ဆောင်းပါး

New Normal ဖြစ်လာတဲ့ငလျင်၊ စစ်ကိုင်းပြတ်ရွေ့က လှုပ်နှိုးလိုက်တဲ့ အချက်ပြသံ

ဇူဇူး၊ဂျီဂျီ/MFP၊

“မေ့နေပြီဆိုရင်ပြန်ပြီးသတိပေးလိုက်သလိုပဲ” ဒီစကားဟာ စစ်ကိုင်းငလျင်ကြီးပြီးတဲ့နောက် နောက်ဆက်တွဲငလျင်ငယ်တွေကို ခံစားနေရတဲ့သူတိုင်းပြောလေ့ရှိပါတယ်။

အင်အား၃ရစ်ခ်တာစကေးဝန်းကျင်ရှိတဲ့ငလျင်ဒဏ်ကိုခံစားလိုက်ရရင်” ငလျင်လှုပ်သွားတာပဲ” ဆိုတဲ့ခံစားမှုနဲ့ ရပ်တန့်သွားပေမယ့် အင်အားအနည်းငယ်ပြင်းတဲ့ ၄ ရစ်ခ်တာစကေး နဲ့အထက် လှုပ်ခတ်လိုက်ပြီဆိုရင်တော့ငလျင်ဘေးသင့်သူတွေ၊ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေမှာ လွန်ခဲ့တဲ့ မတ်လ၂၈ ရက်က ထိတ်လန့် တုန်လှုပ်စရာအဖြစ်အပျက်ကိုပြန်လည်သတိရသွားစမြဲပါ။ ငလျင်ကြီးဟာ စစ်ကိုင်းမြို့ရဲ့ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာ၊ မြေအောက်အနက်၁၀ ကီလိုမီတာအကွာ ကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့သလို နောက်ထပ်၁၂ မိနစ်အကြာမှာ အင်အား ၆ဒဿမ ၄ ရစ်ခ်တာစကေးရှိ အတော်အသင့်အင်အားပြင်းတဲ့နောက်ဆက်တွဲငလျင်ဟာ  စစ်ကိုင်းမြို့ရဲ့ တောင်ဖက်၁၈ကီလိုမီတာခန့်အကွာ၊တံတားဦးလေဆိပ်အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့ပါတယ်။ 

အဓိကငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့ဧရိယာမှာ နောက်ဆက်တွဲငလျင်တွေဆက်တိုက် လှုပ်ခတ်ခဲ့ သလို ပြင်းအား ၅ ရစ်ခ်တာစကေးဝန်းကျင်ရှိ နောက်ဆက်တွဲငလျင်တွေဟာ နှစ်ချီကြာမြင့်တဲ့ အထိဆက်လက်လှုပ်ခတ်နေဦးမယ်လို့ ငလျင်ပညာရှင် ဒေါက်တာမျိုးသန့်က MFP ကို ပြောပါတယ်။ 

“အရမ်းကြီး မကြောက်လန့်ဖို့နဲ့ ဒါလေးတွေကလည်း တောက်လျှောက်ရင်ဆိုင်ကြုံ တွေ့နေရမယ်” လို့ဒေါက်တာမျိုးသန့်က ပြည်သူလူထုကို အမှာစကားပါးပါတယ်။

ငလျင်ကြီး လှုပ်ပြီး နာရီပိုင်း၊ ရက်ပိုင်း၊ လပိုင်းအထိ ဆက်လက်လှုပ်ခတ်တဲ့ ငလျင်လတ်နဲ့ ငလျင်ငယ်တွေက သီးခြားအန္တရာယ်မရှိသော်လည်း ငလျင်ကြီးလှုပ်ခတ်စဉ်က အက်ကွဲ၊ယိုင်နဲ့သွားတဲ့အဆောက်အဦးတွေဟာနောက်ဆက်တွဲငလျင်လှုပ်ခတ်စဉ်မှာ ပြိုကျတတ်ပါတယ်။ 

ငလျင်လှုပ်ပြီး ၆လကျော်တဲ့အထိ နောက်ဆက်တွဲငလျင်ပေါင်း ၂၀၀ ကျော်လှုပ်ခတ်ပြီး ဒီနောက်ဆက်တွဲငလျင်တွေကို စာရင်းပြုစုတဲ့အခါ အဓိကအားဖြင့် မန္တလေး၊နေပြည်တော်၊ သပိတ်ကျင်းတို့မှာ ပြင်းအား ၅ကျော်တဲ့ နောက်ဆက်တွဲငလျင်တွေအများဆုံးလှုပ်ခတ်နေတာကို MFPက တွေ့ရှိပါတယ်။

