မကွေးသတင်း

ချင်း – မကွေးအစပ် ယောဒေသ ဦးတည်ပြီး စစ်အုပ်စု ကားအစီးရေ ၂၀၀ ခန့် အင်အား ထပ်ဖြည့်၊

ပစတွေ အသုံးချကာ ချင်းတောင်ပိုင်း စစ်ရှုံးမြို့တွေ ပြန်ရရေး မေလကစပြီး စစ်အုပ်စု ထိုးစစ်ဆင်နေ၊

စစ်အုပ်စု ရန်ကြောင့် ယောဒေသ ဆောနယ်က ပြည်သူ တစ်သောင်းခန့် စစ်ဘေးရှောင် ထွက်ပြေးနေရ၊

အီသာရမ်/MFP၊စက်တင်ဘာ-၁၉

မကွေးမြို့ကနေ ထွက်လာတဲ့ စစ်အုပ်စု ကားအစီးရေ ၂၀၀ ခန့်ပါ ယာဉ်တန်းဟာ ယောဒေသ၊ ဆောမြို့နယ်ကို ဦးတည်နေပြီး ချင်းပြည်နဲ့ မကွေးတိုင်းအစပ် ငါးလကြာ ထိုးစစ်ဆင်ရင်း စစ်ရှုံးနေလို့ အင်အားဖြည့်တာ ဖြစ်မယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စက်တင်ဘာ ၁၉ ရက် ဒီနေ့မှာ မကွေးမြို့က ထွက်လာတဲ့ စစ်အုပ်စု ကားအစီးရေ ၂၀၀ ခန့်ပါ ယာဉ်တန်းဟာ ပွင့်ဖြူမြို့ကတဆင့် စလင်းမြို့နယ်ကို ဖြတ်ကာ ဆောမြို့နယ်၊ လောင်းရှည်မြို့ရှိ စစ်အုပ်စုရဲ့ လက်နက်ထုတ်စက်ရုံ ကပစ -၂၅ ဆီကို ဦးတည်နေတာလို့ ဆိုပါတယ်။

“လက်နက်ကြီး ပါတာ၊ မပါတာကတော့ အတည်ပြုလို့ မရသေးဘူး၊ (ယာဉ်တန်း) ဦးတည်တာက ကပစ ၂၅ ကို ဦးတည်တာ” လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

ချင်းပြည်တောင်ပိုင်းရှိ မင်းတပ်နဲ့ ကန်ပက်လက်မြို့ အပါအဝင် စစ်ရှုံးထားတဲ့ မြို့၊ရွာတွေ ပြန်ရရေးနဲ့ ချင်း – မကွေး – ရခိုင် ကုန်သွယ်ရေးကို ပိတ်ဆို့ ဖြတ်တောက်နိုင်ဖို့အတွက် အာဏာသိမ်း စစ်အုပ်စုက မေလလယ်ပိုင်း စတင်ကာ ယောဒေသထဲ အင်အားထောင်ချီနဲ့ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

ယောဒေသထဲကို ပို့လွှတ်သူတွေ အများစုဟာ ပစ ခေါ် ပြည်သူ့စစ်မှုထမ်း ခေါ် ပေါ်တာဆွဲ စုဆောင်းထားတဲ့ စစ်သားသစ်တွေ ဖြစ်ပြီး မန္တလေး နန်းတွင်း အခြေပြု အလယ်ပိုင်း စစ်ဌာနချုပ် – လပခနဲ့ မိတ္ထီလာမြို့ အခြေပြု တပ်မ ၉၉ ခေါ် အမှတ် ၉၉ ခြေမြန်တပ်မ ဌာနချုပ် လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေကနေတဆင့် ပို့လွှတ်နေတာလို့ တော်လှန်ရေး အင်အားစုတွေက ဆိုပါတယ်။

