စစ်ကိုင်းသတင်း

မုံရွာမြို့ပေါ်သာမက ချင်းတွင်းမြစ်အနောက်ဖက်ကမ်းအထိပါ ပေါ်တာ စဆွဲလာ၊

စစ်အုပ်စုက ပေါ်တာဆွဲရာမှာ ရိုက်နှက်ကန်ကြောက်တာတွေလည်း လုပ်လာ၊

လက်လုပ်လက်စားကို အဓိကထား ပေါ်တာဆွဲလို့ လူငယ်တွေ မသွားလာရဲဘဲ အလုပ်အကိုင် ဆုံးရှုံး၊

မောင်သက်/MFP၊ နိုဝင်ဘာ – ၃

စစ်ကိုင်းတိုင်းရဲ့ မြို့တော် မုံရွာမြို့မှာ အာဏာသိမ်း စစ်အုပ်စုက သူတို့ ကြီးစိုးထိန်းချုပ်နိုင်တဲ့ မြို့ပေါ်မှာသာ လူငယ်လူရွယ်တွေကို ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းနေရာက ယခုရက်ပိုင်း မုံရွာမြို့ရဲ့ ချင်းတွင်းမြစ် အနောက်ဖက်ကမ်း ယင်းမာပင်နယ်ထဲအထိပါ ပေါ်တာ စဆွဲလာတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

အောက်တိုဘာ ၃၀ရက် မနက်ပိုင်းက မုံရွာမြို့ရဲ့ ချင်းတွင်းမြစ်တဖက်ကမ်း၊ ချင်းတွင်းတံတားအနီး၊ ယင်းမာပင်မြို့နယ်၊ အောင်ဇေယျမြို့သစ် ကွန်ပျူတာတက္ကသိုလ် အပေါက်ဝမှာ စစ်အုပ်စုက လမ်းသွားလမ်းလာတွေကို ပေါ်တာဆွဲတယ်လို့ ဆိုပါတယ်။

“စစ်ဆေးတာတော့ အမျိုးသမီးရော အမျိုးသားရောပဲ၊ လူငယ် အမျိုးသားတွေဆို ရိုက်နှက် ဖမ်းခေါ်ထားလိုက်တာ၊ ကျနော်တို့ မြင်တဲ့အချိန်မှာတော့ လူငယ် ခုနှစ်ယောက်ကို ပေါ်တာဆွဲ ဖမ်းခေါ်ထားတယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

ချင်းတွင်းတံတားထိပ်မှာ ဂိတ်ဖွင့်ငွေညှစ်တဲ့ စစ်အုပ်စုက ပေါ်တာဆွဲတာမျိုး မဟုတ်ဘဲ အောင်ဇေယျမြို့သစ် ဒေသအခေါ် စစ်အုပ်စု အကျိုးအကန်းကုန်းထဲကထွက်ပြီး ကွန်ပျူတာတက္ကသိုလ် အဝင်ပေါက်မှာ ပေါ်တာဆွဲတာလို့ ဆိုပါတယ်။

အဲ့ဒီ အောင်ဇေယျ အကျိုးအကန်းကုန်းနေ စစ်အုပ်စုဟာ ယခင်က အုပ်စုဖွဲ့ လက်နက်ကိုင်ကာ လမ်းသွားလမ်းလာတွေကို မိုက်ကြေးခွဲ ငွေညှစ်တာတွေပဲ လုပ်လေ့ရှိပေမယ့် ယခုရက်ပိုင်း ပေါ်တာပါ ဆွဲနေတာ ဖြစ်တယ်လို့ အထက်ပါ ဒေသခံအမျိုးသားက ပြောပါတယ်။

“မုံရွာမှာ ဘုရားကြီးပွဲလည်း ကျင်းပနေတယ်၊ ဒါကြောင့် မြစ်အနောက်ဖက်က လာတဲ့သူကို နေရာခွဲ ပေါ်တာဆွဲတာ ဖြစ်နိုင်တယ်”

တချိန်တည်းမှာပဲ မုံရွာမြို့တွင်း၊မြို့ပြင် ပေါ်တာဆွဲတဲ့ စစ်အုပ်စုဟာ လူငယ်တွေကို ဖမ်းမိပါက ကားပေါ် ဆွဲတင်ရုံတင် မဟုတ်တော့ဘဲ ရိုက်နှက်ထိုးကြိတ်တာတွေပါ လုပ်လာတယ်လို့လည်း ဆိုပါတယ်။

စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက် ယနေ့အချိန် မုံရွာမြို့ပေါ် ရပ်ကွက်ရုံးတွေ အားလုံး မဖွင့်နိုင်သေးသလို အုပ်ချုပ်ရေး ယန္တရားတွေ အပြည့်အဝ မလည်ပတ်နိုင်သေးပေမဲ့ ၂၀၂၄ သင်္ကြန်ကာလက စလို့ မုံရွာမြို့အနှံ့ လူငယ်လူရွယ်တွေကို ပေါ်တာဆွဲကာ စစ်သားသစ် စုဆောင်းနေတာ ဖြစ်ပြီး လက်ရှိမှာ မြို့အပြင်ထွက်ပြီးတော့ပါ ပေါ်တာစဆွဲလာတာလို့ မြို့ခံတွေက ဆိုပါတယ်။

စစ်အုပ်စုဟာ မုံရွာမြို့ပေါ်ရပ်ကွက်တွေအတွင်း အိမ်စီးကားမျိုးစုံ၊ သတင်းပေး ဒလန်တွေနဲ့ ခြေချင်းလိမ်အောင် လှည့်ပတ်ကာ ပေါ်တာဆွဲနေသလို အုပ်ချုပ်ရေးမှူးရုံး ဖွင့်နိုင်တဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ စစ်သားသစ် ဆင့်ခေါ်တာ၊ ရပ်ကွက်ထဲ စားသုံးဆီခွဲတမ်းနဲ့ ရောင်းပေးပြီးနောက် အိမ်ထောင်စု စာရင်းကောက်ကာ စစ်သားသစ် စုဆောင်းတာတွေလည်း လုပ်နေတယ်လို့ ဆိုပါတယ်။

မုံရွာမြို့ဟာ စစ်ကိုင်းတိုင်းရဲ့ မြို့တော်ဖြစ်ပြီး ကုန်းလမ်း၊ ရေလမ်း လမ်းဆုံလမ်းခွဖြစ်ကာ ကုန်သွယ်ပွဲရုံ လုပ်ငန်းတွေနဲ့ စည်ကားခဲ့တဲ့ မြို့ကြီးဖြစ်ပေမယ့် ယခုလတွေအတွင်း စစ်အုပ်စုက တွေ့သမျှလူ ပေါ်တာဆွဲကာ စစ်သားသစ် စုဆောင်းနေတာကြောင့် တခြားဒေသကနေ မုံရွာကို လာရောက်သူ သိသိသာသာ လျော့သွားသလို မြို့ပေါ်မှာလည်း ညနေ ၅ နာရီ နောက်ပိုင်း လမ်းပေါ် အသွား၊အလာ မရှိသလောက် ခြောက်ကပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မုံရွာမှာ စစ်အုပ်စုက လက်လုပ်လက်စား လူငယ်လူရွယ်တွေကို အဓိက ပစ်မှတ်ထား စစ်သားသစ် စုဆောင်းနေတာကြောင့် လူငယ်တွေအနေနဲ့ အပြင်မထွက်ရဲ၊ မသွားလာရဲဘဲ အလုပ်အကိုင်တွေ ဆုံးရှုံးနေကြရတယ်လို့လည်း ဆိုပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၄ မတ်လကစလို့ နိုင်ငံတဝန်းရှိ လူငယ်လူရွယ်တွေကို ပေါ်တာဆွဲ စုဆောင်းပြီးနောက် တိုက်ပွဲဖြစ်တဲ့ နေရာတွေဆီ ပို့လွှတ်ကာ အသေခံ စစ်တိုက်ခိုင်းနေတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ လစဉ် လူ ၅၀၀၀ နှုန်း အသေခံ စစ်သားသစ် စုဆောင်းနေတာ ဖြစ်ပြီး နှဟ်နှစ်ကျော် အတွင်း လူ တစ်သိန်းကျော် စစ်သားသစ် စုဆောင်းခဲ့ပြီး ဖြစ်သလို လက်ရှိမှာ စစ်မှုထမ်း အပတ်စဉ် ၂၉အထိ ဖွင့်လှစ်ထားပြီးလည်း ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#MandalayFreePress #အညာ #မုံရွာ #စစ်ကိုင်း #ပေါ်တာဆွဲ

Related Articles

Back to top button