စစ်ကိုင်းသတင်း

တန့်ဆည်နယ် ကံထူးမရွာ လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၀ ဦးကျော်လာ

ထက်ဖြိုး/MFP ၊ စက်တင်ဘာ – ၂၇

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမရွာကို စစ်အုပ်စုက စက်တင်ဘာလ ၂၆ ရက် မနေ့က လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသူနှစ်ဦး ထပ်မံတိုးလာတာကြောင့် သေဆုံးဦးရေ ၁၀ ဦးအထိ ရှိလာပြီဖြစ်တယ်လို့ တန့်ဆည်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ကံထူးမရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်တာကြောင့် မနေ့ကအထိ သေဆုံး ရှစ်ဦးအထိရှိခဲ့ရာက ဒီကနေ့မှာ ဒဏ်ရာရသူတွေထဲက တစ်ဦး ထပ်မံသေဆုံးတာနဲ့ တစ်ဦးဟာအစအနတွေပဲ တွေ့ရတာကြောင့် သေဆုံး ၁၀ ဦးအထိရှိလာတာလို့ ဆိုပါတယ်။

“ပန့်ဆိုင်ပိုင်ရှင် ကိုပြူးစိန်ရော ရှာမတွေ့ပါ။ သေဆုံးထဲပါသွားတယ်လို့ ယူဆရပါတယ်။ သူက ဆောက်လက်စနှစ်ထပ်တိုက်ပိုင်ရှင်ဖြစ်ပါတယ်။ ဆေးကုသမှု ခံယူနေတဲ့ ကိုအောင်ကိုဝင်း ထပ်မံသေဆုံးပါတယ်”

မနေ့ကအထိ ဒဏ်ရာရသူ ၁၂ ဦးရှိခဲ့ပြီး အဲဒီထဲက သုံးဦးဟာ ဒဏ်ရာပြင်း အပြင်းအထန်ရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါယ်။ 

သေဆုံးသူတွေထဲမှာ ခြောက်ဦးရဲ့ အလောင်းကိုယ်ထည်ကို ရရှိပေမဲ့ ကျန်တဲ့လေးလောင်းကတော့ ဘယ်သူဘယ်ဝါရယ်လို့ မသိရနိုင်တော့အောင် အစအနတွေအဖြစ် ပြန့်ကြဲကုန်တာဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေအထဲမှာ ကလေးကျောင်းကြိုသွားကြသူတွေ စျေးသည်နဲ့ ပန်းရံအလုပ်သမားတွေအပြင် ဒေသခံအမျိုးသမီး လူငယ်တစ်ဦး ပါဝင်တယ်လို့ MFP က ကနဦး စုံစမ်းသိရှိထားပြီး မြေပြင်မှာ အကူအညီပေးနေသူတွေကလည်း သေဆုံးဒဏ်ရာသူတွေရဲ့ အချက်အလက်တွေကို စုစည်းနေဆဲ ဖြစ်ပါတယ်။

နယ်မြေရဲစခန်းလည်းရှိတဲ့ ကံထူးမရွာကို စစ်အုပ်စုနဲ့ ပျူစောထီးတွေက အထိုင်စခန်းချထားခဲ့ရာက ၂၀၂၄ မတ်လအတွင်းမှာ တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်သိမ်းယူပြီး စိုးမိုးထိန်းချုပ်ထားဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button