
ခွဲတမ်းကျ လူပေးထားတဲ့ ရွာတွေပါ ပေါ်တာဆွဲခံရလို့ လူငယ်တွေ ကျီးလန့်စာစားနေရဟုဆို၊
Phoenix/MFP၊ နိုဝင်ဘာ – ၂၀
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ အာဏာသိမ်း စစ်အုပ်စုက မနက်မလင်းမီ ကျေးရွာတွေကို စီးနင်းပိတ်ဆို့ကာ အိမ်ပေါ်အထိတက်ရောက် ပေါ်တာဆွဲ ဖမ်းဆီးနေသလို နေ့ခင်းဘက်နဲ့ ညနေပိုင်းတွေမှာလည်း အလစ်အငိုက်ချောင်းကာ ကျေးရွာတွေကို ပိတ်ဆို့စီးနင်း ပေါ်တာဆွဲ နေလို့ လူငယ်တွေ ပုန်းရှောင်နေထိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၁၇ ရက် မနက် ၄ နာရီခန့်က ဝမ်းတွင်းမြို့နယ်၊ ကံကြီးကျေးရွာကို စစ်အုပ်စုက ပိတ်ဆို့စီးနင်းပြီး ကိုယ့်အိမ်မှာကိုယ် အိပ်နေတဲ့ ရွာခံ လူငယ်အမျိုးသား သုံးဦးကို ပေါ်တာဆွဲ ဖမ်းခေါ်သွားတယ်လို့ ဒေသခံ မြေပြင် ကင်းထောက်အဖွဲ့ Voice of Wundwin (VOW) က ဖော်ပြပါတယ်။
စစ်အုပ်စုဟာ ဝမ်းတွင်းမြို့ပေါ်နဲ့ ဝမ်းတွင်းနယ် ကျေးရွာတွေကို ညပိုင်း၊ ညဉ့်နက်ပိုင်းနဲ့ မနက် အစောပိုင်းအချိန်တွေ စီးနင်းကာ ပေါ်တာဆွဲနေတာ ဖြစ်ပြီး ရုတ်တရက် ရှောင်တိမ်း၊ ထွက်မပြေးနိုင်သူတွေကို အိမ်ပေါ်အထိ တက်ဆွဲနေတာလို့ VOW တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ညပိုင်း၊ ညဉ့်နက်ပိုင်း၊ မနက်အစောကြီးတွေ ဝင်ဝင်ဆွဲတာ။ ဆွဲပြီဆိုရင် ယောကျ်ားလေး ရှိတဲ့ အိမ်တွေကို တစ်အိမ်တက်ဆင်း ဆွဲတာ။ လူငယ်တွေကတော့ ကျီးလန့်စာစားနေရတာပေါ့”
နိုဝင်ဘာ ပထမပတ်အတွင်းကလည်း ဝမ်းတွင်းမြို့နယ်၊ သုံးဒေါင့်အိုင်ကျေးရွာကို စစ်အုပ်စုက မနက် ၃ နာရီလောက်မှာ ပိတ်ဆို့စီးနင်းကာ နေအိမ်တွေပေါ်တက်ပြီး ဖမ်းဆီးပေးတာဆွဲလို့ ရွာခံ လူငယ်လေးဦး ပါသွားတယ်လို့ VOW က ဆိုပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၁၁ ရက် မနက် ၄ နာရီခွဲခန့်ကလည်း ဝမ်းတွင်းမြို့ပေါ် ရပ်ကွက်တချို့ကို စစ်အုပ်စုက ပိတ်ဆို့စီးနင်းကာ နေအိမ်တွေပေါ်တက်ပြီး ပေါ်တာဆွဲ ဖမ်းဆီးတာတွေ လုပ်ခဲ့သလို အဲဒီနေ့ ညနေ ၄ နာရီခန့်မှာ ဝမ်းတွင်းမြို့နယ်၊ စိန်ပန်းပင်ကျေးရွာကို ပိတ်ဆို့စီးနင်းပြီး ရွာခံ အမျိုးသားခြောက်ဦးကို နေအိမ်တွေထဲကနေ ဖမ်းဆီးပေါ်တာဆွဲ ခေါ်ထုတ်သွားတယ်လို့ VOW က ဆိုပါတယ်။
ဝမ်းတွင်းမြို့နယ် ကျေးရွာတွေဟာ စစ်အုပ်စု တောင်းခံတဲ့အတိုင်း ခွဲတမ်းကျအဖြစ် ကျေးရွာအုပ်စု တစ်ခုကို တစ်လ စစ်သားသစ် တစ်ယောက်နှုန်း၊ ကျေးရွာတစ်ရွာကို လေးလတစ်ကြိမ် စစ်သားသစ် လူတစ်ယောက်နှုန်း ပေးအပ်နေရသလို ပေါ်တာအဆွဲမခံရဖို့ စစ်အုပ်စုကို လစဉ် ဆက်ကြေးငွေ ပေးဆောင်ထားကြရပေမယ့် စစ်အုပ်စုက စိတ်ထင်တိုင်း ပေါ်တာပတ်ဆွဲနေတာလို့ ဆိုပါတယ်။
စစ်အုပ်စုကို လစဉ် ဆက်ကြေးငွေ ပေးဆောင်နိုင်မှုနည်းတဲ့ ကျေးရွာတွေနဲ့ ခွဲတမ်းကျ လူမပေးနိုင်တဲ့ ကျေးရွာတွေကိုတော့ စစ်အုပ်စုက ပိုမို ပစ်မှတ်ထား ပေါ်တာဆွဲတယ်လို့ ဆိုပါတယ်။
