စစ်ကိုင်းသတင်း

ကံထူးမရွာ ဗုံးကြဲတိုက်ခိုက်မှုမှာ NUG  ပညာရေးဌာနရဲ့ ဒုတိယနှစ်ကျောင်းသူ မထက်မိုးဦး သေဆုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမရွာကို စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ မထက်မိုးဦးအတွက် ဝမ်းနည်းကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မနေ့က ကံထူးမရွာကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ အရပ်သား ၁၀ ဦးထဲမှာ အသက် ၂၀ ကျော်အရွယ် မထက်မိုးဦးလည်း ပါဝင်ပါတယ်။

မထက်မိုးဦးဟာ NUG ပညာရေးဝန်ကြီးဌာနရဲ့ သင်ကြားရေးအတတ်ပညာ တက္ကသိုလ်မှာ မူလတန်းဘာသာရပ်အထူးပြုကို ဒုတိယနှစ်တက်ရောက်နေတဲ့ ကျောင်းသူတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

မထက်မိုးဦးဟာ ထက်မြက်သွက်လက်တဲ့ ကျောင်းသူတစ်ဦး ဖြစ်သလို တက္ကသိုလ်ဝင်တန်းကို ထူးထူးချွန်ချွန် အောင်မြင်ခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။

MFP က လက်လှမ်းမီသလောက် စုစည်းထားတဲ့ အချက်အလက်တွေအရ မထက်မိုးဦးဟာ ဗုံးဒဏ်ကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဆိုးဆိုးရွားရွား ပျက်စီးကုန်တယ်လို့ ဆိုပါတယ်။

မထက်မိုးဦ့ရဲ့ဆရာဖြစ်သူကတော့ စာတော်ပြီး စာရိတ္တကောင်းတဲ့ တပည့်ကောင်းတစ်ဦး ဖြစ်တယ်လို့ MFP ကို ပြောပါတယ်။

“စာလဲတော်တယ်။ စာရိတ္တလည်းကောင်းတယ်။ သူ့ကို အလယ်တန်း(ခုနစ်တန်း) မှာ စာသင်ပေးခဲ့ပါတယ်။ တကယ့်ကို လိမ္မာရေးခြားရှိရှိတဲ့ ကလေးမလို့ ဖြစ်ရလေဆိုပြီး စိတ်မကောင်း ဖြစ်ရတယ်။ ဝမ်းနည်းရတယ်”

မထက်မိုးဦးဟာ ၂၀၂၀ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းကို မြန်မာစာ ၇၃ မှတ်၊ အင်္ဂလိပ်စာ ၆၂ မှတ်၊ သင်္ချာ ၇၆ မှတ်၊ ဓာတုဗေဒ ၇၂ မှတ်၊ ရူပဗေဒ ၅၂ မှတ်နဲ့ ဇီဝဗေဒ ၇၃ မှတ်နဲ့ အောင်မြင်ခဲ့တဲ့ ကျောင်းသူတစ်ဦးလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကျွန်ပညာရေးကို သပိတ်မှောက်တဲ့အနေနဲ့ ကျောင်းဆက် မတက်ကြသူတွေအတွက် NUG ရဲ့ ကြားကာလပညာရေးမှာလည်း လုပ်အားပေးဆရာမအဖြစ် လုပ်ကိုင်ပေးခဲ့သူလို့ ဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေကိုတော့ ဆေးကုသမှု ဆက်ပေးနေပြီးမထက်မိုးဦးအပါအဝင် သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုတော့ မနေ့က ညပိုင်းကတည်းက သဂြိုဟ်လိုက်တယ်လို့ ဆိုကြပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button