သတင်း

ဟားခါး – CDF အကျဉ်းစခန်း စစ်အုပ်စု လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲလို့ စစ်သုံ့ပန်း ၁၀ သေ၊ ဒဏ်ရာရသူ များ၊

သေဆုံးသူတွေဟာ စစ်ဆင်ရေးတွေအတွင်း ဖမ်းမိထားတဲ့ စစ်အုပ်စု လက်နက်ကိုင်တွေ ဖြစ်၊

ဒံယေလ/MFP၊ အောက်တိုဘာ – ၂၉

ချင်းပြည်မြောက်ပိုင်း၊ ဟားခါးမြို့နယ်အတွင်းရှိ ချင်းတော်လှန်ရေးတပ် ဟားခါး – CDF ရဲ့ စစ်သုံ့ပန်း အကျဉ်းစခန်းကို အာဏာသိမ်း စစ်အုပ်စုက မနေ့က ညဦးပိုင်း တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲရာ စစ်သုံ့ပန်း ၁၀ ယောက် သေပြီး အများပြား ဒဏ်ရာရတယ်လို့ ချင်းပြည်အစိုးရ (Chinland)၊ ကာကွယ်ရေး ဝန်ကြီးဌာန၊  ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကင် က MFP ကို ပြောပါတယ်။

 အောက်တိုဘာ ၂၈ရက် ည၈နာရီကျော်အချိန် စစ်အုပ်စုက ဂျက်ဖိုက်တာ တိုက်လေယာဉ် နှစ်စီးနဲ့ CDF – ဟားခါးတပ်ရဲ့ အကျဉ်းစခန်းကို ဗုံးကြဲတာ ဖြစ်ပြီး စစ်သုံ့ပန်းတွေ အများအပြား သေဆုံး၊ ဒဏ်ရာရကာ အဆောက်အအုံတွေလည်း ပျက်စီးတယ်လို့ ဆိုပါတယ်။

“အဆောက်အအုံ တော်တော်များများ ပျက်စီးသွားတယ်။ ပြီးတော့ ဒဏ်ရာရသူလည်း ရှိတယ်။ သေသွားတဲ့သူလည်း ရှိတယ်။ ၁၀ယောက် လောက် သေတယ်။ သေတဲ့ သူတွေက အကျဉ်းသားတွေပါ။ စစ်ကောင်စီ အကျဉ်းသားတွေ ဖြစ်တယ်” လို့ ချင်းပြည်အစိုးရ (Chinland)၊ ကာကွယ်ရေး ဝန်ကြီးဌာန၊  ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကင် က MFP ကို ပြောပါတယ်။

စစ်အုပ်စုက ဗုံးကြဲလို့ သေဆုံး၊ ဒဏ်ရာရရှိသူ စစ်သုံ့ပန်းတွေဟာ အာဏာသိမ်း စစ်အုပ်စု  လက်နက်ကိုင်တွေ ဖြစ်ပြီး ချင်းပြည်ရှိ မြို့သိမ်း၊ စခန်းသိမ်း စစ်ဆင်ရေးတွေအတွင်း ဖမ်းဆီးရမိထားသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက အကျဉ်းစခန်းနေရာကို လာရောက် ဗုံးကြဲ တိုက်ခိုက်တာ ဖြစ်ပြီး တိုက်ပွဲဖြစ်တာ မရှိဘူးလို့ ဆလိုင်းနိုင်ဂျွန်ကင် က ဆက်ပြောပါတယ်။

“လေယာဉ်ကတော့ နှစ်စီးနဲ့ အကြဲခံရတယ်။ မနေ့က ၈နာရီဝန်းကျင်မှာ လာကြဲသွားတယ်။ တိုက်ပွဲကတော့ မဖြစ်ပါဘူး “