“သူတို့ကို လူပေးနေကြရတာလေ၊ လေးလကို တစ်ဦးနှုန်း။ လူမပေးတဲ့ရွာတွေကို ဝင်ဆွဲတယ်။ ငွေကတော့ ရွာတိုင်း ပေးရတာပါ။ ငွေအပြင် တစ်ရွာ လေးလကို တစ်ဦး လူပေးရတယ်” လို့ VOW တာဝန်ရှိသူက ဆက်ပြောပါတယ်။
လူရော ငွေကြေးပါ ပေးထားတဲ့ ကျေးရွာတွေမှာ ပေါ်တာဆွဲမှု သိပ်မရှိပေမယ့် စစ်အုပ်စုက တခါတရံမှာတော့ အဲ့ဒီ ဆက်ကြေးငွေ ပေးဆောင်ထားတဲ့ ရွာတွေကိုပါ စီးနင်းကာ ပေါ်တာဆွဲနေတာလို့ ဆိုပါတယ်။
“လူငယ်တွေကတော့ ကျီးလန့်စာစားနေရတာပေါ့။ လူလည်းပေး ငွေလည်းပေးတဲ့ ရွာတွေတော့ သိပ် မဆွဲဘူး။ သူတို့ တကယ် လူလိုလာပြီဆိုရင်တော့ အဖြူအမဲ မရွေးဘူး ဆွဲတယ်” လို့ VOW တာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက အသက်မပြည့်သေးတဲ့ ၁၂ တန်းကျောင်းသားတစ်ဦးကို စစ်အုပ်စုက ပေါ်တာဆွဲ ဖမ်းခေါ် သွားပြီးနောက် မနက် ၄ နာရီခန့်မှာ ဒဏ်ရာတွေနဲ့ လမ်းဘေးမှာ တွေ့ရှိခဲ့ရပြီး ကားပေါ်ဆွဲတင်သွားပြီးမှ အသက်မပြည့်သေးလို့ ကန်ချခဲ့တာ ဖြစ်မယ်လို့ VOW တာဝန်ရှိသူက ဆိုပါတယ်။
“ဟိုတလောက ၁၂ တန်းကျောင်းသားလေးကော ပါသွားတာ။ လမ်းရောက်မှ ကန်ချခဲ့တာ။ မနက်အစော ၄ နာရီလောက်ကြီး ကားလမ်းဘေးမှာ ဒဏ်ရာတွေနဲ့ ဈေးသယ်အန်တီကြီးက လမ်းဘေး ကလေးလေး လဲနေလို့ ဆိုပြီး ပြန်ခေါ်လာပေးတာ”
စစ်အုပ်စု ကြီးစိုးရာ မိတ္ထီလာမြို့နဲ့ ထိစပ်နေတဲ့ ဝမ်းတွင်းမြို့နယ်အတွင်း စစ်အုပ်စုက မကြာခဏ ပေါ်တာဆွဲနေတာ ဖြစ်ပြီး သြဂုတ်လအတွင်းကလည်း ကျေးရွာတွေကို ပိတ်ဆို့စီးနင်း ပေါ်တာဆွဲရု့မက လယ်ယာစိုက်ခင်းတွေအထိ လိုက်လံပစ်ခတ် ဖမ်းဆီး ပေါ်တာဆွဲတာတွေ လုပ်ခဲ့ပါတယ်။
မိတ္ထီလာမြို့ရှိ စစ်အုပ်စုနဲ့ ပျူစောထီးအဖွဲ့တွေဟာ စစ်သားသစ်နဲ့ ငွေလိုအပ်တဲ့အခါတိုင်း ဝမ်းတွင်းဘက်ကို လာရောက်ကာ ပေါ်တာဆွဲလေ့ရှိပြီး ဖမ်းဆီးရရှိလာသူတွေကို မိတ္ထီလာမြို့ရှိ စစ်အုပ်စု ခြေမြန်တပ်ရင်း (ခမရ) ၁၁၃ ထဲ စုဆောင်းထားပြီးနောက် ငွေနဲ့လာရွေးထုတ်သူကို ပြန်လွှတ်ပေးကာ ငွေမပေးနိုင်သူတွေကိုတော့ ရှမ်းပြည်နယ်၊ ဟိုပုံးမြို့ဘက် ပို့ဆောင်ကာ စစ်သင်တန်းပေးကာ သေခံစစ်သားအဖြစ် အသုံးချနေတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ ၂၀၂၄ မတ်လကစလို့ လစဉ် လူ ၅၀၀၀ နှုန်း စစ်သားသစ် စုဆောင်းကာ တိုက်ပွဲဖြစ်တဲ့ နေရာတွေ ပို့လွှတ်ပြီးနောက် အသေခံ စစ်တိုက်ခိုင်းနေတာ ဖြစ်ပါတယ်။
စစ်အုပ်စုက စစ်သားသစ်တွေကို အချိန် နှစ်နှစ်ပဲ စစ်တိုက်ခိုင်းမယ်လို့ ကြေညာထားပေမယ့် အများစုက တိုက်ပွဲတွေမှာ သေဆုံးနေကြရပြီး နှစ်နှစ်ခွဲ ကျော်အတွင်း နိုင်ငံတဝန်း လူ တစ်သိန်းကျော် ပေါ်တာဆွဲ စုဆောင်းခံခဲ့ရတဲ့အထဲက လူဦးရေ ရာဂဏန်းသာ အိမ်ပြန်ခွင့်ရခဲ့ပါတယ်။
ဝမ်းတွင်းနယ်ထဲ ရွာစဉ်လှည့်နေတဲ့ စစ်အုပ်စုနဲ့ ပျူစောထီးတွေကို လွန်ခဲ့တဲ့ လပိုင်းက တွေ့ရစဉ်/Photo – စစ်အုပ်စု



