စစ်အုပ်စုနဲ့ပျူတွေ ပြန်ဆုတ်ပြေး၊
MN/MFP ၊ စက်တင်ဘာ – ၂၈
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် အရှေ့ခြမ်း၊ ညောင်ပင် ကျေးရွာဘက်ကို စက်တင်ဘာ ၂၅ ရက်က စတင်ကာ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်း စစ်အုပ်စုနဲ့ သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့နဲ့ တော်လှန်ရေးတပ်တွေ သုံးရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စု အထိနာကာ ပြန်ဆုတ်ပြေးတယ်လို့ ဒေသခံ တော်လှန်ရေးသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းပေါ်မှာရှိတဲ့ ညောင်ပင်ရွာကို စစ်အုပ်စုနဲ့ပျူ အင်အား ၂၀၀ ကျော် စုဖွဲ့ကာ စက်တင်ဘာ ၂၅ ရက်မှာ စစ်ကြောင်းထိုးလာလို့ တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်ရာ စက်တင်ဘာ ၂၇ ရက် ညပိုင်းထိ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
“တိုက်ပွဲဖြစ်တာက မနေကထိ တနေကုန်နီးပါး တိုက်ပွဲ ဖြစ်တယ်။ ညပိုင်းထိ ဖြစ်ခဲ့တာ။ ကျွန်တော်တို့ဘက်က ကျားထိုးပြီးတော့ကို သူတို့ကို အထိနာအောင် တိုက်နိုင်ခဲ့တာ။ အခု သူတို့ (စစ်အုပ်စု) ဘက်က အထိနာသွားတော့ ရှေ့ဆက် တက်မလာတော့ဘဲနဲ့ ပြန်ဆုတ်သွားပြီ”
မြင်းခြံနယ်အရှေ့ခြမ်းက ညောင်ပင်ရွာတိုက်ပွဲမှာ မြင်းခြံခရိုင် အမှတ်(၇) တပ်ရင်း – Zero ပြောက်ကျားတပ်ဖွဲ့၊ မြင်းခြံခရိုင် အမှတ် (၂) တပ်ရင်း၊ မြင်းခြံခရိုင် – ပကဖ စတဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်အုပ်စုက ညောင်ပင်ရွာကို ဒရုန်းနဲ့ ဗုံးသီးချတာကြောင့် နေအိမ် နှစ်လုံး မီးလောင်ပျက်စီးတယ်လို့လည်း ဒေသခံ တော်လှန်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
ညောင်ပင်ရွာ တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်အုပ်စုက သတင်းဖြန့်ရာမှာတော့ စက်တင်ဘာ ၂၅ ရက်က သီတာယုမွန် ဦးဆောင်တဲ့ စစ်အုပ်စုနဲ့ ပျူတွေ ညောင်ပင်ရွာကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စက်တင်ဘာ ၂၆ ရက် နေ့လယ်ပိုင်း PDF တွေ ကျေးရွာအတွင်းက ဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီးနောက် ညပိုင်းမှာ PDF တွေက လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ် ထိုးစစ်ဆင်လာလို့ (စစ်အုပ်စု) ပြန်လည် ဆုတ်ခွာလာခဲ့ရပြီး နှစ်ဖက်စစ်ဆိုင်ထားတယ်လို့ ဆိုပါတယ်။
မြင်းခြံနဲ့ နွားထိုးကြီးနယ်အစပ် ကားလမ်းပေါ်မှာ ရှိတဲ့ ညောင်ပင်ရွာဟာ အိမ်ခြေ ၅၀၀ ဝန်းကျင်နဲ့ လူဦးရေ ၄၀၀၀ ကျော် ရှိပါတယ်။
လက်ရှိမှာ ညောင်ပင်ရွာက ဒေသခံတွေ အပါဝင် အနီးဝန်းကျင်ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ အကူညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကလည်း မြင်းခြံနယ်အရှေ့ခြမ်းနဲ့ နွားထိုးကြီးနယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်အုပ်စုနဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူတွေ အင်အား ၁၀၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးပြီး ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့ခဲ့တာကြောင့် ရွာပေါင်း ၁၀ ရွာကျော်က စုစုပေါင်း အိမ်ခြေ ၁၅၀၀ ကျော် မီးလောင်ပျက်စီးကာ ဒေသခံ ၂၅ ဦးထက်မနည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပါတယ်။
စစ်အုပ်စုက လက်သပ်မွေးထားတဲ့ သီတာယုမွန် ဦးဆောင်တဲ့ ပျူတွေနဲ့ မြင်းခြံနယ် ညောင်ပင်ရွာ/Photo – စစ်အုပ်စု၊ CJ