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်အတွင်းရှိ စစ်စခန်းနဲ့ မြို့၊ရွာ အများအပြားကို ချင်း တော်လှန်ရေး တပ်တွေက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိမှာ စစ်အုပ်စုက ပေါ်တာဆွဲ စစ်သားသစ်တွေကို အသုံးချကာ တန်ပြန်ထိုးစစ်ဆင်ပြီးနောက် ဖလမ်း၊ ဝေဘူလ၊ ထန်တလန်၊ ကျီခါး၊ တွန်းဇံမြို့တွေကို ပြန်လည် ထိန်းချုပ်ထားပါတယ်။

စစ်အုပ်စုဟာ ချင်းပြည်တောင်ပိုင်းရှိ စစ်ရှုံးထားတဲ့ မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို ပြန်လည် သိမ်းပိုက်နိုင်ရေးအတွက် မေလကစလို့ ချင်းပြည်ထဲ အင်အား ထောင်နဲ့ချီ ပို့လွှတ်ကာ ပေါ်တာဆွဲ စစ်သားသစ်တွေကို အသေခံ ရှေ့က တက်ခိုင်းပြီးနောက် တန်ပြန် ထိုးစစ်ဆင်နေတယ်လို့ ချင်း တော်လှန်ရေး တပ်တွေက ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုဟာ မင်းတပ်နဲ့ ကန်ပက်လက်နယ်ထဲ နေ့စဉ်ရက်ဆက် ပြည်သူကို ပစ်မှတ်ထားကာ မြို့၊ရွာတွေကို ဗုံးပတ်ကြဲနေသလို ဟားခါးနယ်ရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကိုပါ ဗုံးကြဲတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်က ချင်းပြည် မြောက်ပိုင်း တီးတိန်မြို့နယ်အတွင်းရှိ ချင်း တော်လှန်ရေး တပ် ဖြစ်တဲ့ ဇိုးလဲန်း-PDF (Zoland-PDF)က ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း အယောက် ၈၀ ကျော် အချုပ်ခန်းကနေ ထွက်ပြေးတဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။

စစ်အုပ်စုဟာ တော်လှန်ရေးတပ်တွေ လက်ထဲ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရလိုက်ရတဲ့ စစ်အုပ်စု လက်နက်ကိုင်တွေကို ပြန်လည် ဗုံးကြဲသတ်ဖြတ်တာတွေ မကြာခဏ ကျူးလွန်နေပြီး ၂၀၂၄ အောက်တိုဘာလ အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) – MDY-PDF ရဲ့ အကျဉ်းစခန်းကို စစ်အုပ်စုက ဗုံးကြဲရာ စစ်အုပ်စု လက်နက်ကိုင် စစ်သုံ့ပန်း ၁၀ ယောက်ကျော် သေကာ ၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၅ ဇန်နဝါရီက အာရက္ခတပ်တော် – AA ရဲ့ မြောက်ဦးနယ်ရှိ အကျဉ်းစခန်းကို စစ်အုပ်စုက တိုက်လေယာဉ်တွေနဲ့ ပေါင် ၅၀၀ ဗုံးတွေကြဲချရာ စစ်အုပ်စု လက်နက်ကိုင် စစ်သုံ့ပန်းနဲ့ မိသားစုတွေ စုစုပေါင်း ၃၀ ကျော် သေဆုံးခဲ့သလို ယခု ၂၀၂၆ မတ်လမှာလည်း AA ရဲ့ အမ်းမြို့နယ်ရှိ အကျဉ်းစခန်းကို စစ်အုပ်စုက တိုက်လေယာဉ် လေးစီးနဲ့ ဗုံးကြဲရာ စစ်အုပအ်စု ဗိုလ်မှူးချုပ်အဆင်​့တွေ အပါအဝင် စစ်အုပ်စု လက်နက်ကိုင် စစ်သုံ့ပန်း ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။

ဟားခါးမြို့နယ်ရှိ CDF-Hakha ရဲ့ အကျဉ်းစခန်းကို စစ်အုပ်စုက ဗုံးကြဲစဉ်/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #ချင်း #CDFဟားခါး ​ #​ဟားခါး

Related Articles

Back to top button