မကွေးသတင်း

ဆောကနေ ချင်းပြည်ကို ထိုးဖောက်ဖို့ ကြိုးစားတဲ့ စစ်အုပ်စုက ရွာတွေကို စီးနင်းလုယက် မီးရှို့နေ၊

သောင်းချီတဲ့ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရကာ စားသောက်နေထိုင်ရေး ခက်ခဲ၊

အီသာရမ်/MFP၊ အောက်တိုဘာ-၂

ချင်း-မကွေး-ရခိုင် ကုန်သွယ်ရေးလမ်းတွေကို ပိတ်ဆို့ ဖြတ်တောက်နိုင်ရေနဲ့ ချင်းပြည်တောင်ပိုင်းရှိ စစ်ရှုံးမြို့တွေ ပြန်ရရေး ကြိုးစားနေတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ချင်း-မကွေးအစပ်၊ မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်ရှိ ကျေးရွာတွေကို စီးနင်းကာ ဖောက်ထွင်းလုယက် မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလကစလို့ ယောဒေသ၊ ဆောမြို့နယ်ထဲ အင်အားထောင်ချီ ပို့လွှတ်ကာ ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့ဘက် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုက ကျေးရွာတွေကို စီးနင်းလုယက်၊ မီးရှို့သလို တွေ့သမျှပြည်သူကို ဖမ်းဆီးသတ်ဖြတ်တာကြောင့် ထောင်ချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရပါတယ်။

စက်တင်ဘာ ၁၉ရက်မှာ စစ်အုပ်စုက ဆောမြို့နယ်၊ လောင်းရှည်မြို့ရှိ စစ်အုပ်စုရဲ့ လက်နက်စက်ရုံ ကပစ ၂၅ ထဲကို စစ်အင်အား ထောင်နဲ့ချီကာ ထပ်မံပို့လွှတ်ပြီးနောက် လောင်းရှည်ကနေ ချင်းပြည်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ဘက် ထပ်မံ စစ်ကြောင်းထိုးလို့ အဲ့ဒီ လမ်းကြောင်းတလျှောက် ကျေးရွာတွေက ထောင်ချီတဲ့ပြည်သူတွေလည်း စစ်ဘေးရှောင် ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ လောင်းရှည် ကပစ ကနေ ကျင်ဒွေးမြို့ဘက် ဦးတည်တဲ့ စစ်အုပ်စုဟာ ခန့်မှန်းအင်အား  ၅၀၀ ရှိပြီး တချို့က ကန်ပက်လက်မြို့နယ် မဆွာတီကျေးရွာဘက် ရောက်နေသလို တချို့ကတော့ ဆောမြို့နယ် ဆွဲလွဲကျင်းကျေးရွာ အနီးတွေမှာပဲ ရှိသေးပြီး လမ်းတလျှောက် တပ်ဖြန့်ကာ ကျေးရွာတွေကို စီးနင်းပြီးနောက် ဖောက်ထွင်းခိုးယူ လုယက်ဖျက်ဆီးနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“လောင်းရှည် စက်ရုံကနေ ထွက်လာတာပါ၊ လမ်းတလျောက်က ရွာတွေမှာ တပ်ဖြန့်ထားပြီး ရှေ့တိုးတာပေါ့၊ လေကြောင်းကနေလည်း ပစ်ကူပေးတာတွေ ရှိတယ်”

မေလကတည်းက မင်းတပ်မြို့ဘက် ထိုးဖောက်ဖို့ ကြိုးစားနေတဲ့ စစ်အုပ်စုကတော့ ရှေ့ဆက် မတိုးနိုင်တာကြောင့် နောက်ပြန်ဆုတ်ကာ ဆောနဲ့ လောင်းရှည်မြို့ကြားရှိ သီးကုန်းနဲ့ တောင်ဘို့ကြီး စတဲ့ ကျေးရွာတွေထဲ အထိုင်ချတပ်စွဲပြီးနောက် ဒေသတွင်း ရသမျှ ဖောက်ထွင်းလုယက် စားသောက်ကာ ရွာတွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဆောမြို့နယ် လူသားစာနာ တာဝန်ခံက ပြောပါတယ်။

“သီးကုန်းနဲ့ တောင်ဘို့ကြီးကိုပါ အရင်စစ်ကြောင်းက အဲဒီရွာတွေကို အထိုင်ချထားတာ။ ပြီးတော့ မီးရှို့တာပေါ့၊ အိမ်ခြေ အရေအတွက် အတိအကျ မသိရသေးပါဘူး။ ပြည်သူ့ဘက်က ဘယ်သူမှ မသွားရဲတဲ့ အတွက် မီးရှို့တာကို အဝေးကနေပဲ လှမ်းမြင်ရတဲ့ အနေအထားပါ”

စစ်အုပ်စု ရန်ကြောင့် ဆောမြို့နယ်အတွင်း ဒေသခံ ပြည်သူ တစ်သောင်းခန့် စစ်ဘေးရှောင် ထွက်ပြေး နေကြရပြီး တချို့ပြည်သူတွေဟာ စစ်ရှောင်နေရတာ ငါးလခန့် ကြာမြင့်နေပြီမို့ စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်းတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