မြန်မာနိုင်ငံမှာ ငလျင်လှုပ်နိုင်တဲ့ ဘူမိအနေအထား၊ မြေထုချပ်အနားစွန်းတွေရှိသလို ပြတ်ရွေ့ တွေလည်း ရှိတာကြောင့် ငလျင်တွေနဲ့အတူ ယှဉ်တွဲနေထိုင်နိုင်အောင် ကြိုးစားရမှာဖြစ်တယ်လို့ ပညာရှင်အသီးသီးကအကြံပြုကြပါတယ်။ ငလျင်လှုပ်နိုင်တဲ့ ပြတ်ရွေ့တွေအနီးမှာ မြို့ကြီးတွေ တည်တာဟာ မြန်မာမှာသာမကကမ္ဘာမှာလည်း ရှိတာကြောင့် ပြတ်ရွေ့တွေပေါ် မြို့တည်တာကပြဿနာမဟုတ်ဘဲ အဆောက်အဦးတွေကိုသာ ငလျင်ဒဏ်ခံနိုင်အောင်တည်ဆောက်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ နေထိုင်သူတွေဟာ ငလျင်ကို New Normal အဖြစ်ထည့်သွင်းစဉ်းစားဖို့လိုလာပြီလို့ ပျက်စီးဆုံးရှုံးမှုကြီးခဲ့တဲ့ငလျင်ကြီးနဲ့နောက်ဆက်တွဲငလျင်များစွာက  သတိပေးလိုက်တာပါပဲ။

ငလျင်သမိုင်းမှာ အပြင်းထန်ဆုံးဖြစ်ခဲ့တဲ့ မတ်လ ၂၈ ရက်အတွေ့အကြုံကို အခြေခံပြီး သဘာဝဘေးအတွက်ကြိုတင်ပြင်ဆင်ထားရဖို့လိုလာပါပြီ။ ။  ငလျင်လှုပ်မှ ဘာလုပ်မလဲ ဆိုတာထက်ငလျင်မလှုပ်ခင်နဲ့ ငလျင်လှုပ်ပြီးတဲ့အခြေအနေတွေမှာ လုပ်ဆောင် သင့်တဲ့ အခြေအနေတွေနဲ့ အကြံပြုချက်တွေကို MFP က စုစည်းတင်ပြလိုက်ပါတယ်။

လူအများစုဟာ ငလျင်လှုပ်တဲ့အခါ ကြောင်သွားပြီးဘာလုပ်ရမယ်ဆိုတာကို မေ့သွားတတ်ကြပါတယ်။ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် လူနဲ့ပစ္စည်း ပျက်စီးထိခိုက်တာကနေ သက်သာစေ မှာဖြစ်သလို အထပ်ထပ်အခါခါလေ့ကျင့်ထားမယ်ဆိုရင် အရေးကြုံတဲ့အခါ မြန်မြန်ဆန်ဆန်တုန့်ပြန်နိုင်မှာဖြစ်ပါတယ်။ဒါ့ကြောင့် ငလျင်မလှုပ်မီ၊ငလျင်လှုပ်နေဆဲနဲ့ ငလျင်လှုပ်ပြီးအခြေအနေတွေမှာ လုပ်ဆောင်ရမှာတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ သဘာဝဘေးအန္တရာယ်လျော့ပါးရေးကော်မတီနဲ့  Asia Disaster Preparedness Center တို့ပူးပေါင်းထုတ်ဝေထားတဲ့ ငလျင်များနှင့်နေထိုင်ခြင်းလက်ကမ်းစာစောင်မှာပါဝင်တဲ့ လမ်းညွှန်ချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။ ဒီအချက်တွေကို ကြည့်မယ်ဆိုရင် ငလျင်မလှုပ်ခင်ကြိုပြီးပြင်ဆင်နိုင်တဲ့အချက်တွေကပိုများပြီးပိုအရေးကြီးတာတွေ့ရပါတယ်။

ငလျင်မလှုပ်မီ
(၁) ငလျင်လှုပ်တဲ့အချိန်မှာ ဘာလုပ်ရမယ်ဆိုတာကို မိသားစုဝင်အားလုံး သိရှိထားရပါမယ်။

