ဆောင်းပါး

အဏုမြူဗုံး ဖင်ခုထိုင်ထားတဲ့ မန္တလေး၊ စစ်ကိုင်းပြတ်ရွှေ့ပေါ်တည်ရှိနေတဲ့ မြို့ ဘယ်လိုအကာ အကွယ်မဲ့နေသလဲ?

မန္တလေးမြို့မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ အဏုမြူဗုံးထက်အဆပေါင်းသုံးရာ ပြင်းထန်တယ်ဆိုတာ သိပါသလား? ▪️ မြန်မာငလျင်လေ့လာရေး သမိုင်းဟာ အရှေ့တောင်အာရှမှာ အစောဆုံးဖြစ်ခဲ့ပါတယ်။ ▪️ငလျင်ကို မခန့်မှန်း နိုင်ဘူးဆိုတဲ့ ရေပန်းစားအယူအဆ ဟာ မမှန်ပါဘူး… စတဲ့ အကြောင်းအရာတွေကို ဒီဆောင်းပါးမှာ ဖတ်ရမှာပါ။

ဇူဇူး/MFP (ဆောင်းပါး)

“အဲ့ဒီအချိန်တုန်းက ကမ္ဘာပျက်တဲ့အတိုင်းပဲ…. မန္တလေးတစ်မြို့လုံး မြို့ပျက်ကြီးလို ဖြစ်သွားတာ”

၂၀၂၅ ခုနှစ် မတ်လ၂၈ရက် ငလျင်ကြီးကို မျက်မြင်ကြုံတွေ့ခဲ့ရတဲ့သူတွေနဲ့ MFP က စကားပြောတဲ့အခါတိုင်း ဒီအကြောင်း မပါမဖြစ်ပါ။ သူတို့ချစ်တဲ့မြို့၊ သူတို့ကို ထွေးပွေ့ထားတဲ့မြို့ဟာ မြို့ပျက်ကြီးလို ဖြစ်သွားသတဲ့။

မန္တလေးစိန်ပန်းရပ်မှာဆိုမျက်စိတဆုံးအပျက်အစီးများစွာဟာအဖြူအမဲရုပ်ရှင်တွေမှာမြင်ရတဲ့ ဒုတိယကမ္ဘာစစ်ကာလမန္တလေးမြို့လိုပဲ။ အဆောက်အဦးတွေကပွစာကျဲ ပြိုလဲလို့ဖျက်အားပြင်း ဗုံးပေါင်းများစွာအကြိမ်ကြိမ်ပေါက်ကွဲခဲ့တာထက်တောင် ဆိုးပါသေးရဲ့။

ဒါ့ကြောင့်လည်း နိုင်ငံတကာ ငလျင်ပညာရှင်တွေက စစ်ကိုင်းပြတ်ရွေ့ရဲ့ တမန်တော် မန္တလေးငလျင်ကြီးကို အဏုမြူ ဗုံးနဲ့ တင်စားကြတာဖြစ်ပါတယ်။ အဏုမြူဗုံးတောင် တစ်လုံးတည်း မဟုတ်ပါဘူး….

“အဲ့ဒီငလျင်ရဲ့အင်အားက အဏုမြူဗုံး ၃၃၄ လုံးကြဲချတာနဲ့တူတယ်” လို့ အမေရိကန်ဘူမိဗေဒပညာရှင်တစ်ဦး ဖြစ်တဲ့ ဂျက်စ်ဖီးနစ် (Jess Phoenix) က CNN သတင်းဌာနနဲ့အင်တာဗျူးမှာ မန္တလေးမြို့ကငလျင်ကို မှတ်ချက် ပေးခဲ့ပါတယ်။ 

၁၉၄၅ ခုနှစ်က ဒုတိယကမ္ဘာစစ်ကို အပြီးသတ်စေခဲ့တဲ့၊ ဂျပန်နိုင်ငံ “ဟီရိုရှီးမား” မြို့ကို အမေရိကန် လေတပ်က ကျဲချခဲ့တဲ့ “Little Boy” အဏုမြူဗုံးဟာ စွမ်းအင်ပြင်းအား ၁၅ ကီလိုတန် (TNT equivalent) ပေါက်ကွဲနှုန်းရှိခဲ့ တယ်။ မန္တလေးမြို့မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကတော့ စွမ်းအင် ၅,၀၀၀ ကီလိုတန် (TNT equivalent) ရှိတာကြောင့် အဆပေါင်း ၃၀၀ ကျော်ပိုပြီး စွမ်းအားပြင်းပါတယ်။ 

အဏုမြူဗုံးက တစ်ချက်တည်း ပေါက်ကွဲသွား‌စေပြီး ငလျင်ရဲ့စွမ်းအင်ကတော့ မိနစ်များစွာ သို့မဟုတ် နာရီ အတိုင်း အတာတစ်ခုအတွင်း တဖြည်းဖြည်းထုတ်ပေးကာ မြေပြင်ကြီးကို တုန်ခါစေတာ ဖြစ်ပါတယ်။ ဒါကြောင့် အကျိုး သက်ရောက်မှုပုံစံ နဲ့ အဖျက်စွမ်းအားခြင်းကတော့ ကွာခြားပါတယ်။

အဏုမြူဒဏ်သင့်ခဲ့တဲ့ ဟီရိုရှီမားမြို့ကို နှစ်များစွာတိုင် မျိုးဆက်အဆက်ဆက် ပြန်လည်တည်ထောင်ခဲ့ကြရာမှာ ယနေ့ခေတ် ဂျပန်နိုင်ငံအနောက်ပိုင်းဒေသ ရဲ့ အရေးပါတဲ့ စက်မှုမြို့တမြို့အဖြစ် အရင်ထက် အဆပေါင်းများစွာ ပိုကြီးမားဖွံ့ဖြိုးလာခဲ့ပါပြီ။ အဏုမြူဗုံးဟာ လွန်ခဲ့တဲ့အတိတ်မှာ ကျန်ခဲ့ပြီ၊ ဇာတ်လမ်းသိမ်းပါပြီ။ 

ဒါပေမယ့် ရွှေမန်းမြေ ရဲ့ ဇာတ်လမ်းကတော့ မပြီးသေးပါဘူး။ ဘယ်ချိန်ထပ်ပေါက်ကွဲမလဲ မသိတဲ့ ဖျက်အား ပြင်း ငလျင်ကြီးက မြေကြီးအောက်မှာ ရှိနေပါသေးတယ်။ 

ဒါကတော့ စစ်ကိုင်းပြတ်ရွေ့ပါ စစ်ကိုင်းပြတ်ရွေ့ဟာ ဆွန်းဒါးမြေထုချပ်နဲ့ အိန္ဒိယမြေထုချပ်ကြားမှာ ဖြစ်ပေါ်တည်ရှိနေတဲ့ ပြတ်ရွေ့ကြောတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံကို အလယ်ကနေ အရှေ့နဲ့အနောက် နှစ်ပိုင်းခွဲထားပေးတဲ့ ငလျင်ကြောဖြစ်ပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်း ရန်ကုန်၊ ပဲခူး၊ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းကနေဖြတ်ပြီး မြစ်ကြီးနား၊ မိုးကောင်း၊ ပူတာအို၊ အင်းတော်ကြီး စတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းအထိ ကီလိုမီတာ ၁၂၀၀ ကျော် ရှည်လျားပါတယ်။ 

မြေထုပြတ်ရွေ့ကြောတွေဟာ အချင်းချင်းပွတ်တိုက်တဲ့ ဖိအားကြောင့် တဖြည်းဖြည်းစွမ်းအင်များစုဆောင်းကာ မခံနိုင်တော့တဲ့ အချိန်မှာ ငလျင်အဖြစ်ထုတ်လွှတ်တက်ပါတယ်။ ဒါကြောင့် ပြတ်ရွေ့များမှာ အချိန်တိုအတွင်း လှုပ်တဲ့ ငလျင်တွေက စွမ်းအင်များမစုကပ်သေးတာကြောင့် အားနည်းပမယ့် အချိန်ကာရှည်စွာစုပုံနေရင်တော့ အလွန်ကြီးမားတဲ့ အန္တရာယ်ကိုဖြစ်စေပါတယ်။ ဥပမာအားဖြင့် ခနတိုင်းလှုပ်နေတဲ့ ငလျင်ထက် နှစ်ပေါင်း ရာချီမှ လှုပ်တဲ့ငလျင်က ပိုမိုကြောက်မက်ဖွယ်ကောင်းပါတယ်။ 

ဒီလို တကြော့ပြန်လာဖို့ အားယူနေတဲ့ အန္တရာယ်ဆိုးပေါ်မှာ လူဦးရေသန်းပေါင်းများစွာ နေထိုင်နေကြပါတယ်။ ပြီးတော့ သူတို့အားလုံးဟာ အစွမ်းထက်တဲ့ အကာအကွယ်အစီမံတွေ ဘယ်လိုရသင့်သလဲဆို”အဲ့ဒီငလျင်ရဲ့အင်အားက အဏုမြူဗုံး ၃၃၄ လုံးကြဲချတာနဲ့တူတယ်” လို့ အမေရိကန်ဘူမိဗေဒပညာရှင်တစ်ဦး ဖြစ်တဲ့ ဂျက်စ်ဖီးနစ် (Jess Phoenix) က CNN သတင်းဌာနနဲ့အင်တာဗျူးမှာ မန္တလေးမြို့ကငလျင်ကို မှတ်ချက် ပေးခဲ့ပါတယ်။ 

