စစ်ကိုင်းသတင်း

စစ်ကိုင်းမြို့အဝင် စစ်အုပ်စု ဂိတ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်

မယ်ပ/MFP၊ စက်တင်ဘာ – ၂၇

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့အဝင် ဝါးချက်ကျေးရွာတောင်စစ်အုပ်စု ဂိတ်စခန်းကို သေနတ်တစ်ချက်မဖောက်ရဘဲ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ရေးပစ်မှတ်ဖြစ်တဲ့ ဝါးချက်ချောင်းရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက စက်တင်ဘာ ၂၇ရက်က သွားရောက် ပစ်ခတ်တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ စစ်အုပ်စု ဂိတ်စခန်းကို တိုက်ခိုက်ဖို့ လာချိန်မှာဘဲ ဝါးချက်ချောင်းရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုတွေက ကားတွေနဲ့ ကြိုတင်ထွက်ပြေးတိမ်းရှောင် ထွက်ပြေးသွားတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သေနတ် တစ်ချက်မှ မပစ်ဖောက်ရဘဲ စခန်းကို သိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။

“စစ်ကိုင်းမြို့အဝင် ဝါးချက်ကျေးရွာတောင်ဘက် စကမ စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ရန် သွားရောက်ခဲ့သော်လည်း ကားဖြင့်ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ပစ်ခတ်
တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းမရှိဘဲ ဂိတ်ကိုသိမ်းပိုက်နိုင်ခဲ့ပြီး ပြန်လည်ဆုတ်ခွာလာခဲ့သည်” လို့ ဖော်ပြပါတယ်။

အဲဒီစစ်အုပ်စုဟာ စစ်အုပ်စုတွေဟာ စစ်ကိုင်းမြို့ပေါ်နေ အင်အားဖြည့်တင်းပြီးနောက် စစ်ကြောင်းဆုတ်ခွာတဲ့ လမ်းတစ်လျှောက်က ကျေးရွာတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့ရာ ဝါးချက်ကျေးရွာက ကလေးငယ်တစ်ဦး လက်နက် ကြီးထိမှန်ခဲ့သလို ပယ်ငါးဆယ်ကျေးရွာက လူလတ်ပိုင်းတစ်ဦးမှာလည်း ပေါင်ကိုကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က အသိပေးထားပါတယ်။

စစ်အုပ်စုအနေနဲ့ ကျေးရွာတွေဘက်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ မရပ်မနား တရစပ် ပစ်ခတ်နေတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားနေထိုင်ကြဖို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က ထုတ်ပြန်ချက်က တဆင့်အသိပေးထားပါတယ်။

တိုက်ခိုက် သိမ်းပိုက်လိုက်တဲ့ စစ်အုပ်စုဂိတ်စခန်းဟာ ဒေသခံတွေနဲ့ လမ်းသွားလမ်းလာတွေကို အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေးတာ၊ အကြမ်းဖက်တာနဲ့ငွေညှစ်တာတွေကို လုပ်ဆောင်နေတာလို့ ဒေသခံတွေက ဆိုကြပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button