မန္တလေးသတင်း

မိတ္ထီလာမှာ မြေအောက်ရေအုတ်ကန် ငြမ်းဖြုတ်ဖို့ ဆင်းတဲ့ အလုပ်သမားတွေ မူးလဲကာ လေးဦး သေဆုံး၊ တစ်ဦး ဆေးကုသမှု ခံယူနေရ၊

Phoenix/MFP၊ နိုဝင်ဘာ – ၁

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှိ ပညာရေးကောလိပ်ဝင်းအတွင်း အသစ်ဆောက်လုပ်ထားတဲ့ မြေအောက် ရေအုတ်ကန်ထဲ ငြမ်းဖြုတ်ဖို့ ဆင်းတဲ့ အလုပ်သမား ငါးဦး အောက်ဆီဂျင် ပြတ်လို့ လေးဦး သေဆုံးကာ တစ်ဦး ဆေးကုသနေရတယ်လို့ မြို့ခံပရဟိတအသင်း တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။

နိုဝင်ဘာ ၁ ရက် ဒီကနေ့ ညနေပိုင်း အဲဒီ မိတ္ထီလာမြို့၊ ပညာရေးကောလိပ်အတွင်း တည်ဆောက်တဲ့ မြေအောက် ရေအုတ်ကန်အသစ်အတွင်း ငြမ်းဖြုတ်ဖို့ အလုပ်သမားတစ်ဦး ကန်ထဲဆင်းရာက မူးလဲသွားရာကနေ နောက်တစ်ဦးက ကယ်ဖို့ ဆင်းသွားပြီး ထပ်မံမူးလဲခဲ့တာ ဖြစ်ကာ အဲဒီလို တစ်ဦးပြီးတစ်ဦး ဆင်းသွားရာကနေ အလုပ်သမား ငါးဦးလုံး ထိခိုက်ခဲ့တာလို့ ဆိုပါတယ်။

“တစ်ယောက်ဝင်လိုက် ဖြစ်သွားလိုက်၊ နောက်တစ်ယောက်ဝင်လိုက် ဖြစ်သွားလိုက်နဲ့ ငါးဦး ဖြစ်သွားတာ။ တစ်ယောက်မူးလဲနေလို့ နောက်တစ်ယောက် ဆင်းခေါ်၊ မူးလဲ၊ နောက်တစ်ယောက် ဆင်းခေါ် အဲဒီလို ဖြစ်သွားတာ” လို့ ပရဟိတအသင်း တာဝန်ရှိသူက MFP ကို ပြောပါတယ်။

အဆိုပါ ရေအုတ်ကန်ဟာ ၁၈ ပေပတ်လည်နဲ့ အနက် ခြောက်ပေခွဲရှိပြီး အသစ် ဆောက်လုပ်ထားတာ ဖြစ်သလို ကန်အတွင်း တပ်ဆင်ထားတဲ့ ငြမ်းတွေကို ပြန်လည်ဖြုတ်သိမ်းဖို့ အလုပ်သမားတွေ ဆင်းသွားကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပရဟိတအသင်းထံ ညနေ ၃ နာရီ ၁၅ မိနစ်မှာ ဖြစ်စဉ်သတင်းဝင်လာခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက် ကူညီခဲ့ရာ အလုပ်သမားတစ်ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပေမဲ့ ကျန်  လေးဦးကိုတော့ သေဆုံးလျှက် တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

သေဆုံးသူ လေးဦးဟာ အသက် ၄၀ နှစ်၊ ၃၅ နှစ်၊ ၃၀ နှစ်နဲ့ ၃၅ နှစ်တို့ ဖြစ်ပြီး ရုပ်အလောင်းတွေကို မိတ္ထီလာဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့ ပရဟိတအသင်း တာဝန်ရှိသူက ပြောပါတယ်။

အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တဲ့ အလုပ်သမားတစ်ဦးကတော့ လက်ရှိ ဆေးရုံမှာ အောက်ဆီဂျင် ပေးထားရပြီး ဆေးကုသမှုခံယူနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပုံမှန်မဖွင့်နိုင်တဲ့ နိုင်ငံတဝန်းရှိ တက္ကသိုလ်၊ ကောလိပ်နဲ့ ကျောင်းတွေကို စစ်အုပ်စုက ပြန်လည် အဖွင့်ပြနေတာ ဖြစ်ပြီး ကျောင်းဆောင်တွေကို သန့်ရှင်ရေးလုပ်တာ၊ အသစ်တည်ဆောက် ပြုပြင်တာတွေ လုပ်နေတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မန္တလေး #မိတ္ထီလာပညာရေးကောလိပ် ​ #​ပန်းရံအလုပ်သမား

Related Articles

Back to top button