၁၉၄၅ ခုနှစ်က ဒုတိယကမ္ဘာစစ်ကို အပြီးသတ်စေခဲ့တဲ့၊ ဂျပန်နိုင်ငံ “ဟီရိုရှီးမား” မြို့ကို အမေရိကန် လေတပ်က ကျဲချခဲ့တဲ့ “Little Boy” အဏုမြူဗုံးဟာ စွမ်းအင်ပြင်းအား ၁၅ ကီလိုတန် (TNT equivalent) ပေါက်ကွဲနှုန်းရှိခဲ့ တယ်။ မန္တလေးမြို့မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကတော့ စွမ်းအင် ၅,၀၀၀ ကီလိုတန် (TNT equivalent) ရှိတာကြောင့် အဆပေါင်း ၃၀၀ ကျော်ပိုပြီး စွမ်းအားပြင်းပါတယ်။ 

အဏုမြူဗုံးက တစ်ချက်တည်း ပေါက်ကွဲသွား‌စေပြီး ငလျင်ရဲ့စွမ်းအင်ကတော့ မိနစ်များစွာ သို့မဟုတ် နာရီ အတိုင်း အတာတစ်ခုအတွင်း တဖြည်းဖြည်းထုတ်ပေးကာ မြေပြင်ကြီးကို တုန်ခါစေတာ ဖြစ်ပါတယ်။ ဒါကြောင့် အကျိုး သက်ရောက်မှုပုံစံ နဲ့ အဖျက်စွမ်းအားခြင်းကတော့ ကွာခြားပါတယ်။

အဏုမြူဒဏ်သင့်ခဲ့တဲ့ ဟီရိုရှီမားမြို့ကို နှစ်များစွာတိုင် မျိုးဆက်အဆက်ဆက် ပြန်လည်တည်ထောင်ခဲ့ကြရာမှာ ယနေ့ခေတ် ဂျပန်နိုင်ငံအနောက်ပိုင်းဒေသ ရဲ့ အရေးပါတဲ့ စက်မှုမြို့တမြို့ အဖြစ် အရင်ထက် အဆပေါင်း များစွာ ပိုကြီးမားဖွံ့ဖြိုးလာခဲ့ပါပြီ။ အဏုမြူဗုံးဟာ လွန်ခဲ့တဲ့အတိတ်မှာ ကျန်ခဲ့ပြီ၊ ဇာတ်လမ်းသိမ်းပါပြီ။ 

ဒါပေမယ့် ရွှေမန်းမြေ ရဲ့ ဇာတ်လမ်းကတော့ မပြီးသေးပါဘူး။ ဘယ်ချိန်ထပ်ပေါက်ကွဲမလဲမသိတဲ့ဖျက်အား ပြင်း ငလျင်ကြီးကမြေကြီးအောက်မှာရှိနေပါသေးတယ်။ 

ဒါကတော့ စစ်ကိုင်းပြတ်ရွေ့ပါ စစ်ကိုင်းပြတ်ရွေ့ဟာ ဆွန်းဒါးမြေထုချပ်နဲ့ အိန္ဒိယမြေထုချပ်ကြားမှာ ဖြစ်ပေါ်တည်ရှိနေတဲ့ ပြတ်ရွေ့ကြောတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံကို အလယ်ကနေ အရှေ့နဲ့အနောက် နှစ်ပိုင်းခွဲထားပေးတဲ့ ငလျင်ကြောဖြစ်ပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်း ရန်ကုန်၊ ပဲခူး၊ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းကနေဖြတ်ပြီး မြစ်ကြီးနား၊ မိုးကောင်း၊ ပူတာအို၊ အင်းတော်ကြီး စတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းအထိ ကီလိုမီတာ ၁၂၀၀ ကျော် ရှည်လျားပါတယ်။ 

မြေထုပြတ်ရွေ့ကြောတွေဟာ အချင်းချင်းပွတ်တိုက်တဲ့ ဖိအားကြောင့် တဖြည်းဖြည်းစွမ်းအင်များစုဆောင်းကာ မခံနိုင်တော့တဲ့ အချိန်မှာ ငလျင်အဖြစ်ထုတ်လွှတ်တက်ပါတယ်။ ဒါကြောင့် ပြတ်ရွေ့များမှာ အချိန်တိုအတွင်း လှုပ်တဲ့ ငလျင်တွေက စွမ်းအင်များမစုကပ်သေးတာကြောင့် အားနည်းပမယ့် အချိန်ကာရှည်စွာစုပုံနေရင်တော့ အလွန်ကြီးမားတဲ့ အန္တရာယ်ကိုဖြစ်စေပါတယ်။ ဥပမာအားဖြင့် ခနတိုင်းလှုပ်နေတဲ့ ငလျင်ထက် နှစ်ပေါင်း ရာချီမှ လှုပ်တဲ့ငလျင်က ပိုမိုကြောက်မက်ဖွယ်ကောင်းပါတယ်။ 

ဒီလို တကြော့ပြန်လာဖို့ အားယူနေတဲ့ အန္တရာယ်ဆိုးပေါ်မှာ လူဦးရေသန်းပေါင်းများစွာ နေထိုင်နေကြပါတယ်။ ပြီးတော့ သူတို့အားလုံးဟာ အစွမ်းထက်တဲ့ အကာအကွယ်အစီမံတွေ ဘယ်လိုရသင့်သလဲဆိုတာ MFP က အခုဆောင်းပါးမှာ ဆွေးနွေး ထားပါတယ်။

စစ်ကိုင်းပြတ်ရွေ့ရဲ့ တမာန်တော်တွေ

မြန်မာနိုင်ငံရဲ့ ငလျင်လေ့လာရေးသမိုင်းဟာ ကိုလိုနီခေတ်ဦး အင်းဝငလျင်ကြီးလှုပ်ခတ်ခဲ့ချိန် ၁၈၃၉ ခုနှစ်က အစပြုခဲ့တာကြောင့် ဒေသတွင်းနဲ့ အာရှ နိုင်ငံတွေကြားမှာ အစောဆုံးလို့ ဆိုနိုင်ပါတယ်။ ဒီကာလဟာ ခေတ်မီ ငလျင်အသိပညာရဲ့ ရှေးပြေး အချိန်ပဲ ရှိပါသေးတယ်။ 

အိန္နိယမှာ အခြေစိုက်တဲ့ ဗြိတိသျှဘူမိပညာရှင်တွေဟာ အမရပူရနဲ့ အင်းဝကို ဗဟိုပြုပြီး ပြင်းအား ၈ ဒဿမ ၃ မဂ္ဂနီကျူနဲ့ လှုပ်ခတ်သွားခဲ့တဲ့ ငလျင်ကြီးရဲ့ ပျက်စီးမှုနဲ့သက်ရောက်မှုတွေကို သတင်းစာတွေမှာ၊ သုတေသနတွေမှာ ကောင်းကောင်း မှတ်တမ်းတင်ခဲ့ပါတယ်။ 

ကိုလိုနီခေတ် ထင်ရှားတဲ့ ဗြိတိသျှလူမျိုး ဘူမိပညာရှင် John Coggin Brown က ၁၉၁၂ ခုနှစ်မှာ Memoirs of the Geological Survey of India ကို ပြုစုခဲ့ပြီး ဒီအထဲမှာ ၁၉၁၂ မြန်မာ့ငလျင်နဲ့ ပထဝီသဘောတရားကို ကျယ့်ပြန့်စွာ ပြုစုရေးသားခဲ့တာကြောင့် မြန်မာ့ငလျင် သမိုင်းရဲ့ အစောဆုံးနဲ့ အရေးအပါဆုံး စာအုပ်ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီ့အချိန်က ငလျင်ပညာရှင်တွေဟာ ပြတ်ရွေ့ကြောတွေကြောင့် ငလျင်ဖြစ်ရတယ်ဆိုတဲ့ အယူအဆကိုတောင် သိပ္ပံနည်းကျ သက်သေမပြနိုင်သေးတဲ့အချိန်လည်း ဖြစ်ပါတယ်။ 

စစ်ကိုင်းပြတ်ရွေ့ကြောလို့ စတင်သုံးနှုံးပြီး ကြီးမားတဲ့ အန္တရာယ်အဖြစ် လက်ခံလာကြတာကတော့ ၁၉၃၀ ခုနှစ်နှောင်း ပိုင်းမှာပါ ။ ၁၉၃၀ ကနေ ၁၉၃၁ တစ်နှစ်အတွင်းမှာပဲ မြန်မာနိုင်ငံမှာ ငလျင်အကြိမ်ပေါင်း များစွာ လှုပ်ခတ်ခဲ့ပြီးနောက် ဗြိတိသျှပညာရှင်တွေအတွက် လေ့လာစရာအကောင်းဆုံး ကုန်ကြမ်းတွေ ဖြစ်ခဲ့ကြပါတယ်။ စစ်ကိုင်းပြတ်ရွေ့ ရဲ့သဘော ကိုလည်း ပိုမိုနားလည်လာခဲကြပါတယ်။ 

