မကွေးသတင်း

ယောဒေသ ဆောနယ် ရွာတွေပေါ် စစ်အုပ်စု ဗုံးကြဲလို့ ပြည်သူ အမျိုးသမီးနှစ်ဦး သေဆုံး ငါးဦး ဒဏ်ရာရ၊

မင်းတပ်၊ ကန်ပက်လက်၊ ဆော၊ ထီးလင်းနဲ့ ကျောက်ထု စတဲ့ ချင်း-မကွေးအစပ် မြို့၊ရွာတွေကို စစ်အုပ်စု နေ့စဥ်ရက်ဆက် ဗုံးကြဲနေ၊

လှိုင်း / MFP၊ စက်တင်ဘာ – ၂၈

ချင်း-မကွေးအစပ်၊ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ တောင်ယောဒေသ၊ ဆောမြို့နယ်ရှိ ကျေးရွာတွေပေါ် အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာ မနေ့က ညနေပိုင်း ဗုံးထိလို့ အရပ်သား ပြည်သူ အမျိုးသမီး နှစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

စက်တင်ဘာ ၂၇ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ဆောမြို့နယ် အရှေ့မြောက်ခြမ်းမှာရှိတဲ့ ကျင်းလိန်နဲ့ ငှက်ချောင် ကျေးရွာတွေပေါ် စစ်အုပ်စုက မကွေးလေတပ်ကနေ ပျံတက်လာတဲ့ K8W အမျိုးအစား ဂျက်ဖိုက်တာ တိုက်လေယာဉ် တစ်စင်းနဲ့ ဗုံးသုံးလုံး ကြဲချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီ ရွာတွေမှာ တိုက်ပွဲဖြစ်ပွားတာမျိုး မရှိဘဲ စစ်အုပ်စုက ပြည်သူကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲသတ်ဖြတ်တာ ဖြစ်ပြီး ဗုံးထိမှန်လို့ ဒေသခံပြည်သူ အမျိုးသမီးနှစ်ဦး သေဆုံးကာ ငါးဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။

“ငှက်ချောင်ရွာထဲက အမျိုးသမီး နှစ်ဦးက ပွဲချင်းပြီး သေသွားတာပါ။ ခုနှစ်နှစ်အရွယ် ကလေးလေး ဒဏ်ရာ ရတယ်။ ကျင်းလိန်ရွာဘက်ကတော့ ဘာမှ မဖြစ်ဘူး၊ ဗုံးတော့ ကြဲသွားသေးတယ်လို့ ကြားတယ်။ တိုက်ပွဲလည်း မရှိဘဲ ဗုံးကြဲသွားတာပါ”

စက်တင်ဘာ ၂၆ ရက်ကလည်း ဆောမြို့နယ်၊ ထီးလင်း – ကျောက်ထု လမ်းပိုင်းတလျှောက် စစ်အုပ်စုက ဗုံးပတ်ကြဲ တိုက်ခိုက်ခဲ့ယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ မေလက စလို့ ချင်းပြည်တောင်ပိုင်းရှိ မင်းတပ်နဲ့ ကန်ပက်လက်မြို့ အပါအဝင် မကွေးတိုင်းရှိ စစ်ရှုံးနယ်မြေတွေ ပြန်ရရေးအတွက် ချင်း- မကွေး အစပ် ယောဒေသထဲ အင်အားထောင်ချီ ပို့လွှတ်ကာ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

ချင်း- မကွေးအစပ်၊ ယောဒေသမှာ မေလကစလို့ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ပွားနေပြီး မြေပြင်တိုက်ပွဲမှာ အထိနာတဲ့ စစ်အုပ်စုက လေကြောင်းပစ်ကူ ဗုံးကြဲသလို အရပ်သား ပြည်သူ နေထိုင်ရာ မြို့၊ရွာတွေကိုပါ နေ့စဉ် ဗုံးပတ်ကြဲနေတာ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၆ ရက် တစ်ရက်တည်းမှာလည်း စစ်အုပ်စုက ချင်း- မကွေးအစပ်၊ ချင်းပြည်၊ မင်းတပ်မြို့ အနီးဝန်းကျင်ကို တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ နှစ်စင်း၊ မကွေးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ သုံးစင်း၊ မိထ္တီလာရှမ်းတဲလေတပ်ကနေ တက်လာတဲ့ Y12 စစ်ထောက်ပို့လေယာဥ် တစ်စင်းနဲ့ ဗုံးအလုံးရေ ၄၀ နီးပါး ကြချတိုက်ခိုက်ခဲ့တဲ့အပြင် ကန်ပက်လက်နဲ့ ကျင်ဒွေးမြို့နယ်ကိုလည်း ဗုံးကြဲတိုက်ခိုက်တယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