စစ်အုပ်စုဟာ ဆောမြို့နယ် လောင်းရှည်မြို့ ကပစ -၂၅ က တဆင့် ချင်းပြည်နယ်တောင်ပိုင်းနဲ့ ချင်း – မကွေး – ရခိုင်အစပ်ကို ထိုးစစ်ဆင်နေတာ ဖြစ်ပြီး မေလက စတင်ကာ ငါးလကြာ ထိုးစစ်ဆင်နေပေမယ့် အထိနာ အသေများကာ ရှေ့မတိုးနိုင်တာကြောင့် ပေါ်တာဆွဲ စစ်သားစစ်တွေ ထပ်မံ အင်အားဖြည့်တာ ဖြစ်မယ်လို့ ဆိုပါတယ်။

ဆောမြို့နယ်ကနေ ချင်းပြည်ဘက် အင်အားထောင်ချီသုံး ထိုးစစ်ဆင်ပေမဲ့ အထိနာ အသေများကာ ရှေ့မတိုးနိုင်တာကြောင့် လက်ရှိမှာ မကွေးနဲ့ ချင်းပြည်တောင်ပိုင်းကို ဆက်သွယ်ထားတဲ့ ပေါက် – တပြင်း – ကျောက်ထု လမ်းပိုင်းတလျှောက်နဲ့ ဆောမြို့နယ် ကျေးရွာတွေမှာ စစ်အုပ်စုက အထိုင်ချ တပ်ဖြန့် နေရာ ယူထားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“ပေါက်နဲ့ ကျောက်ထု လမ်းမပေါ် ကျေးရွာတွေ၊ ကျောက်ထု – ဆော လမ်းပိုင်းရှိတဲ့ ကံချောင်း၊ ကံကြီးရွာမှာ အထိုင်ချထားတယ်၊ ဆော-လောင်းရှည် လမ်းပိုင်း ရင်းခေါ်၊ သီးကုန်း၊ မင်းလယ်၊ တောင်ဘို့ကြီး၊ ကာက အစရှိတဲ့ ကျေးရွာတွေမှာ တပ်ဖြန့်အထိုင်ချ နေထိုင်ကြတယ်”

စစ်အုပ်စုက လမ်းပိုင်းနဲ့ ကျေးရွာတွေမှာ အထိုင်ချတပ်စွဲထားလို့ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ ပြတ်တောက်နေသလို စစ်အုပ်စု ရန်က လွတ်ဖို့အတွက် ဆောမြို့နယ် ကျေးရွာတွေက အိမ်ထောင်စု ၂၀၀၀၊ လူဦးရေ ၁၀,၀၀၀ ခန့် စစ်ဘေးရှောင် ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

မိုးတွင်းကာလ စစ်ဘေးရှောင်ရတာကြောင့် ပြည်သူတွေမှာ နေထိုင်ရေး အခက်အခဲ ရှိသလို စားသောက်ရေးအတွက်လည်း အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ မြေပြင်ကနေ အင်အားထောင်ချီသုံးကာ ထိုးစစ်ဆင်နေတဲ့ တချိန်တည်းမှာပဲ မင်းတပ်နဲ့ ကန်ပက်လက်မြို့ အပါအဝင် ယောဒေသထဲ တရစပ် လေကြောင်းဗုံးကြဲတာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်တာတွေ ကျူးလွန်လို့ ဒေသခံပြည်သူ ထိခိုက်၊ သေဆုံးမှုတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

ယောဒေသနဲ့ ချင်းပြည်တောင်ပိုင်း ထိုးစစ်ဆင်လာတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ အလောင်း၊ လက်နက်နဲ့ သုံ့ပန်းတွေ ရရှိတယ်လို့ တော်လှန်ရေးတပ်တွေက ဓာတ်ပုံတွေနဲ့တကွ မကြာခဏ သတင်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင်နဲ့ ဩဂုတ်လတွေအတွင်း ချင်း- မကွေး အစပ် တိုက်ပွဲတွေမှာ သိမ်းဆည်း ရရှိတဲ့ လက်နက် ခဲယမ်းတွေ/Photo – CPU/CPA၊ PDF၊ ယောတပ်တော် – YA

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#မကွေး #အညာ #ချင်း #ရခိုင်

Related Articles

Back to top button