မကွေးသတင်း

ပုဂံမြို့ တဖက်ကမ်း ပခုက္ကူနယ် ရွာနှစ်ရွာကို စစ်အုပ်စု ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး၊

ရေနံတွေနဲ့ အိမ်တွေ လိုက်ဖျန်းပြီးမှ ရွာကို မီးတင်ရှို့တာလို့ဆို၊

မီးရှို့ရုံမက ဗုံးလည်းကြဲလို့ ပြည်သူတွေ ထွက်ပြေးနေကြရ၊

အီသာရမ်/MFP၊ စက်တင်ဘာ-၂၁

ပုဂံ-ညောင်ဦးမြို့ရဲ့ ဧရာဝတီမြစ်တဖက်ကမ်း၊ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ရေနံချပ်နဲ့ ရွာသစ် ကျေးရွာတို့ကို အာဏာသိမ်း စစ်အုပ်စုက စီးနင်းလုယက်ကာ မီးရှို့ဖျက်ဆီးလို့ နေအိမ်တွေ နေ့ရောညပါ လောင်ကျွမ်းပြီး ရွာလုံးကျွတ် ပြာကျပျက်စီးတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

စက်တင်ဘာ ၁၇ ရက်က ပုဂံ-ညောင်ဦးမြို့၊ ဗူးဘုရားကနေ စက်လှေငါးစီးနဲ့ ဧရာဝတီမြစ်ကို ဖြတ်ကူးလာတဲ့ စစ်အုပ်စုဟာ ပခုက္ကူနယ်၊ ရေနံချပ်နဲ့ ရွာသစ် ကျေးရွာတို့ကို စီးနင်းလုယက်ပြီးနောက် ရွာလုံးကျွတ် နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာလို့ ဆိုပါတယ်။

ရေနံချပ်ကျေးရွာဟာ ရေနံတူးဖော်ထွက်ရှိတဲ့ ကျေးရွာဖြစ်တာကြောင့် ကျေးရွာအတွင်း ရေနံပေပါတွေ ထားရှိကြပြီး စစ်အုပ်စုက ရွာကို မီးမရှိ့ခင် အဲ့ဒီ ရေနံတွေနဲ့ အိမ်တွေကို လိုက်ဖျန်းပြီးမှ ရွာကို မီးတိုက်တာလို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

“အခုက နှစ်ရွာ (ရေနံချပ်နဲ့ရွာသစ်) ပေါင်းမှ အိမ်ခြေ ဆယ်ဂဏန်းပဲ (မီးမလောင်တဲ့အိမ်) ကျန် လောက်တယ်၊ ရွာသစ်ကကျတော့ စာသင်ကျောင်းကနေ တောင်ဘက် အကုန်ပဲတဲ့ စာသင်ကျောင်း မြောက်ဘက်လေးပဲ ကျန်တာတဲ့၊ ရေနံချပ်ကတော့ ဘုန်းကြီးကျောင်းတောင်ဘက်ကလည်း အကုန်၊ စာသင်ကျောင်း မြောက်ဘက်ကနေ မြောက်အထိ၊ တခါလိုက်ရှို့သွားတာ၊ အဲဒါ အကုန်ပဲ၊ ရေနံထွက်တဲ့ ဒေသဆိုတော့ ရေနံပေပါ ၁၁ လုံး ချန်ထားပြီး အဲဒီရေနံ ၁၁ လုံးကို ပုံးတွေနဲ့ ထည့်ပြီး အကုန် လိုက်ရှို့ သွားတာ ကြားနေရတာ”

အဲ့ဒီ ရွာတွေဟာ ရေနံတူးဖော် ထွက်ရှိတာကြောင့် စစ်အုပ်စုက အဲဒီ ရေနံ လုပ်ငန်းတွေ ထိန်းချုပ်နိုင်ရေး အခုလို စစ်ကြောင်းထိုး၊ စီးနင်းလုယက်၊ မီးရှို့နေတာ ဖြစ်မယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။

ဒါ့အပြင် အဲ့ဒီ ရွာတွေမှာ တိုက်ပွဲဖြစ်ပွားတာ မရှိပေမယ့် စစ်အုပ်စုက လေကြောင်းကနေလည်း ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စု မြေပြင် စစ်ကြောင်း စတင်ဝင်ရောက်တဲ့ စက်တင်ဘာ ၁၇ရက်မှာပဲ ရေနံချပ်ကျေးရွာအနီး ရေနံမှော်တွေကို စစ်အုပ်စုက နှစ်ရက်ဆက် လေကြောင်း ဗုံးကြဲလို့ ဒေသခံပြည်သူ သုံးဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပါတယ်။

လက်ရှိမှာ စစ်အုပ်စု ရန်ကြောင့် ရွာသစ်နဲ့ ရေနံချပ်ကျေးရွာ အပါအဝင် ပုဂံမြို့တဖက်ကမ်း၊ ပခက္ကူနယ်ရှိ အုတ်ကျောင်း၊ ရွာရွာနဲ့ အရာတော်စတဲ့ ကျေးရွာတွေက ဒေသခံ ပြည်သူ ထောင်နဲ့ချီ စစ်ဘေးရှောင် ထွက်ပြေး နေကြရပါတယ်။

လက်ရှိမှာ စစ်အုပ်စုက ရေနံချပ်ကျေးရွာနဲ့ ရွာသစ်ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးပြီး ကျေးရွာအတွင်း စီးနင်း အထိုင်ချနေတာ ငါးရက်ကြာ ရှိလာပြီး ခိုးရာပါ ပစ္စည်းတွေနဲ့ စားသောက်နေကာ ရွာတွင်းကနေ စစ်ကြောင်း ပြန်ထွက်မယ့်အရိပ်အယောင် မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ရေနံချပ်ကျေးရွာအနီး ဆိက္ခဝ ကျေးရွာမှာ စစ်အုပ်စု နယ်မြေရဲစခန်းရှိသလို ပျူစောထီးတွေလည်း ရှိတာကြောင့် စစ်အုပ်စုက အဲ့ဒီ ရွာတွေကို အခြေပြုကာ တန့်ကြည်တောင် သွားတဲ့လမ်းပိုင်းကို ထိန်းချုပ် စိုးမိုးနိုင်ဖို့ ကြိုးစားနေတာလို့ ဆိုပါတယ်။

ပုဂံမြို့တဖက်ကမ်း ရေနံချပ်ရွာကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးလို့ နေ့ရောညပါ မီးလောင်နေတဲ့ အိမ်တွေနဲ့ မီးရှို့မခံရမီက ရေနံချပ်ရွာ/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#မန္တလေး #ပုဂံ #ပခုက္ကူ #ရေနံချပ်နဲ့ရွာသစ်ရွာ

Related Articles

Back to top button