ICJ စီရင်ချက် နောက်ဆက်တွဲ တရားမျှတမှု ဖော်ဆောင်ရေးမှာ ULA/AA အပါအဝင် ရခိုင်ပြည်တွင်း သက်ဆိုင်သူတွေ ဦးဆောင်ပါဝင်ဖို့ SCEF တိုက်တွန်း၊
ဝင်းသိန်း/MFP၊ နိုဝင်ဘာ – ၂၂
ရခိုင်ပြည်မြောက်ပိုင်းရှိ ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး – ICJ ရဲ့ စီရင်ချက်နောက်ဆက်တွဲ တရားမျှတမှု ဖော်ဆောင်ရေးမှာ လက်ရှိ ရခိုင်ပြည်ကို ထိန်းချုပ် အုပ်ချုပ်နေတဲ့ ULA/AA အပါအဝင် ဒေသတွင်း သက်ဆိုင်သူတွေ ဦးဆောင် ပါဝင်ဖို့ အရေးကြီးတယ်လို့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီ – SCEF က ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။
၂၀၁၇ ခုနှစ်အတွင်းက ရခိုင်ပြည်ရှိ ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း တရားရုံး – ICJ ရဲ့ ဆုံးဖြတ်ချက်ဟာ သမိုင်းဝင်မှတ်တိုင်တစ်ရပ်ဖြစ်ပြီး SCEF အနေနဲ့ ကြိုဆို အသိမှတ်ပြုကြောင်းနဲ့ ရခိုင်ပြည်မှာ လက်ရှိ အဓိက အာဏာပိုင်အဖြစ် ရပ်တည်နေတဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) အပါအဝင် ရခိုင်ပြည်ရှိ သက်ဆိုင်သူအားလုံး၊ နိုင်ငံတကာ အသိုက်အဝန်းတို့နဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ပြီး အဖြေရှာရေးလုပ်ငန်းစဉ်တွေ ဖော်ဆောင်မယ်လို့ ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်စဉ်တွေကို တာဝန်ယူ တာဝန်ခံပြီး ဖြေရှင်းတဲ့ နေရာမှာ ရခိုင်ပြည်တွင်း လက်ရှိအုပ်ချုပ်ရေးနဲ့ နယ်မြေထိန်းသိမ်းရေး လုပ်နေတဲ့ အစုအဖွဲ့တွေ၊ ဒေသတွင်း state actor တွေနဲ့ ကျူးလွန်ခံရတဲ့ ရိုဟင်ဂျာတွေကိုယ်တိုင် ဦးဆောင်ပါဝင်ဖို့ အရေးကြီးတယ်လို့ SCEF ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင်နဲ့ ပြောရေးဆိုခွင့်ရှိသူ မဇူးပဒုမ္မာက MFP ကို ပြောပါတယ်။

