းမြို့နယ် ပြောင်းကျေးရွာအနီးရှိ ခရီးသွားကုန်တင်ကားတွေ ရပ်နားရာ နေရာကို စစ်အုပ်စုက ဂျက်ဖိုင်တာ တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးကြဲ၊ ရော့ကတ်တွေနဲ့ ပစ်ခတ်ခဲ့ရာ ယာဉ်မောင်းနဲ့ ကုန်သည်တွေ အပါအဝင် အရပ်သားပြည်သူ အမျိုးသား ၂၃ ဦးနဲ့ အမျိုးသမီး နှစ်ဦး၊ စုစုပေါင်း ၂၅ ဦး သေဆုံးခဲ့ပါတယ်။

မင်းတုန်းမြို့နယ်ဟာ မကွေးနဲ့ ရခိုင်ပြည်အစပ်၊ ရခိုင်ရိုးမအခြေမှာ တည်ရှိပြီး အာရက္ခတပ်တော် – AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်မြေတွေနဲ့လည်း ထိစပ်နေတဲ့ဒေသဖြစ်ကာ အာဏာသိမ်း စစ်အုပ်စုက မင်းတုန်းနယ်ရှိ စစ်ရှုံးနယ်မြေတွေ ပြန်ရရေးနဲ့ ရခိုင်ရိုးမကို ထိန်းချုပ်နိုင်ရေး သင်္ကြန်ကာလ စတင်ကာ အင်အား ထောင်ချီ အသုံးပြု ထိုးစစ်ဆင်လို့ တော်လှန်ရေး တပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်း မင်းတုန်းနယ်ထဲ အင်အား ထောင်နဲ့ချီ အသုံးပြုကာ ထိုးစစ်ဆင်ခဲ့ပြီး ထင်တိုင်းမပေါက် ရှေ့မတိုးနိုင်တာကြောင့် ဩဂုတ်လအတွင်း နောက်ထပ် အင်အား ထောင်နဲ့ချီ တပ်မံ ပို့လွှတ်ကာ စစ်ကြောင်း ဆက်ထိုးနေတာလို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် – PDF၊ သရက်ခရိုင် အမှတ် ၄ တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က MFP ကို ပြောကြားထားပါတယ်။

စစ်အုပ်စုဟာ ပေါ်တာဆွဲ စုဆောင်းထားတဲ့ စစ်သားသစ်တွေ အသုံးပြုကာ မင်းတုန်းနယ်ထဲ စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး လေကြောင်းပစ်ကူ ဗုံးကြဲတာ၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေ လုပ်နေပြီး မင်းတုန်းမြို့နယ်ကတဆင့် AA တပ်တွေ မကွေးတိုင်းထဲ ဝင်မလာနိုင်ရေး ကာကွယ်နိုင်ဖို့ ကြိုးစားနေတာလို့ စစ်ရေး သတင်းရင်းမြစ်တွေက သုံးသပ်ပါတယ်။

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ဇွန်းကျကျေးရွာကို စစ်အုပ်စုက ပါရာမော်တာ သုံးစီးနဲ့ ဗုံးတွေ တရစပ် ကြဲချလို့ ထိခိုက်သေဆုံးတဲ့ ကလေးသူငယ်နဲ့ပြည်သူတွေ/Photo – ဒေသခံ (ပေးပို့)

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #ပါရာမော်တာ #ရခိုင်ရိုးမမင်းတုန်း #မကွေး

Related Articles

Back to top button