(၂) အိမ်ရဲ့အခန်းတိုင်းမှာ အန္တရာယ်မရှိနိုင်တဲ့နေရာကို သိထားရပါမယ်။ (ခိုင်ခန့်တဲ့စားပွဲခုံအောက်၊ အတွင်းနံရံ(ဒါမှမဟုတ်) တိုင်နဲ့ကပ်လျက်နေရာ ၊ တံခါးပေါင်အောက်ဖက်ဆိုပြီး ကြိုတင်လေ့လာရွေးချယ်ထားသင့်ပါတယ်။

(၃) အဲ့ဒီနေရာတွေကို သွားရောက်ဖို့၊ အကာအကွယ်ယူဖို့၊ ဆွဲကိုင်ထားဖို့ လေ့ကျင့်ထားရပါမယ်။ ဥပမာ – စားပွဲအောက် အမြန်ဝင်တာ၊ စားပွဲခြေထောက်၊ တိုင်တွေကို ဆွဲကိုင်ထားတာ၊ ဦးခေါင်းပိုင်းဘေးကင်းစေဖို့ မျက်နှာကို လက်မောင်းနဲ့ကပ်ထားတာ၊ အုပ်မိုးထားတာ စတာတွေဖြစ်ပါတယ်။

(၄) အန္တရာယ်ရှိတဲ့နေရာတွေကို သိထားရပါမယ်။ ဥပမာ – ပြတင်းပေါက်၊ မှန်၊ တွဲလောင်းချိတ်ထားတဲ့ပစ္စည်း၊မြင့်တဲ့၊ ယိုင်လဲနိုင်တဲ့ ပရိဘောဂတွေ၊ ပစ္စည်းတွေအများကြီးတင်ထားတဲ့စင်တွေ။

(၅) အရေးပေါ်အခြေအနေမှာ အိမ် ဒါမှမဟုတ် အလုပ်လုပ်တဲ့နေရာကနေ ထွက်ပြေးဖို့လမ်းကြောင်းနဲ့ အရံထွက်လမ်းတွေကို လေ့လာသတ်မှတ်ထားပါ။  အဲ့ဒီထွက်ပေါက်နဲ့ လမ်းကြောင်းတွေက သေချာမှု ရှိ၊ မရှိ၊ပိတ်ဆို့မှု ရှိ၊ မရှိ စစ်ဆေးထားရပါမယ်။ ထွက်ပြေးနိုင်ဖို့ကိုလည်း လေ့ကျင့်ထားရပါမယ်။

(၆) ရေ၊ ဓာတ်ငွေ့နဲ့လျှပ်စစ်မီးတွေကို အရေးပေါ်ဖြတ်တောက်နိုင်မယ့်နေရာ သိထားရပါမယ်။ လျှပ်စစ်မိန်းခလုတ်ချတာ၊ ဓါတ်ငွေ့အိုး/ဓါတ်ငွေ့ပိုက်ပိတ်တာတွေကို စမ်းသပ်လုပ်ကိုင်ထားရပါမယ်။

(၇) ရှေးဦးသူနာပြုစုနည်းကို လေ့လာထားရပါမယ်။

(၈) ငလျင်လှုပ်ချိန်မှာ မိသားစုအတူမရှိဘူးဆိုရင် (မိဘက လုပ်ငန်းခွင်၊ ကလေးတွေက ကျောင်း) ဆက်သွယ်ဖို့စနစ်တွေကို ရေးဆွဲစီစဉ်ထားရပါမယ်။

(၉) နံရံမှာကပ်ထားတဲ့ လေးလံတဲ့ ဗီရို၊ သေတ္တာ စတဲ့ လေးလံတဲ့ပရိဘောဂတွေကို နံရံတွေနဲ့ ခိုင်မြဲအောင် ကပ်တွဲထားပါ။ (ယိုင်လဲပြီး လူထိခိုက်မှုမဖြစ်စေဖို့)

(၁၀) ကြီးမားလေးလံတဲ့ပစ္စည်းတွေနဲ့ ကွဲတတ်တဲ့ပစ္စည်းတွေကို အနိမ့်ပိုင်းမှာ ထားပါ။

(၁၁) ပန်းချီကား၊ ကြည့်မှန် စတဲ့ လေးလံတဲ့အရာတွေကို အိပ်ရာ၊ ခုံတန်းရှည် စတဲ့ လူနေထိုင်ရာ၊ လူလဲလျောင်းရာနေရာတွေနဲ့ ဝေးရာမှာ ချိတ်ဆွဲပါ။

(၁၂) လောင်ကျွမ်းတတ်တဲ့အရည်အားလုံးကို အိမ်အပြင် ဝေးရာမှာ စနစ်တကျထားပါ။  (ငလျင်ကြောင့်မီးလောင်တာ၊ ပေါက်ကွဲတာ မဖြစ်စေဖို့)