ကိုလိုနီခေတ် မြန်မာနိုင်ငံရဲ့ ငလျင်ပြ မြေပုံတွေ၊ လမ်းညွှန်တွေနဲ့ မှတ်တမ်းတင်စနစ်တွေဟာ အလွန်ခေတ်မီ ပြောင်မြောက်လွန်းလို့ ဒေသတွင်းနိုင်ငံတင်မကဘဲ ကမ္ဘာထိ ပေါက်ရောက်တယ်လို့ ပြောရင်မလွန်ပါဘူး။ 
ဒါ့အပြင် စစ်ကိုင်းပြတ်ရွေ့ကြောကြီးကို လေ့လာမှုဟာ ကမ္ဘာ့လူထုရဲ့ ငလျင်အပေါ်နားလည်မှုကို ပိုအစွမ်း ထက်စေခဲ့တယ် လို့ ကိုလိုနီခေတ်ပညာရှင် H. L. Chhibber ရဲ့ လန်ဒန်မြို့မှာ ထုတ်ဝေခဲ့တဲ့ “ The Geology of Burma( 1934) မှာဖော်ပြထားခဲ့ပါတယ်။ ဒီစာအုပ်မှာ ကမ္ဘာ့ ပြတ်ရွေ့ကြောတွေနဲ့ မြေသားပြောင်းလဲမှုဆိုင်ရာ သဘောတွေအကြောင်း စစ်ကိုင်းပြတ်ရွေ့ကို ဥပမာပေးပြီး ရေးသားခဲ့ပြီး ၂၀ ရာစု ခေတ်သစ်ငလျင်ပညာရဲ့ အုတ်မြစ် လို့တောင် ဆိုကြပါသေးတယ်။ 

ထိုမှတဖန် ခေတ်ပြိုင် မြန်မာ့သမိုင်းကိုကြည့်မယ်ဆို သက္ကရာဇ် ၂၀၀၀ မှ ၂၀၁၀ ကာလများဟာ မြန်မာ ငလျင်ပညာရှင်များရဲ့ အနိုးကြားဆုံး၊ အားကောင်း မောင်းသန်ဆုံး ကာလတွေပါ။ ခေတ်မီနည်းပညာတွေ၊ နိုင်ငံတကာ ပံ့ပိုးကူညီမှုတွေ နဲ့ မြန်မာ့ရေခံမြေခံ ပညာရှင်တွေ စုဝေး ပေါင်းစည်းမိကြတဲ့ ကာလလည်း ဖြစ်ပါတယ်။ 

၁၉၉၉ ခုနှစ်မှာ မြန်မာနိုင်ငံ ငလျင်ကော်မတီ ကို တည်ထောင်ခဲ့ကြပြီး ငလျင်ပညာရှင်တွေ၊ ဘူမိဗေဒ ပညာရှင်တွေ၊ မြို့ပြအင်ဂျင်နီယာတွေ ပါဝင်ခဲ့တဲ့နောက် ငလျင်ကော်မတီရဲ့ အဓိက အကျဆုံး ရည်ရွယ်ချက်က ပြတ်သား ရှင်းလင်းပါတယ် “ ငလျင်ဒဏ်မှ လျော့ပါးသက်သာသော အဆောက်အအုံများ တည်ဆောက်နေထိုင်ရေး” ဆိုတဲ့ လူများမသေစေရေး မူကို စွဲကိုင်ခဲ့ကြတယ် လို့ ၂၀၁၉ က ထုတ်ဝေခဲ့တဲ့ ငလျင်ကော်မတီ အစီရင်ခံစာက ဆိုပါတယ်။ 

သမိုင်းမှတ်တမ်း‌တွေအရ မြန်မာပြည်ကို ဆိုးဝါးစွာဖျက်ဆီးခဲ့တဲ့ ငလျင်တွေဟာ စစ်ကိုင်း‌ပြတ်ရွေ့ကြောရဲ့ တမာန်တော်တွေပဲ ဖြစ်ပါတယ်။ ၁၈၃၉ ခုနှစ်မှာ ပြင်းအား ၉ ရစ်ခ်ျတာစကေး ရှိတယ်လို့ ခန့်မှန်းထားတဲ့ အင်းဝ ငလျင်၊ ၁၉၂၉ ခုနှစ်မှာ ၇ ဒဿမ ၃ ပြင်းအားရှိ ဆွာငလျင်၊ ၁၉၃၀ ခုနှစ်အတွင်း ၇ ဒဿမ ၄ ပြင်းအားရှိ ပဲခူးငလျင်တစ်ကြိမ်နဲ့ ၇ ဒဿမ ၆ ပြင်းအားရှိ ဖြူးငလျင်တစ်ကြိမ်၊ ၁၉၃၁ မှာ ၇ ဒဿမ ၆ ပြင်းအားရှိ မြစ်ကြီးနားငလျင်(အင်းတော်ကြီးငလျင်)၊ ၁၉၅၆ မှာ ပြင်းအား ၇ ဒဿမ ၁ ရှိ စစ်ကိုင်းငလျင်၊ ၂၀၁၂ ခုနှစ်မှာ ပြင်းအား ၆ ဒဿမ ၈ ရှိ ရွှေဘိုငလျင်(သပိတ်ကျင်းငလျင်) စတဲ့ ငလျင်တွေဟာ ဥပမာပါ။ 

မြန်မာမြေငလျင် ပညာရှင်တွေက နိုင်ငံရဲ့အန္တရာယ်အကြီးဆုံး စစ်ကိုင်းပြတ်ရွေ့ကို အမျိုးမျိုး လေ့လာခဲ့ကြရာမှာ ရှေးနှစ်ပေါင်းများစွာ မြန်မာဘုရင်များ လက်ထက် လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေကိုပါ သုတေသနစာရင်း ပြုစုခဲ့ကြပြီး နောင်လာမဲ့ နှစ်ပေါင်း ၂၅၀၀ အတွင်း ဖြစ်နိုင်တဲ့ တကျော့ပြန် ငလျင်တွေကို အနီးစပ်ဆုံး ခန့်မှန်း တွက်ချက် နိုင်လာကြပါတယ်။ ဒါဟာ ပုံပြင်တခုမဟုတ်ပါဘူး၊ သိပ္ပံနည်းကျ အောင်ပွဲတွေ ဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီရဲ့ ၂၀၁၉ အစီရင်ခံစာမှာ ဖတ်ရှု့နိုင်ပါတယ်။ 

ဒါ့အပြင် ငလျင်ကော်မတီဟာ ပြည်ပနိုင်ငံတွေရဲ့ အချိတ်အဆက်တွေနဲ့ စစ်ကိုင်း ပြတ်ရွေ့ကို သုတေသနတွေ ပြုလုပ်ဖို့ စီမံကိန်းတွေ များစွာကို စီစဉ်ခဲ့ကြပါတယ်။ 

မြန်မာနိုင်ငံ ငလျင်ကော်မတီ ဦးဆောင်ပြီး ၂၀၁၀-၂၀၁၃ နှစ်တွေမှာ ပြုလုပ်ခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲ အများစု ဟာ ကော်မတီရဲ့ ထိုးထွင်းလုပ်ဆောင်နိုင်စွမ်းကို ပြတဲ့ ဥပမာပါ။ မြေငလျင်ဒဏ်ခံ ဆောက်လုပ်ရေး အခြေခံကို ဆောက်လုပ်ရေး အင်ဂျင်နီယာတွေ အတွက်တင် မဟုတ်ဘဲ လက်သမားတွေ၊ ပန်းရံသမားတွေ အထိ သင်ကြားပို့ချရေး ပြုလုပ်ခဲ့ပါတယ်။

“ မြေငလျင်များနဲ့ ယှဉ်တွဲနေထိုင်ရေး ဆိုတာ ၂၀၀၉ ခုနှစ်ကတည်းက ပညာရှင်တွေ စပြီး ကြိုးစားခဲ့ကြပါတယ်” လို့ ငလျင် ကော်မတီရဲ့ နာယကတဦးဖြစ်တဲ့ ဦးစိုးသူရထွန်းက MFP ကို ပြောပါတယ်။ 

ငလျင်ကော်မတီဟာ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွက် အလွန်တရာမှ အရေးကြီး လှတဲ့ Seismic Hazard Map မြေပုံ တွေကို မြို့ကြီး တစ်မြို့စီ အတွက် ရေးဆွဲပေးခဲ့ပါတယ်။ ဒီမြေပုံတွေဟာ နိုင်ငံအတွင်းမှာ ရှိတဲ့ မြို့အလိုက် အမြင့်ဆုံးဖြစ်နိုင်တဲ့ ငလျင်လှိုင်းအရှိန်ကို နှစ်ပေါင်း ၅၀၀ နှင့် နှစ် ၂၅၀၀ အတွက် အနုစိတ် ခွဲခြား ဖော်ပြထားပါတယ်။ 

၂၀၀၉ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်းမှာ စက်ာပူနိုင်ငံ (Earth Observery of Singpore)၊ ဂျပန်နိုင်ငံ တိုကျို တက္ကသိုလ်၊ အမေရိကန် ကယ်လီဖိုးနီးယား နည်းပညာတက္ကသိုလ်၊ ထိုင်းနိုင်ငံ ပညာရှင်တွေ စတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး သုတေသနပေါင်း ၅၀ ထက်မနည်း လုပ်ဆောင်ခဲ့ကြပါတယ်။ 