“ဘယ်လို အခက်အခဲတွေနဲ့ ကြုံရလဲဆိုရင် ကျမတို့က ခုဟာ မိုးတွေကလည်း တအား ရွာနေတဲ့ အချိန်ကျတော့ လုံလုံခြုံခြုံ မနေရဘူးပေါ့။ နောက်ပြီးတော့ စာသင်ကျောင်းတွေ၊ လုံခြုံတဲ့ စာသင်ကျောင်းလို ဟာတွေမှာ ဓမ္မာရုံလိုဟာမှာ ဘုန်းကြီးကျောင်းလိုဟာမှာ နေမယ် ဆိုပြန်တော့လည်း အဲ့ဒီ့ နေရာတွေကိုက ဟိုဘက်ဒီဘက် ဗုံးချတာတွေ ဘာညာရှိတဲ့အချိန်ကျတော့ အဲ့လို နေရာတွေမှာလည်း မနေရဲဘူးပေါ့။ အဲ့ဒါကြောင့်မို့လို့ ကိုယ့်ဟာနဲ့ကိုယ် တဲထိုးပြီးတော့မှ အဆင်ပြေသလို နေကြရတာပေါ့လေ။ ချောက်ဘေးနားတို့၊ ချောက်နဲ့ နီးတဲ့နေရာမျိုး အဲ့လို နေရာလေးတွေမှာ နေကြရပါတယ်” လို့ လောင်းရှည်ဒေသခံ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း MFP ကို ပြောပါတယ်။

စစ်ဘေးရှောင်ရတဲ့ရက် ကြာမြင့်လာလို့ စားသောက်နေထိုင်ရေး ခက်ခဲကြတယ်လို့ ဆိုပါတယ်။

“ဒီ စားရေးသောက်ရေး အခြေအနေတွေမှာ ဆိုလို့ရှိရင်လည်း လယ် မစိုက်ရတာနဲ့ အခု ကျမတို့ လောင်းရှည် တိုက်နယ်ဘက်မှာ ဆိုလို့ရှိရင် ဆန်ရေစပါး ပေါတဲ့ စိုက်ပျိုးလို့ရတဲ့ ရွာတွေက အကုန်လုံး ရှောင်နေရသလို ဖြစ်တာဆိုတော့ အခုချိန် စိုက်ချိန်၊ ပျိုးချိန်လည်း ဖြစ်တယ်။ မစိုက်ကြ မပျိုးကြရဘူး။ ရှောင်ရတဲ့ အချိန်ကျတော့လည်း အိမ်ခြေများတဲ့ ရွာတွေက အိမ်ခြေနည်းတဲ့ ရွာတွေပေါ်မှာ မှီခိုပြီး ရှောင်နေရတာ ဖြစ်တဲ့အတွက် စားဝတ်နေရေးတွေ ခက်ခဲကြတာပေါ့လေ။ ဒီမှာ ဖရုံရွက်တစ်စည်းကို ၁၀၀၀၊ ချဥ်ပေါင်ရွက် တစ်စည်းကိုလည်း ၁၀၀၀ ပေါ့။ ဖရုံရွက်တစ်စည်းကို ၁၀၀၀ ကလည်း စားလို့ မလောက်ဘူးပေါ့။ အဲ့လို အခက်အခဲတွေ ရှိနေကြပါတယ်” လို့ အထက်ပါ စစ်ဘေးရှောင်အမျိုးသမီးက ဆက်ပြောပါတယ်။

စစ်အုပ်စုဟာ ချင်း-မကွေး အစပ် ထိုးစစ်ဆင်ရာမှာ ပေါ်တာဆွဲ စစ်သားသစ်တွေကို အသေခံ ရှေ့က တက်ခိုင်းကာ စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး တိုက်ပွဲအတွင်း ဖမ်းမိသူနဲ့ သေဆုံးတဲ့ အလောင်းတွေထဲ ပစ ခေါ် ပြည်သူ့စစ်မှုထမ်း ခေါ် ပေါ်တာဆွဲ စစ်သားသစ်တွေ အများအပြား ပါဝင်တယ်လို့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

မြေပြင်တိုက်ပွဲတွေမှာ ရှုံးနိမ့်နေတဲ့ စစ်အုပ်စုဟာ ပြည်သူကို ပစ်မှတ်ထားကာ ချင်း-မကွေးအစပ် မြို့ရွာတွေကို ဗုံးပတ်ကြဲနေလို့ ဒေသခံ ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ် သတိထားကြဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းထားပါတယ်။

ချင်း-မကွေးအစပ်ကို စစ်အုပ်စု စစ်ကြောင်းထိုးတဲ့ မေလကစတင်ကာ ယခု အောက်တိုဘာလဆန်းအထိ ငါးလကျော်အတွင်း စစ်အုပ်စုက ဖမ်းဆီးသတ်ဖြတ်တဲ့ ဒေသခံပြည်သူ ဒါဇင်ချီရှိသလို စစ်အုပ်စုက ဗုံးကြဲလို့ သေဆုံးတဲ့ ပြည်သူလည်း ဒါဇင်နဲ့ချီ ရှိပြီး ကျေးရွာ ခြောက်ရွာထက်မနည်း မီးရှို့ ဖျက်ဆီး ခံထားရပါတယ်။

ချင်းနဲ့ မကွေးအစပ် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုနဲ့ စစ်အုပ်စု ရန်ကြောင့် ထွက်ပြေးနေရတဲ့ ပြည်သူတွေ/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့၊ ဝက်ဘ်ဆိုက်နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#ချင်း #မကွေး #ယောဒေသ #ဆောနဲ့လောင်းရှည်

Related Articles

Back to top button