“ရခိုင်ပြည်တွင်းမှာ ရှိနေတဲ့ လက်ရှိ အုပ်ချုပ်ရေးလုပ်ငန်းကို လုပ်နေတဲ့၊ နယ်မြေထိန်းသိမ်းရေး လုပ်နေတဲ့ အစုအဖွဲ့တွေ၊ ဒီအပေါ်မှာ ရှိနေတဲ့ state actor တွေ၊ ကျူးလွန်ခံရတဲ့ ရိုဟင်ဂျာတွေကိုယ်တိုင် ပါဝင်ဖို့ အရေးကြီးတယ်။ ဦးဆောင်ဖို့ အရေးကြီးတယ်။ ပြီးမှ ဒီဖြစ်စဉ်အပေါ် SCEF အနေနဲ့က ပူးပေါင်း ဆောင်ရွက် အားဖြည့်သွားဖို့အတွက်ပဲ ဖြစ်ပါလိမ့်မယ်”
အခုချမှတ်လိုက်တာဟာ ရခိုင်ပြည်မြောက်ပိုင်းမှာ လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ခဲ့တယ်ဆိုတဲ့ စီရင်ချက်သာ ဖြစ်ပြီး ဖြစ်စဉ်တစ်ခုလုံး ပြီးမြောက်သွားတာ မဟုတ်တဲ့အတွက် နစ်နာသူတွေရဲ့ လုံခြုံရေး၊ နေရပ်ပြန်ရေး၊ ပါဝင်ပတ်သက်သူတွေကို စာရင်းပြုစု မှတ်တမ်းတင်ရေးနဲ့ နောက်ထပ် မဖြစ်ပွားအောင် စောင့်ကြည့်စုံစမ်းရေး လုပ်ငန်းစဉ်တွေ အများကြီး ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။
၂၀၁၇ ခုနှစ် ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တဲ့ စစ်အုပ်စုဟာ လက်ရှိမှာ နိုင်ငံအာဏာကို ယူထားပြီး ကရင်နီပြည်က မူဆို ဖြစ်စဉ်အပါအဝင် တိုင်းရင်းသားဒေသတွေမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ဆက်လက် ကျူးလွန်နေတယ်လို့ မဇူးပဒုမ္မာက ထောက်ပြပါတယ်။
“ဒီဖြစ်စဉ်ပေါ်မှာ မူတည်ပြီးမှ ကျွန်မတို့ မြန်မာနိုင်ငံမှာ တရားမျှတမှုတွေ လိုအပ်နေတယ်။ ဒီလို လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတဲ့ဟာမျိုးကို နိုင်ငံတကာတွေက ပိုပြီးမှ သိရှိနိုင်မယ့် အကျိုးသက်ရောက်မှုမျိုး၊ တရားမျှတမှု ဖော်ဆောင်တဲ့အခါမှာ အားလုံး ဒွန်တွဲ ဆောင်ရွက်နိုင်မယ့် အနေအထားမျိုး ဖြစ်လာနိုင်မယ်လို့ ကျွန်မတို့အနေနဲ့ ရှုမြင်ပါတယ်”

လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ သံသယရှိသူတွေ ကိုယ်တိုင်က စုံစမ်းစစ်ဆေးတာနဲ့ အရေးယူတာတွေကို တာဝန်မယူသင့်ဘဲ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ စစ်တပ် ခေါင်းဆောင်ပိုင်း အပါအဝင် အဓိက တာဝန်ရှိသူတွေကို အကာအကွယ်မပေးဘဲ ထိထိရောက်ရောက် အရေးယူဖို့ SCEF က တောင်းဆိုပါတယ်။
ဒါ့အပြင် အလားတူ ရာဇဝတ်မှုတွေ ထပ်မဖြစ်စေဖို့ နိုင်ငံရေးနဲ့ စစ်ရေးဖွဲ့စည်းပုံတွေကို အသွင်ပြောင်းလဲပြီး စစ်တပ်အပေါ် အရပ်သားအုပ်ချုပ်မှု ထူထောင်ဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
SCEF အနေနဲ့ အဖွဲ့ဝင်အဖွဲ့အစည်းတွေ နယ်မြေထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အရပ်သားကာကွယ်ရေး၊ လူသားချင်း စာနာမှု အကူအညီရရှိရေး၊ အားလုံးပါဝင်တဲ့ အုပ်ချုပ်ရေးစနစ် အားကောင်းရေး၊ အမုန်းစကား တားဆီးရေးနဲ့ သက်သေအထောက်အထား ထိန်းသိမ်းစုဆောင်းရေးတို့ကို ကတိပြု ဆောင်ရွက်မယ်လို့ ဆိုပါတယ်။
SCEF ဟာ အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ (executive body) မဟုတ်ဘဲ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး အတွက် ဦးဆောင်ချိတ်ဆက်မယ့် အဖွဲ့ဖြစ်တာကြောင့် အသွင်ကူးပြောင်းရေးကာလမှာ ပေါ်ပေါက်လာမယ့် အစိုးရအနေနဲ့ တာဝန်ယူဖြေရှင်းနိုင်ဖို့ မူဝါဒနဲ့ ယန္တရားတွေကို အခုကတည်းက ပြင်ဆင် ထိန်းညှိနေတယ်လို့ မဇူးပဒုမ္မာက ဆက်ပြောပါတယ်။
“ကျွန်မတို့ လူမှုပတ်ဝန်းကျင်မှာ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတဲ့ ဓလေ့ကို စပြီးမှ ဖျောက်ဖျက်ဖို့ လိုအပ်တယ်။ အနာဂတ်မှာ လူ့ဂုဏ်သိက္ခာနဲ့အညီ သက်ဝင်တဲ့ ပြည်ထောင်စုတစ်ရပ် တည်ဆောက်ဖို့ ဆိုရင် SCEF တစ်ဖွဲ့တည်းနဲ့ မလုံလောက်ဘူး။ လက်ရှိပြင်ဆင်နေတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှု မူဘောင် နဲ့အညီ အားလုံး ပူးပေါင်း ပါဝင်ရပ်တည်ပေးဖို့ တောင်းဆို တိုက်တွန်းချင်ပါတယ်”