(၁၃) မီးလုံး၊ မီးဆိုင်းတွေကို သေသေချာချာတွဲချုပ်ထားပါ။ (ငလျင်လှုပ်ရင် ပြုတ်မကျနိုင်ဖို့)

(၁၄) အိပ်ပျော်နေတဲ့အချိန် ငလျင်လှုပ်နိုင်တာကြောင့် အိပ်ရာအနီးရှိ မှန်၊ ပြတင်းတံခါးတွေက အန္တရာယ်ကိုသတိထားပါ။ (တံခါးတွေ ပိတ်ထားတာ၊ တရုတ်ကပ်မှန်တံခါးတွေချထားတာ၊ ကန့်လန့်ကာတွေချထားတာလုပ်ပါ)

(၁၅) အုတ်ညှပ်အဆောက်အအုံတွေမှာ ကျည်းပေါင်နဲ့ သေသေချာချာတွဲမထားတဲ့ အုတ်နံရံ၊ မြင့်မိုရ်ပိတ်တွေကို ခိုင်၊ မခိုင် စစ်ဆေး၊ ပြုပြင်ပါ။

(၁၆) အရေးပေါ်လိုအပ်မယ့်ပစ္စည်း ( စားစရာ၊ သောက်ရေ၊ ရှေးဦးသူနာပြုပစ္စည်း၊ ဆေး၊ ဓါတ်မီး၊ ဓါတ်ခဲအပို၊ရေဒီယို၊ အရံဓါတ်ခဲ) တွေကို ပြင်ဆင်ထားပါ။

ငလျင်လှုပ်နေပြီဆိုရင် 
(၁) အေးဆေးတည်ငြိမ်ပါ။

(၂) အဆောက်အအုံရဲ့ အတွင်းမှာရှိနေရင် အတွင်းမှာပဲနေပြီး အပြင်မှာရှိနေရင် အပြင်မှာပဲနေပါ။

(၃) အဆောက်အအုံအတွင်းမှာ ရှိနေရင် ပြတင်းပေါက်၊ တံခါး၊ ဗီရိုမြင့်၊ ကွဲတတ်တဲ့ပစ္စည်း၊ ပြုတ်ကျနိုင်တဲ့လေးတဲ့အရာတွေနဲ့ ဝေးဝေးနေပါ။ စားပွဲ ဒါမှမဟုတ် ခိုင်ခံ့တဲ့ခုံအောက်မှာနေပြီး မြဲမြဲကိုင်ထားပါ။ အတွင်းနံရံဒါမှမဟုတ် တိုင်တွေကို ကပ်နေပါ။ ဝပ်နေပါ။ ဦးခေါင်းကို အကာအကွယ်ယူပါ။

(၄) အဆောက်အအုံကနေ ထွက်ခွာမယ်ဆိုရင် အလောတကြီး ပြေးမထွက်ပါနဲ့။ ဓါတ်လှေကား မသုံးပါနဲ့။ ရိုးရိုးလှေကားကနေ ဆင်းပါ။

ငလျင်နဲ့အတူ ယှဉ်တွဲနေထိုင်ရမယ့် မြို့ပြစီမံကိန်း

သဘာဝဘေးတွေဖြစ်တဲ့ ရေကြီးတာ၊ မြေပြိုတာ၊ ငလျင်လှုပ်ခတ်တာတွေမှာ ပျက်စီးဆုံးရှုံးမှု လျော့နည်းစေဖို့အတွက် မြို့ပြစီမံကိန်းတွေ ရေးဆွဲထားဖို့နဲ့တကယ်စနစ်တကျအသုံးချဖို့ လိုအပ်နေပြီလို့ ငလျင်ပညာရှင် ဒေါက်တာမျိုးသန့် နဲ့ ငလျင်ကော်မတီနာယက ဦးစိုးသူရထွန်းတို့ကထောက်ပြပြောဆိုပါတယ်။

ပြတ်ရွေ့တစ်ခုကနေ ငလျင်လှုပ်လိုက်တဲ့အချိန်မှာ မြို့တစ်မြို့ချင်းစီကိုရောက်သွားမယ့်အရှိန်၊ ပမာဏ၊ လှိုင်း၊သဘောသဘာဝ၊ မြို့တွေရဲ့အောက်မှာရှိတဲ့ မြေဆီလွှာသဘောတရားတွေကို လေ့လာဖော်ထုတ်ကာ ငလျင်အန္တရာယ်ပြမြေပုံကို ရေးဆွဲရမှာဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီမြေပုံတွေကို လက်တွေ့အသုံးပြုပြီးမှ မြို့ကို နေရာချတဲ့ City Plan ကိုထပ်မံစဉ်းစားရမှာဖြစ်တယ်လို့ ဒေါက်တာမျိုးသန့်ကပြောပါတယ်။