“လေယာဥ်တွေ၊ ဖိုက်တာတွေက လေးစင်း၊ ငါးစင်းနဲ့ အုပ်စုလိုက် လာတာ။ နေရထိုင်ရတာလည်း လန့်နေရတယ်။ ကျောက်ထု ဘက်မှာလည်း ရိက္ခာချတာ တော်တော်စိပ်တယ်” လို့ ယောဒေသခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂၆ရက်ကလည်း ဆောမြို့နယ်၊ သီးကုန်းကျေးရွာမှာ တပ်စွဲနေထိုင်နေ​တဲ့ စစ်အုပ်စုက သီးကုန်းကျေးရွာထဲက အရပ်သားနေအိမ်တွေကို မီးရှို့​ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ချင်း-မကွေးအစပ်ကို ပို့လွှတ်ထားတဲ့ အင်အားထောင်ချီတဲ့ စစ်အုပ်စုဟာ လက်ရှိမှာ၊ ဆောမြို့နယ်၊ လောင်းရှည်မြို့နယ်ကို ​ခြေကုတ်ယူကာ ရင်းကဲနဲ့ ဆွဲလွဲကျင်းကျေးရွာဘက်တွေကနေလည်း စစ်ကြောင်း တစ်ကြောင်းစီနဲ့ ချင်းပြည်နယ်၊ ကျင်ဒွေးမြို့နယ်ဘက်ကို ဦးတည် စစ်ကြောင်းထိုးနေပြီး ဆွဲလွဲကျင်း ကျေးရွာ အနီးတဝိုက်ကိုလည်း လေးရက်နီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ လောင်းရှည်မြို့နယ်ကတဆင့် ချင်းပြည်၊ ကျင်ဒွေးမြို့နယ်ဘက် စစ်ကြောင်းထိုးနေလို့ လမ်းကြောင်းတလျှောက်မှာ ရှိတဲ့ ကျေးရွာတွေက မိဘပြည်သူတွေအနေနဲ့ စစ်ကြောင်း သတင်း နားစွင့်ပြီး ကြိုတင် ပြင်ဆင် ရှောင်ရှားဖို့နဲ့ လေကြောင်းအန္တရာယ် ဂရုစိုက်ကြဖို့ ကန်ပက်လက်မြို့နယ် လူသားစာနာ ဘေးစီမံဌာနကလည်း အသိပေး တိုက်တွန်းထားပါတယ်။

ယောဒေသထဲ ရောက်ရှိနေတဲ့ စစ်အုပ်စုဟာ ချင်းပြည်ရှိ စစ်ရှုံးနယ်မြေတွေ ပြန်ရရေးသာမက ချင်း – မကွေး – ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းကို ပိတ်ဆို့ဖြတ်တောက်နိုင်ဖို့လည်း ကြိုးစားနေပြီး မေလကနေ လက်ရှိအချိန် ငါးလကြာ ထိုးစစ်ဆင်နေပေမယ့် ရှေ့ဆက်မတိုးနိုင်ဘဲ အထိနာ အသေများ တာကြောင့် အရပ်သားပြည်သူကို ပစ်မှတ်ထားကာ ဗုံးပတ်ကြဲနေတာလို့ ဆိုပါတယ်။

အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၆ ဩဂုတ်လအထိ ငါးနှစ်ကျော်အတွင်း မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုက အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲမှု အကြိမ် ၁၀,၅၀၀ ကျော် ကျူးလွန်ခဲ့ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၆၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ သုတေသနအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

ချင်း – မကွေး အစပ် မြို့၊ရွာတွေကို စစ်အုပ်စုက ဗုံးပတ်ကြဲလို့ ထိခိုက်ပျက်စီးမှုတွေ တွေ့ရစဉ်/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#မကွေး #ချင်း #ယောဒေသ #ဆောမြို့နယ်

Related Articles

Back to top button