အခုလို မြန်မာ့ငလျင် ပညာရှင်တွေရဲ့ စဉ်ဆက်မပြတ် အားထုတ်လေ့လာမှုတွေဟာ စစ်အာဏာ သိမ်းပြီး ချိန်မှာတော့ တခန်းရပ်သွားခဲ့ပါတော့တယ်။ မြန်မာနိုင်ငံ မြေငလျင်ကော်မတီက အစဉ်တစိုက် အလေးထား လာတဲ့ “ငလျင်များ နှင့်ယှဉ်တွဲ နေထိုင်ရေး” ဆိုတဲ့ မူဝါဒဟာလည်း လက်တွေ့မှာ ဘယ်သူမှ စိတ်ကူးမယဉ်ရဲတဲ့ ကြောက်စရာ စိတ်ကူးသာသာအဖြစ် ရောက်ရှိခဲ့ကြောင်း ယနေမျက်မှောက် ပြည်သူတွေရဲ့ မလုံခြုံမှုတွေက သက်သေခံနေပါတော့တယ်။ 

ငလျင်ကိုမခန့်မှန်းနိုင်ပါ..သို့သော် 

ငလျင်နဲ့ ပတ်သတ်လို့ မြန်မာပြည်သူ/ပြည်သားတွေ အသိအများဆုံး၊ အပြောအများဆုံး ဗဟုသုတ တခုရှိပါ တယ်။ အဲ့တာကတော့ “ ငလျင်ဆိုတာ ခန့်မှန်းလို့ မရဘူး၊ ဘယ်ချိန်လာမယ်မှန်း မသိဘူး” ဆိုတဲ့ စကားပါ။ ဒါနဲ့ အတူ ကပ်ပါလာတာကတော့ 
“ ဒီလောက်ကြီးတဲ့ ငလျင်လှုပ်မှတော့ ခံရမှာပဲပေါ့” ဆိုတဲ့ အယူအဆလို့ မြေငလျင် ပညာရှင် ဦးစိုးသူရထွန်းက MFP နဲ့ သီးသန့်တွေ့ဆုံခန်းမှာ ပြောပါတယ်။

မြေငလျင်ပညာရှင် ဦးစိုးသူရထွန်းက မြန်မာနိုင်ငံ မြေငလျင်အသင်းရဲ့ အတွင်းရေးမှူးဟောင်း/ နာယက လည်း ဖြစ်သလို မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်များစွာကို သုတေသနပြုခဲ့တဲ့ ပညာရှင်ဖြစ်ပြီး လက်ရှိ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)မှာ လျှပ်စစ်/စွမ်းအင် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူထားပါတယ်။ 

“ တွေးမှာပေါ့၊ ဒါ(ငလျင်) က ဆယ်နှစ်တခါဖြစ်တာ၊ အနှစ်တစ်ရာမှ တခါဖြစ်တာ၊ နှစ်ငါးးဆယ် တခါဖြစ် တာဆိုတော့ တို့တွေ ထွက်သွားရင်တော့ ဘာမှမဖြစ်ပါဘူးဆိုတဲ့ အတွေးမျိုးပေါ့” လို့ လူအများစုရဲ့ ငလျင်အပေါ် အတွေးကို သူက ပြောပါတယ်။ 
မြေငလျင် ဘယ်အချိန်လှုပ်မလဲ မခန့်မှန်းနိုင်ဘူး၊ ဘယ်လောက်ပြင်းမလဲ မသိနိုင်ဘူး ဆိုတဲ့ မြန်မာနိုင်ငံသား အများအပြား ကိုင်ဆွဲထားတဲ့ အယူအဆဟာ ရာနှုန်းပြည့် မမှန်ဘူးလို့ MFP နဲ့ အင်တာဗျူးမှာ သူက ရှင်းပြပါတယ်။ 

အဓိကအားဖြင့် ခေတ်မီငလျင်စောင့်ကြည့် တိုင်းတာရေးစက်တွေကို အခြေခံပြီး အစဉ်တစိုက် လေ့လာခြင်း အားဖြင့် ပညာရှင်တွေဟာ အောက်ပါအချက် (၃)ခု တွက်ချက်သိရှိနိုင်ပါတယ်။ 
(၁) ငလျင်လှိုင်းရဲ့ လမ်းကြောင်းတွေ (လှုပ်ခတ်မှုဟာ မြေကြီးထဲမှာ ဘယ်လိုရွေလျားသလဲ)
(၂) မြေအမျိုးအစားပေါ်မူတည်ပြီး ဘယ်လို သက်ရောက်မှုရှိသလဲ ( မြေမာ၊မြေပျော၊ ကျောက်ထုမြေ၊ စသဖြင့်) 
(၃) အဆောက်အဦးတွေက ငလျင်လှိုင်းအပေါ် ဘယ်လောက် ခံနိုင်အား ရှိသလဲ
ဒီအခြေခံပြီး ငလျင်ပညာရှင်တွေက မြို့ပြတည်ဆောက်မှု (Urban Planing) အတွက် ငလျင်အန္တရာယ်ပြ မြေပုံ Seismic Hazard Maps တွေနဲ့ PGA-(Peak Ground Acceleration) လို့ခေါ်တဲ့ မြေကြီးအပြင်းထန်ဆုံး လှုပ်ခါမှု အရှိန်အဟုန်ကို တွက်ချက်ပေးနိုင်ပါတယ်။ 

ကမ္ဘာ့ပေါ်က ငလျင်နဲ့နေထိုင်တဲ့ နိုင်ငံတွေဟာ ဒီညွန်းကိန်းတွေကို အလွန်တရာမှ အလေးအနက်ထားပြီး တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်ကြရပါတယ်။ ဥပမာ အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ်စကို မြို့ရဲ့ PGA ကုတ်ဟာ ၀.၈ g – ၁.၀g ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့ရဲ့ PGA ကုတ်ဟာ ၀.၈g – ၁.၂g လို့ သတ်မှတ်ကြပြီး ဒီမြို့ တွေက ကမ္ဘာမှာ ငလျင်အများဆုံး လှုပ်ရာဒေသတွေပါ။ အဆောက်အဦးတွေ တည်ဆောက်ရာမှာ အဆိုပါ PGA ကုတ်တွေ ကို ထည့်သွင်းတည်ဆောက်ဖို့ ဥပဒေနဲ့ တင်းကြပ်စွာ စည်းနှောင်ထားကြပါတယ်။ 

မန္တလေးမြို့ရဲ့ ငလျင်အန္တရာယ်ပြမြေပုံ ( Seismic Hazard Map) နဲ့ အဆောက်အဦးဆောက်လုပ်ဖို့ PGA ကုတ်ကို ငလျင်ပညာရှင်တွေ တွက်ချက်ထားကြတာ ၂၀၁၂ ခုနှစ် ကတည်းကလို့ ဦးစိုးသူရထွန်းက ဆိုပါတယ်။ မန္တလေးမြို့ PGA ကုတ်က ၀.၃g -၀.၄g ဖြစ်ပြီး ဒီလို တွက်ထုတ်ထားတဲ့ အချက်အလက်တွေကို သက်ဆိုင်ရာ အစိုးရတွေနဲ့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီကို အပ်နှံခဲ့ကြပါတယ်။ 

ဒါပေမယ့် မြို့ပြအဆောက်အဦးတွေ တည်ဆောက်တဲ့အခါမှာ ဒီပညာရှင်တွေရဲ့ ညွှန်းကိန်းတွေအတိုင်း တည် ဆောက်ခဲ့ ပါသလား။ ဒီညွှန်းကိန်းတွေကို အလေးထားပြီး ကြီးကြပ်ကွပ်ကဲခဲ့ပါသလား။ ဒီမေးခွန်းအတွက် အဖြေကို မန္တလေးငလျင်ကြီးက စာမေးပွဲစစ်လိုက်တာလို့ ဦးစိုးသူရထွန်းက မှတ်ချက်ပေးပါတယ်။

လှုပ်လီလှုပ်လဲ့ ငလျင်တိုင်းစက်တွေ 

“ကိုယ် နေ့တိုင်းရပ်နေတဲ့ ဒီမြေကြီးကိုတောင် ယုံလို့မရတော့ပါလားဆိုတဲ့ ခံစားချက်ကြီးက တော်တော်လေးကို ထိတ်လန့် တုန်လှုပ်ရတယ်” လို့ မန္တလေးမြို့မှာ ငလျင်ကို နဖူးတွေ့ဒူး တွေ့ကြုံလိုက်ရတဲ့ မန္တလေးသား တစ်ယောက်က ပြောပြပါတယ်။ သူ့လိုပဲ ငလျင်ဘေးသင့်ထားတဲ့ ပြည်သူတွေဟာ နောက်ဆက်တွဲငလျင်တွေက ပေးတဲ့ စိတ်ဒုက္ခတွေကို လက်ရှိအချိန် အထိ ခံစားနေရဆဲပဲ ဖြစ်ပါတယ်။ 