“အဲဒါစဥ်းစားပြီးမှ ဘယ်ရပ်ကွက်က‌တော့ဘယ်နှစ်ထပ်ကြီးဆောက်လို့ရတယ်။  ဘယ်ရပ်ကွက်က‌တော့ဘယ်နှစ်ထပ်ပဲ ဆောက်လို့ရတယ်။ စသဖြင့် အကြမ်းဖျဉ်း ပြောလို့ရသွားတယ်။ ဒါသည် ရှိရမယ့်သဘာ၀ဘေး။ ငလျင်လည်း ငလျင်ဘေး။ ရေလည်း ရေဘေး။ မြေလည်း မြေပြိုဘေး။ ဒါတွေအကုန်လုံးနဲ့ဆိုင်တဲ့ အန္တရာယ်ပြမြေပုံတွေကို ဆွဲပြီးတော့မှ Town Plan တွေ ဆွဲကြရတယ်။ အဲ့ဒီအတိုင်း ကျွန်တော်တို့ကလုပ်ကြရမှာ။ ဒီဟာက အနာဂတ်မှာ ဘယ်လိုလုပ်ရမယ့်၊ ဘယ်လိုပုံဖော်ရမယ့် City Plan ပဲ” လို့ ဦးမျိုးသန့်ကဆိုပါတယ်။

စစ်ကိုင်းပြတ်ရွေ့ကြီးဟာ နှစ် ၁၀၀ ဝန်းကျင်မှာ တစ်ခါ လှုပ်ခတ်လေ့ရှိပြီး ငလျင်လှုပ်ဖို့အတွက် အချိန်ကျော်လွန်နေပြီဖြစ်တာကြောင့် ပညာရှင်တွေက သတိပေးခဲ့ကြပေမယ့် ငလျင်‌ဘေးဒဏ်ကို မကြုံဖူးကြတဲ့ ပြည်သူတွေဟာ ငလျင်နဲ့ပတ်သက်တဲ့ အသိပညာ အားနည်းခဲ့ပါတယ်။

၂၀၁၁ တာလေငလျင်အပြီးမှာ ငလျင်အတွက် ကြိုတင်ပြင်ဆင်ကြဖို့ ခေါင်းလောင်းတီးနေပြီလို့ ပညာရှင်တွေက ပြောကြပါတယ်။ ၂၀၁၂ သပိတ်ကျင်းငလျင်လှုပ်ခတ်ပြီးတော့လည်း ဂရုစိုက်ဖို့အတွက် ဆော်ဩကြပါတယ်။ အခု မတ်လ ၂၈ ရက် စစ်ကိုင်းငလျင်ကတော့ အားလုံးကို ငလျင်နဲ့ အတူ ယှဉ်တွဲနေထိုင်နိုင်ဖို့အချက်ပြလိုက်ပါပြီ။

ဒါ့အပြင် လာမယ့် (၁) နှစ်ကနေ ၁၀ နှစ်အတွင်းမှာပဲခူးငလျင်ဟာ အင်အား ၇ ဒဿမ ၃ ရစ်ခ်တာစကေးဝန်းကျင်နဲ့ လှုပ်ခတ်နိုင်တယ်ဆိုပြီး  Myanmar Engineering Society က ဦးစီးကျင်းပတဲ့ seminar မှာ Researcher တွေက ပြောထားပါတယ်။ ဒါ့ကြောင့် ရန်ကုန်နဲ့ပဲခူးမြို့မှာရှိတဲ့ အဆောက်အဦးတွေကို ပြန်လည်စစ်ဆေးသင့်ပြီလို့ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီက ပညာရှင်က အကြံပြုထားပါတယ်။ 

ပြည်သူလူထုရဲ့ အသက်တွေ၊ ဘဝတွေ၊ ဥစ္စာပစ္စည်းဆုံးရှုံးတာတွေ ရင်းပြီးတော့ ယူခဲ့တဲ့ စစ်ကိုင်းငလျင်ရဲ့အတွေ့အကြုံတွေကို နမူနာ မယူနိုင်ခဲ့ဘူးဆိုရင်‌တော့… 

Related Articles

Back to top button