အဖွဲ့ဝင် ဖက်ဒရယ် unit တွေ၊ တိုင်းရင်း သားတော်လှန်ရေးအဖွဲ့အစည်း (ERO) တွေနဲ့ လူထုကိုယ်စားပြု mandate ရထားတဲ့ အစုအဖွဲ့တွေအနေနဲ့ မြေပြင်မှာ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ကာကွယ်တားဆီးရေး ယန္တရားတွေကို လုပ်ဆောင်နေပြီးသား ဖြစ်လို့ အနာဂတ် တိုင်းပြည် တည်ဆောက်ရေး ကာလမှာ ပိုမိုခိုင်မာစွာ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်အောင် SCEF က ဆက်လက် ညှိနှိုင်းဆောင်ရွက်မယ်လို့ သိရပါတယ်။
၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာ ခုနှစ်သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ မီးရှို့ဖျက်ဆီးမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်ခံခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဂမ်ဘီယာနိုင်ငံက အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စားပြုပြီး မြန်မာနိုင်ငံအနေနဲ့ ၁၉၄၈ ခုနှစ် လူမျိုးတုန်း သတ်ဖြတ်မှု တားဆီးရေးနှင့် အပြစ်ပေးရေးဆိုင်ရာ ကွန်ဗင်းရှင်း (Genocide Convention) ကို ချိုးဖောက်ကြောင်း ၂၀၁၉ နိုဝင်ဘာမှာ ကုလသမဂ္ဂရဲ့ အမြင့်ဆုံး တရားရေးအဖွဲ့အစည်းဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ထံ တရားစွဲဆို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီအမှုကို ICJ က ခုနှစ်နှစ်ကြာ ကြားနာစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း နိုဝင်ဘာ ၁၉ရက်မှာ အပြီးသတ် စီရင်ချက် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ စီရင်ချက်ဟာ နိုင်ငံတကာတရားရေးသမိုင်းမှာ မြန်မာနိုင်ငံအပေါ် ပထမဆုံးအကြိမ် တရားဝင် ဆုံးဖြတ်အတည်ပြုလိုက်တဲ့ အမှုလည်း ဖြစ်ပါတယ်။

SCEF ဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးနဲ့ အသွင်ကူးပြောင်းရေးကာလ လုပ်ငန်းစဉ်တွေ ညှိနှိုင်းဦးဆောင်ဖို့အတွက် အင်အားကြီး၊ သက်တမ်းရင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ၂၀၂၁ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေး အင်အားစုတွေ အတူတကွ ပူးပေါင်းကာ ၂၀၂၆ မတ်လ ၃၀ရက်မှာ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

ရိုဟင်ဂျာ လူမျိုးသုဉ်း သတ်ဖြတ်မှု မြန်မာက ကျူးလွန်ကြောင်း ICJ က နိုဝင်ဘာ ၁၉ရက်မှာ စီရင်ချက် ချမှတ်နေစဉ်/Photo – Reuters
MFP ရဲ့ သတင်းနဲ့ ဆောင်းပါးတွေကို ယူကျူ့၊ ဝက်ဘ်ဆိုက်နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #ICJ #မြန်မာ #ရခိုင်