ငလျင်အန္တရာယ်မြင့်မားတဲ့ မြန်မာနိုင်ငံမှာ ငလျင်နဲ့အတူ ယှဉ်တွဲနေထိုင်နိုင်ဖို့အတွက် အရေးကြီးဆုံး အချက် ဖြစ်တဲ့ ကြိုတင်ပြင်ဆင်မှု (preparedness plan) တွေ မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ ရှိမနေတာက အကြီး မားဆုံး ပြဿနာဖြစ်တယ်လို့ မြန်မာနိုင်ငံမြေငလျင်ကော်မတီ ဒုဥက္ကဌဟောင်း၊ ငလျင်ပညာရှင် ဒေါက်တာ မျိုးသန့်က MFP ကို ပြောပါတယ်။

“ကျွန်တော်တို့ ဘာမှမစဉ်းစားဘဲနဲ့ အဏုမြူဗုံးပေါ် တက်ထိုင်နေရတယ် ဆိုတာမျိုးကကျတော့ ပြည်သူလူထု ပိုကြောက်လန့်စရာပေါ့ဗျာ” လို့ သူက ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ ငလျင်ကို အချိန်နဲ့တပြေးညီ စောင့်ကြည့်လေ့လာနိုင်ဖို့ အရေးကြီးဆုံးနဲ့ အခြေခံကျဆုံး အရာတွေ ကိုတောင် ဆောင်ရွက်နိုင်မှု အလွန်အားနည်းနေတာကို ဒေါက်တာမျိုးသန့် ပြောပြထားတဲ့ အကြောင်းအရာတွေက သက်သေပြနေပါတယ်။

ပထမဆုံးအချက်အနေနဲ့ သက်သေပြနေတာကတော့ ငလျင်စောင့်ကြည့်လေ့လာဖို့အတွက် တစ်နိုင်ငံလုံး အတိုင်း အတာကို ဧရိယာလွမ်းခြုံနိုင်အောင် ငလျင်တိုင်းစက် အလုံးရေ ရာနဲ့ချီ တပ်ဆင်သင့်ပေမဲ့လည်း မြန်မာနိုင်ငံမှာ တပ်ဆင်ထားတဲ့ အဓိက ငလျင်တိုင်းကိရိယာကတော့ အလုံး ၃၀ ခန့်သာ ရှိတယ်လို့ ဒေါက်တာမျိုးသန့်က ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ အသုံးပြုတာက Seismometer လို့ခေါ်တဲ့ အာရုံခံကရိယာတွေ ဖြစ်ပြီး ဒီစက်တွေကို ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း စင်ကာပူနိုင်ငံ (Earth observatory of Singapore) ရဲ့ အကူအညီနဲ့ နိုင်ငံရဲ့ နေရာအနှံ့မှာ တပ်ဆင်ထားပါတယ်။ အဲ့နောက်ပိုင်းမှာ အရေအတွက် တိုးပြီး မတပ်ဆင်နိင်ပါဘူး။ ဒါ့အပြင် စင်ကာပူ နိုင်ငံက ပညာရှင်တွေ လာရောက်ထိန်းသိမ်းပြုပြင်တာမျိုး မရှိတော့တဲ့နောက်ပိုင်းမှာ စက်အလုံး ၃၀ မှာ အနည်းငယ်လောက်သာ ကောင်းကောင်း အလုပ်လုပ်နေတယ်လို့လည်း ဆိုပါတယ်။ 

ဒါဟာ အန္တရာယ်အပြည့်နဲ့ ငလျင်ကြောအပေါ် ထိုင်နေတဲ့ နိုင်ငံတခုအတွက် အင်မတန် အားနည်းတဲ့အချက်လို့ ပညာရှင်တွေက ဆိုပါတယ်။ ဥပမာအားဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံ ရဲ့ ငလျင်ဒဏ်တိုင်းတာရေးစနစ်ဟာ ကမ္ဘာ့ပေါ်မှာ မနိမ့်လှတဲ့အဆင့်ကို ရောက်ရှိနေပါပြီ ။ ထိုင်းနိုင်ငံရဲ့ National Institute of Metrological Thailand (NIMT) က ဦးဆောင်ပြီးတော့ ထိုင်းနိုင်ငံတဝှမ်းမှာ ငလျင်တိုင်းတာရေးစနစ်သစ်တခု ကို တည်ဆောက်ခဲ့ရာမှာ (Borehole Strainmeter) လို့ ခေါ်တဲ့ စနစ်ကို အသုံးပြုဖို့ လုပ်ဆောင်နေပါတယ်။ ဒီစနစ်ဟာ ခေတ်မီတဲ့ နည်းစနစ်အဖြစ် အလွန်တိကျပြီး သေးငယ်တဲ့ မြေသားပြောင်းလဲမှုကိုတောင် အချိန်နဲ့ တပြေးညီ အာရုံခံနိုင်ပါတယ်။ 

ထိုင်းနိုင်ငံဟာ ငလျင်အာရုံခံကိရိယာစက်ပေါင်း ၁၀၀ နီးပါး ကို မြေကြီးအောက်မြှုပ်နှံထားတယ်လို့ NIMT ရဲ့ စာရင်းမှာ ဖော်ပြပါတယ်။ ဒီအရေအတွက်နဲ့ နှိုင်းယှဉ်မယ်ဆို မြန်မာပြည်မှာ ရှိနေတဲ့ ငလျင်တိုင်းစက် အလုံး ၃၀ ဆိုတာ နည်းပါးတဲ့ အရေအတွက်သာ ဖြစ်နေပါတယ်။ 

မြန်မာပြည်က ငလျှင်တိုင်းတာ၊ စောင့်ကြည့်ရေးစနစ်ဟာ တိကျတဲ့ အချက်အလက်ရနိုင်ဖို့ မဖြစ်နိုင်တာကြောင့် ဒေါက်တာမျိုးသန့်နဲ့ ဦးစိုးသူရထွန်းတို့လို့ ငလျင်ပညာရှင်တွေဟာ US Geological Survey (USGS) နဲ့ Thai Meteorological Department (TMD) ကရတဲ့ အချက်အလက်တွေကိုသာ ကိုးကားပြီး အသုံးပြုနေရတယ်လို့ ပြောပါတယ်။ မြန်မာပြည်က တိုင်းတာရေးစက်တွေကို သူတို့ မကိုးကားပါဘူး။ 

US Geological Survey (USGS) ကတော့ ပြင်းအား များတဲ့ ငလျင် တွေကိုသာ အဓိကထား မှတ်တမ်းတင်ပြီး ငလျင်အကြိမ်ရေထောင်နဲ့ချီ မှတ်တမ်းတင်ထားနိုင်တဲ့ Thai Meteorological Department (TMD) ကလည်း မြန်မာနိုင်ငံကို လွှမ်းခြုံထားတဲ့ စောင့်ကြည့်မှုမျိုး မဟုတ်တာကြောင့် မြန်မာနိုင်ငံ ငလျင်အတွက် ကိုးကား တဲ့နေရာမှာ အားနည်းချက်တွေ ရှိနိုင်တယ်လို့ သူတို့က ဆိုပါတယ်။ 

ဘယ်လို အကာကွယ်မဲ့နေလဲ 

စစ်ကိုင်းငလျင်ကြောင့် မန္တလေးမြို့ရဲ့ ၃၆ ရာခိုင်နှုန်း ပျက်စီးခဲ့တယ်လို့ ကုလသမဂ္ဂ တက္ကသိုလ် (UNU-Institute for Water, Environment and Health) က ဂြိုဟ်တုရုပ်ပုံ အချက်အလက်တွေကို အသုံးပြုပြီး သုံးသပ် ထားပါတယ်။ မဟာမုနိဘုရားကြီး၊ ရွှေစာရံဘုရား၊ မန္တလေးတက္ကသိုလ်၊ မယ်နုအုတ်ကျောင်း စတဲ့ မြန်မာ လူမျိုး တွေရဲ့ အမွေအနှစ်များစွာလည်း ဆုံးရှုံးခဲ့ရပါတယ်။ စစ်အုပ်စုကတော့ ငလျင်ကြောင့် မန္တလေးမှာ လူပေါင်း ၁၆၀၀ ကျော် သေဆုံးပြီး အဆောက်အအုံပေါင်း ၂၂,၀၀၀ ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ စစ်အုပ်စု စာရင်း မကောက်ယူခဲ့တဲ့ မြို့တွေ- ဥပမာအားဖြင့် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း စတဲ့ မြို့တွေ ရှိတာကြောင့် တကယ့်လက်တွေ့မှာတော့ ဒီ့ထက် ဆုံးရှုံးမှု ပိုများနိုင်ပါတယ်။ 

စစ်ကိုင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်တဲ့ မန္တလေးမြို့မှာ အဆောက်အဦးတွေ ပျက်စီးပြီး လူတွေ ထိခိုက်သေဆုံးရခြင်းရဲ့ အဓိက အကြောင်းအရင်းက အဆောက်အအုံတွေကို စနစ်တကျ တည်ဆောက်မှုအား နည်းတာကြောင့်ဖြစ်တယ်လို့ Myanmar Earthquake Engineering Community က ဇူလိုင်လ ကကျင်းပတဲ့ After the Quake webinar မှာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးနဲ့ ပတ်သက်ပြီး အထူးပြု လေ့လာထားတဲ့ အင်ဂျင်နီယာတစ်ဦးဖြစ်သူ မနှင်းဝေလွင်က ဆွေးနွေးတင်ပြခဲ့ပါတယ်။ 

“poorly constructed buildings (စနစ်တကျတည်ဆောက်မှု အားနည်းတဲ့ အဆောက်အဦး) တွေကြောင့် အဓိက အနေနဲ့ လူကို သေဆုံးနိုင်မှုက ၈၀ ရာခိုင်နှုန်း ရှိတယ်” လို့ မနှင်းဝေလွင်က တင်ပြပါတယ်။ 

ငလျင်ကြီး မဖြစ်ခင် သုံးလလောက်အလိုမှာ မနှင်းဝေလွင်ဟာ မန္တလေးမြို့နေ ပြည်သူလူထုအနေနဲ့ ဘေးအန္တရာယ်တွေကို ဘယ်လို‌သဘောထားလဲ ဆိုတာ(Risk Perception) နဲ့ ပတ်သက်ပြီး မန္တလေးမြို့ပေါ် ငါးမြို့နယ်ဖြစ်တဲ့ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်နဲ့ ပြည်ကြီးတံခွန်မြို့နယ်တွေမှာ သုတေသနတစ်ခု ပြုလုပ်ခဲ့သူပါ။ ဒါကြောင့် သူ့မရဲ့ သုတေသနဟာ ငလျင်ဖြစ်ပွားပြီးချိန်မှာ အလွန်အသုံးဝင်တဲ့ သုတေသနတခု ဖြစ်လာခဲ့ပါတယ်။

အဲ့ဒီသုတေသနမှာတော့ မိသားစုဝင် သုံးယောက်ကနေ ခုနှစ်ယောက်အထိ နေထိုင်တဲ့ အထပ်နည်း (low-rise/ တစ်ထပ်မှ သုံးထပ်ရှိ) အိမ်တွေကို အဓိကထား လေ့လာခဲ့တယ်လို့ ဆိုပါတယ်။ 

“မန္တလေးမှာနေတဲ့ အိမ်ရှင်အများစုပေါ့နော် သူတို့ထင်တာက သူတို့နေထိုင်နေတဲ့ ဒီ မန္တလေးမြို့က zone 1 (အင်အားပြင်းငလျင်ဖြစ်နိုင်ချေ အနည်းဆုံးဇုန်) မှာ ရှိတယ်လို့ ထင်တယ်။ ဒါကြောင့်မို့လည်း earthquake resistance design (ငလျင်ဒဏ်ခံနိုင်ရည်ရှိတဲ့ အဆောက်အဦဒီဇိုင်း) တွေကို မစဉ်းစားမိခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်တယ်‌” လို့ သူမက သုံးသပ်ပါတယ်။ 

အကယ်၍ အင်အား ၇ ရစ်ခ်ျတာစကေးလောက်ရှိတဲ့ အားပြင်းငလျင်ဖြစ်လာခဲ့ရင်ရော သူတို့ရဲ့ အိမ်တွေ ခိုင်ခံ့နိုင်မလားဆိုတဲ့ မေးခွန်းကို မေးကြည့်တဲ့အခါလည်း အများစုက အသေးစား ထိခိုက်ပျက်စီးမှုလောက်ပဲ ဖြစ်နိုင်တယ်ဆိုပြီးသာ တွေးထားကြတာ တွေ့ရတယ်လို့ မနှင်းဝေလွင်က ပြောပါတယ်။ ဒီအချက်တွေကြောင့် မန္တလေးမြို့မှာ ငလျင်ကြီးလှုပ်လာတဲ့အခါ အပျက်အစီးတွေ များခဲ့တာဖြစ်နိုင်ကြောင်း မနှင်းဝေလွင်က သုံးသပ်ထားပါတယ်။

ဒါ့အပြင် ဒေသခံတွေဟာ အိမ်ဆောက်တဲ့အခါမှာလည်း အများစုက တိကျတဲ့ ဒီဇိုင်းမရှိဘဲ အင်တာနက်ကရတဲ့ အိမ်ဒီဇိုင်း၊ ကန်ထရိုက်တာ(contractor)နဲ့ ဆွေးနွေးထားတဲ့ ပုံကြမ်းတွေကိုသာ အသုံးပြုတာများပြီး လူနည်းစု သာ ငလျင်ဒဏ်ခံနိုင်တဲ့ ဒီဇိုင်းကို စဉ်းစားခဲ့ကြတာ တွေ့ရတယ်လို့ ဆိုပါတယ်။

မနှင်းဝေလွင် လေ့လာခဲ့တဲ့ အိမ်ပိုင်ရှင်တွေရဲ့ တစ်ဝက်ကျော်လောက်ဟာ ငလျင်အန္တရာယ်ကို ထည့်စဉ်းစား တာမျိုး မရှိသလောက် နည်းတဲ့အပြင် အင်ဂျင်နီယာတွေနဲ့ ဆွေးနွေးတာလည်း မရှိကြတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အိမ်ဆောက်ကုန်ကြမ်းပစ္စည်း‌တွေအကြောင်း၊ နည်းပညာတွေနဲ့ပတ်သက်တဲ့ အခြေခံ ဗဟုသုတတွေလည်း အတော်လေးအ ားနည်းတာကိုလည်း တွေ့ခဲ့ရကြောင်း ပြောပါတယ်။

ငလျင်ဒဏ် ခံနိုင်ရည်ရှိတဲ့ အဆောက်အဦး ဒီဇိုင်းတွေ ဆောက်နိုင်ဖို့ အိမ်ပိုင်ရှင်တွေရဲ့ အခက်အခဲတွေကို လိုက်မေးမြန်း ကြည့်တဲ့အခါမှာ တချို့က အထပ်နည်းအိမ်ဖြစ်တဲ့အတွက် မလိုအပ်ဘူးလို့ ထင်တာမျိုး ရှိပေမဲ့ အများစုက အဲ့လိုအဆောက်အဦးတွေဟာ ပိုကောင်းမှန်း၊ အရေးကြီးမှန်း သိကြပြီး ဆောက်ဖို့လည်း ဆန္ဒရှိကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဆောက်လုပ်ရေး ကုန်ကျစရိတ်မြင့်မားမှု၊ အင်ဂျင်နီယာတွေနဲ့ နည်းပညာတွေအကြောင်း ရှင်းပြ၊ပြောပြပေးနိုင်တဲ့သူတွေ ပတ်ဝန်းကျင်မှာ နည်းပါးတာကြောင့် အခက်အခဲတွေ ရှိနေကြတာကို တွေ့ရှိရပါတယ်။ ဆောက်လုပ်ရေးကုန်ကျစရိတ်ဟာ အိမ်တစ်လုံးဆောက်တဲ့ ပုံမှန်ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းထက်နိမ့် ကျမယ်ဆိုရင်တော့ ငလျင်ဒဏ်ခံနိုင်ရည်ရှိတဲ့ အိမ်တွေကို ဆောက်လုပ်ဖို့ ဆန္ဒရှိကြတယ်လို့ ဆိုပါတယ်။

ငလျင်ကလည်း ကြီးကြီးမားမား မဖြစ်လာနိုင်ဘူး၊ ဖြစ်လာခဲ့လို့ရှိရင်လည်း သူတို့ရဲ့အိမ်ကို မထိခိုက်နိုင်ဘူး လို့ပဲ ထင်ခဲ့ကြတဲ့အတွက် အာမခံကုမ္ပဏီတွေမှာ နေအိမ်အာမခံထားတာမျိုးတွေကိုလည်း မရှိခဲ့ကြတာကို တွေ့ရတယ်လို့ မနှင်းဝေလွင်က ပြောပါတယ်။

ငလျင်အန္တရာယ် ကြိုတင်ပြင်ဆင်မှုနဲ့ ပတ်သက်ပြီး လူထိခိုက်သေဆုံးမှုကို လျှော့ချပေးနိုင်ဖို့ အရေးကြီးဆုံး အရာဖြစ်တဲ့ ငလျင်လှုပ်လာတဲ့အခါ ဘယ်လိုပြုမူနေ‌ထိုင်ရမယ်ဆိုတဲ့ လေ့ကျင့်သင်ကြားမှုတွေကိုလည်း ဒေသခံတွေဟာ မသိကြဘူးလို့ မနှင်းဝေလွင်က ဆက်ပြောပါတယ်။

“အသက်ဆုံးရှုံးနိုင်မှုကို လျှော့ချပေးနိုင်တဲ့အသိ (ဗဟုသုတ) နည်းတယ်” လို့ သူမက သုံးသပ်ပါတယ်။

ဘာကြောင့်အကာအကွယ်မဲ့နေလဲ 

အင်ဂျင်နီယာအခန်းကဏ္ဍကို ဆက်ကြည့်ရအောင်ပါ။ မနှင်း‌ဝေလွင်ဟာ ငလျင်ဆိုင်ရာ အင်ဂျင်နီယာပညာနဲ့ ပတ်သက်ပြီး အင်ဂျင်နီယာတွေကို စစ်တမ်းလိုက်ကောက်ကြည့်တဲ့အခါမှာ ငလျင်အန္တရာယ်ပြမြေပုံ (Earthquake hazard map) ကို သိတဲ့ အင်ဂျင်နီယာတွေဟာ အယောက် ၁၀၀ မှာ ၈၃ ယောက် ရှိတယ်လို့ ဆွေးနွေးတင်ပြပါတယ်။ 

ဒီငလျင်အန္တရာယ်ပြမြေပုံကို လက်တွေ့အသုံးချတဲ့ မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်း လမ်းညွှန်ချက် (Myanmar national building codes) တွေကို သိတဲ့ အင်ဂျင်နီယာ အရေအတွက်မှာတော့ အနည်းအကျဉ်း သိသူ ၅၇ ရာခိုင်နှုန်း၊ အကျွမ်းတဝင်သိသူ ၃၀ ရာခိုင်နှုန်းနဲ့ လုံးဝမသိသူ ၁၃ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။ 

အင်ဂျင်နီယာတွေအနေနဲ့ မန္တလေးမြို့မှာ ပြင်းထန်တဲ့ ငလျင်အန္တရာယ် အလားအလာရှိတာကိုတော့ သိထား ကြပေမဲ့လို့ အဆောက်အအုံ ပြိုကျဖို့ထိက ဖြစ်နိုင်ချေနည်းပြီး အလယ်အလတ် ပျက်စီးမှုနဲ့ အသေးစား ပျက်စီးမှုလောက်သာ ဖြစ်နိုင်မယ်လို့ အများစုက ခန့်မှန်းထားခဲ့ကြတာ တွေ့ရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် Building codes တွေ လိုက်နာမှုနှုန်းအနေနဲ့လည်း ရံဖန်ရံခါလိုက်နာသူ ၆၀ ရာခိုင်နှုန်းနဲ့ အမြဲလိုက်နာသူ ၃၃ ရာခိုင်နှုန်းသာ ရှိတာကြောင့် လိုက်နာမှု အားနည်းတယ်လို့ မနှင်းဝေလွင်က သုံးသပ်ထားပါတယ်။ အထပ်နည်း အဆောက်အအုံတွေကို ဆောက်တဲ့အခါမှာလည်း ငလျင်ဒဏ်ခံနိုင်ရည်ရှိတဲ့ ဒီဇိုင်းတွေကို စဉ်းစားသင့်တယ်လို့ အင်ဂျင်နီယာတွေ ကိုယ်တိုင်က ယူဆသူ နည်းတာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

ကန်ထရိုက်တာတွေရဲ့ အခန်းကဏ္ဍမှာတော့ ကန်ထရိုက်တာတွေအနေနဲ့ ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အဦး ဒီဇိုင်းတွေကို ထည့်စဉ်းစားတဲ့သူကတော့ ၅၀ ရာခိုင်နှုန်းသာရှိပြီး ကျန်တဲ့သူတွေကတော့ သူတို့ကိုယ်တိုင်က မလိုအပ်ဘူးလို့ ထင်ခဲ့ကြတာ‌တွေ့ရတယ်လို့ မနှင်းဝေလွင်က ဆက်ဆွေးနွေးတင်ပြပါတယ်။ နောက်ထပ် အခက်အခဲတစ်ခုကတော့ ငလျင်ဆောက်လုပ်ရေးပညာနဲ့ ပတ်သက်ပြီး အသိပညာ၊ အရည်အချင်း လုံလောက်တဲ့ ဆောက်လုပ်ရေး လုပ်သားတွေ မရှိသလောက် နည်းတာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

ငလျင်နဲ့ ယှဉ်တွဲနေခြင်းအကောင်းဆုံးဥပမာ

ငလျင်နဲ့ ဆူနာမီကြောင့် မကြာခဏ ထိခိုက်ပျက်စီးရပေမဲ့လည်း ပြန်လည်ထူထောင်နိုင်တဲ့ နိုင်ငံတွေ ထဲကတစ်ခုကတော့ ဂျပန် ဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ သဘာဝဘေးအန္တရာယ်‌တွေကို အောင်မြင်စွာတုံ့ပြန်နိုင်တဲ့ စံနမူနာတစ်ခုလည်းဖြစ်ပါတယ်။

ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ငလျင်ဖြစ်နိုင်ချေ အမြင့်ဆုံးဒေသတွေထဲက တစ်ခုဖြစ်ပါတယ်။
ဒါပေမဲ့ ဂျပန်လူမျိုးတွေက သဘာဝဘေးအန္တရာယ်ဆိုတာ လုံးဝမလွတ်မြောက်နိုင်ဘူးဆိုတဲ့ အဖြေကို လက်ခံပြီး ကြိုတင်ပြင်ဆင်မှု (preparedness) ကို အဓိကထားလုပ်ဆောင်ခဲ့ကြပါတယ်။

လူ‌ပေါင်းတစ်သိန်းခွဲနီးပါးသေဆုံးခဲ့တဲ့ ပြင်းအား ၈ ရစ်ခ်ျတာစကေးနီးပါးရှိ မဟာကန်တို (Great Kanto) ငလျင်ဖြစ်ပွားခဲ့တဲ့ ၁၉၂၃ ခုနှစ်ကစပြီး ဂျပန်နိုင်ငံမှာ စက်တင်ဘာလ ၁ ရက်နေ့ကို ဘေးအန္တရာယ် ကာကွယ် ရေးနေ့အဖြစ် သတ်မှတ်ထားကာ အဲ့ဒီနေ့မှာ ငလျင်အန္တရာယ်နဲ့ပတ်သက်တဲ့ စစ်ဆေးမှု၊ လေ့ကျင့်မှု အခမ်းအနား တွေကို ပြုလုပ်ကြပါတယ်။

၁၉၈၁ ခုနှစ်ကစပြီး ဂျပန်အစိုးရက အဆောက်အအုံတွေမှာ ငလျင်ခံနိုင်ရည်စနစ်နဲ့ building codes တွေကို တင်းတင်းကြပ်ကြပ် တည်ဆောက်စေခဲ့ပြီး အဆောက်အအုံတစ်လုံးက ငလျင်ကို အပြည့်အဝ ခံနိုင်ရည် မရှိနိုင်တောင် အနည်းဆုံးတော့ လူတွေကို ကယ်တင်နိုင်တဲ့ အဆင့်အထိ ခံနိုင်ရမယ်လို့ သတ်မှတ်ထားပါတယ်။ တနည်းအားဖြင့် မိမိအိမ်ပေါ်မှာအိပ်နေရင်း ငလျင်ဖြစ်ခဲ့ရင်တောင် နေအိမ်‌အ‌ဆောက်အအုံကြောင့် ထိခိုက် သေဆုံး ရတာမျိုးမဖြစ်ဘဲ လိုအပ်ရင် ထွက်ပြေးနိုင်ရမယ်ဆိုတဲ့ အယူအဆမျိုးကို လက်ခံထားတာဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ လှုပ်ခတ်လာတဲ့ ငလျင်ပုံစံတွေကို အစဉ်တစိုက်သုံးသပ်နေပြီး အဆောက်အအုံတွေအတွက် ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်တွေကိုလည်း ပြောင်းလဲလာတဲ့ ငလျင်ပုံစံနဲ့အညီ ပြင်ဆင်ဆောင်ရွက်‌ကြပါတယ်။ဒါကြောင့် ဂျပန်နိုင်ငံသားတွေအတွက်တော့ ငလျင်ဆိုတာ ကြောက်စရာမဟုတ်တော့ဘဲ ကြိုတင်ပြင်ဆင်ထားပြီးသား လူနေမှုပုံစံအသစ်တစ်ခုဖြစ်သွားပါတယ်။

ဂျပန်နိုင်ငံမှာ ငလျင်အန္တရာယ်ရှိတဲ့ဒေသတွေကို ဘေးအန္တရာယ်ပြမြေပုံ (hazard map) နဲ့ အစိုးရက ပြည်သူတွေဆီ သတိပေးကြပါတယ်။ ရပ်ရွာအလိုက် အနီးဆုံးဘေးအန္တရာယ်တွေကို တိကျစွာ ဖော်ပြပေးထားတဲ့အတွက် ပြည်သူတွေက မိမိနေရာရဲ့အန္တရာယ်ကို သိရှိထားနိုင်တာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက်လည်း ကျောင်းသူ၊ကျောင်းသား၊လူငယ်တွေကိုကအစ သဘာဝဘေးအန္တရာယ်ပြမြေပုံဆွဲနည်းတွေ သင်ထားပေးကြပါတယ်။

နောက်ထပ် ကြိုတင်ပြင်ဆင်မှုတစ်ခုကတော့ Japan Meteorological Agency က တည်ဆောက်ထားတဲ့ Earthquake Early Warning (EEW) ငလျင်ကြိုတင်အချက်ပေးစနစ်ဖြစ်ပါတယ်။ အဲ့ဒီစနစ်ဟာ ငလျင်မ လှုပ်မီ စက္ကန့်အနည်းငယ်အတွင်း ကြိုတင်သတိပေးနိုင်ပြီး ရထား၊ ဓါတ်လှေကား စတဲ့ မြို့ပြလျှပ်စစ်စနစ်တွေကို အလိုအလျောက် ရပ်တန့်စေနိုင်တယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံဟာ ဒီစနစ်ကို ထပ်မံတိုးချဲ့နေပုံကို MFP က မကြာခင်ဖော်ပြပါဦးမယ်။ 

ကြိုတင်လေ့ကျင်မှုတွေအနေနဲ့လည်း ကျောင်းတွေနဲ့ ရုံးတွေမှာ ငလျင်လေ့ကျင့်ခန်းတွေ မကြာခဏ ပြုလုပ်ကြပါတယ်။ အဲ့တာကြောင့် ငလျင်လှုပ်လာတဲ့အခါမှာ ပြည်သူတွေက ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ ကို အလွယ်တကူ နားလည်ထားပြီး အလိုအလျောက်တုံ့ပြန်နိုင်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက်လည်း ဂျပန်နိုင်ငံရဲ့အတွေ့အကြုံတွေကို အတုယူပြီး အဆောက်အအုံ စံချိန်စံညွှန်း တည်ဆောက်ခြင်း၊ အဆောက်အဦတွေ ခိုင်မာအောင် အားဖြည့်ပြုပြင်တိုးချဲ့ခြင်း (retrofitting ပြုလုပ်ခြင်း)၊ ငလျင်ကြိုတင်သတိပေးစနစ် တည်ဆောက်ခြင်း၊ လူထုအတွက် ငလျင်လေ့ကျင့်ခန်းတွေ အစဉ်မပြတ် ပြုလုပ်ပေးခြင်း စတဲ့ နည်းလမ်းတွေကို အကောင်အထည်ဖော်နိုင်ခဲ့ရင် အနာဂတ်မှာ ငလျင်ကြောင့် ဖြစ်ပေါ်မယ့် ထိခိုက်မှုတွေကို များစွာလျော့နည်းစေမှာ ဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။ 

ပြီးခဲ့တဲ့ မတ်လ ၂၈ မှာ လှုပ်ခတ်သွားတဲ့ စစ်ကိုင်းငလျင်ရဲ့ နောက်ဆက်တွဲငလျင်တွေဟာလည်း စစ်ကိုင်းပြတ်ရွေ့လှုပ်သွားတဲ့မြို့တွေအားလုံးမှာ နှစ်နဲ့ချီပြီး ခံစားရနိုင်တယ်လို့ ဒေါက်တာမျိုးသန့်က ခန့်မှန်းထားပါတယ်။ ပြင်းအား ၅ နဲ့ ၅ ရစ်ချ်တာစကေး အထက်ရှိတဲ့ နောက်ဆက်တွဲငလျင်တွေဟာ အဓိကငလျင်ကြီးလှုပ်ခတ်ခဲ့‌တဲ့နေရာတွေမှာ ဆက်လှုပ်နေဦးမယ့်အလားအလာရှိတာကြောင့် တောက်လျှောက် ရင်ဆိုင်ကြုံတွေ့နေရမှာမြေကြီးလက်ခက်မလွဲပါ။ 

ကိုယ်တုံးလုံး နဲ့ စောင့်တဲ့မြို့ 

စစ်ကိုင်းပြတ်ရွေ့ကြောကြီးကို ဖင်ခုထိုင်ထားတဲ့ မြို့များစွာဟာ မြို့ပြဖွံဖြိုးခြင်းနှင့်အတူ အထပ်မြင့်တွေ၊ အိမ်ယာတွေ များလာတဲ့အပြင် မြို့ပြလူဦးရေကလည်း မြင့်တက်လာပါတယ်။ အနာဂတ်မှာ ငလျင်အန္တရာယ် တွေက ကြိမ်းသေ ထပ်ကြုံတွေ့ရဦးမှာ ဖြစ်တာကြောင့် ဒီလူပေါင်းသန်းနဲ့ချီဟာ ငလျင်နဲ့အတူ ယှဉ်တွဲနေထိုင် နိုင်ဖို့ကို အဓိကထား ပြင်ဆင်ရမယ်လို့ ဒေါက်တာမျိုးသန့် က MFP နဲ့ သီးသန့်တွေ့ဆုံခန်းမှာ ဆိုပါတယ်။ 

ငလျင်ကြောပေါ်ရှိနေတဲ့ မြို့တွေရဲ့ ဆောက်လုပ်ရေးကဏ္ဍမှာလည်း တင်းကြပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုအပ်ပြီး ပြည်သူလူထုအတွက်လည်း ငလျင်အန္တရာယ်ကို အလိုအလျောက် တုံ့ပြန်နိုင်တဲ့အထိ လေ့ကျင့်မှုတွေ ပြုလုပ်ထားပေးဖို့ လိုအပ်တယ်လို့လည်း အကြံပြုထားပါတယ်။ နိုင်ငံသားအားလုံးဟာ မြေငလျင်အန္တရာယ်ကို မျက်ခြေမပြတ် ဂရုပြုသင့်ပြီး မေ့ပျောက်ဖို့ မသင့်ဘူးလို့ သူက ပြောပါတယ်။ 

“ကျွန်တော်တို့ရဲ့ nature (သဘာဝ) က တခါတလေကျတော့ ကောက်ရိုးမီးလိုပဲ” လို့ ဒေါက်တာမျိုးသန့်က မှတ်ချက်ပြုပါတယ်။ 

တကယ်တော့မြန်မာနိုင်ငံရဲ့ အောက်တည့်တည့်မှာရှိတဲ့ ပြတ်ရွေ့ကြောတွေက စစ်ကိုင်းပြတ်ရွေ့ကြော တခုထဲတင်မဟုတ်ပါဘူး။ ကမ္ဘာ့အဓိက ငလျင်ကြောကြီးနှစ်ခုထဲက တစ်ခုဖြစ်တဲ့ “အယ်လ်ပိုက်” ငလျင်ကြော (Alpide Earthquake Belt) ပေါ်မှာ ကျရောက်တည်ရှိနေတဲ့ မြန်မာနိုင်ငံမှာ အသက်ဝင် နေဆဲဖြစ်တဲ့ ပြတ်ရွေ့ရှင်တွေ လေးခုထက်မနည်းရှိတယ်လို့ ဘူမိဗေဒအချက်အလက်တွေက ဆိုပါတယ်။

အဓိက ပြတ်ရွေ့ရှင်တွေအနေနဲ့ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတစ်ဝိုက်ရှိ တွန်းတင်ပြတ်ရွေ့၊ မြန်မာနိုင်ငံအနောက်ပိုင်း ကလေးဝဒေသ ကဘော်ချိုင့်ဝှမ်းတစ်လျှောက်ရှိ ကဘော်ပြတ်ရွေ့၊ မြန်မာနိုင်အလယ်ပိုင်းကနေ ဖြတ်ပြီး တောင်-မြောက်တန်းလျက် တည်ရှိနေတဲ့ စစ်ကိုင်းပြတ်ရွေ့ကြီး နဲ့ အရှေ့ဘက် ရှမ်းကုန်း ပြင်မြင့်ဒေသ နောင်ချိုမြို့ အနောက်ဘက်ရှိ ကျောက်ကြမ်းပြတ်ရွေ့တို့ပဲ ဖြစ်ပါတယ်။ 

ပညာရှင်တွေက အဏုမြူဗုံးလို့တောင် ခိုင်းနှိုင်းကြတဲ့ ငလျင်အန္တရာယ်ကြီးပေါ်မှာ မြို့ပေါင်းများစွာ ရှိနေပါလျက် ဘာကြောင့်၊ ဘယ်လို အကာအကွယ်မဲ့စွာ ရှင်သန်နေရလဲဆိုတာ MFP က တင်ပြချက်ပေါင်းများစွာနဲ့ 
ဆွေးနွေး ခဲ့ပြီးပါပြီ။ 

အဏုမြူဗုံးကဲ့သို့ အင်အားပြင်းပြီး အသက်အိုးအိမ်ပေါင်းများစွာကို ဖျက်ဆီးနိုင်တဲ့ ငလျင်အန္တရာယ်ဟာ ကြိုတင် ခန့်မှန်းလို့မရ၊ ထိန်းချုပ်တားဆီးလို့ မရပေမဲ့လို့ ထိခိုက်မှု အနည်း‌ဆုံးဖြစ်အောင် စီမံခန့်ခွဲဖို့ကတော့ ငလျင်နှင့် အတူယှဉ်တွဲနေထိုင်နိုင်ခြင်းဆိုတဲ့အဖြေတစ်ခုပဲ ဖြစ်ပါတယ်။ 

ဒါပေမယ့် အာဏာရှင်စနစ်ရဲ့ လက်အောက်မှာတော့ ဒီလက်တွေ့ကျတဲ့ အဖြေကို အကောင်အထည်ဖော်ဖို့က ခရီးအဝေးကြီးမှာ ရှိနေသေးတယ်လို့ ဒေါက်တာ မျိုးသန့်က MFP နဲ့ သီးသန့်တွေ့ဆုံခန်းမှာ ဆိုပါတယ်။ 

“ ပြည်သူတွေဟာ အနုမြူဗုံးပေါ်မှာ ဖင်ခုထိုင်ထားတယ်၊ ထိုင်တာတောင်မှ ရိုးရိုးမဟုတ်ဘူး၊ ဘာအကာအကွယ်မှ မရှိဘဲ ကိုယ်တုံးလုံးကျွတ်နဲ့ကို ထိုင်နေတာပေါ့” လို့ ဆွေးနွေးခန်းမှာ စကားစပ်မိတဲ့အခါ ဒေါက်တာမျိုးသန့်က သဘောကျစွာ တဟားဟားနဲ့ ရယ်လိုက်ပါတော့တယ်။

Related Articles

Back to top button