စစ်ကိုင်းသတင်း

စစ်ကိုင်းက စစ်ဘေးရှောင်တွေကို စစ်အုပ်စုက ငွေကျပ်ခြောက်သောင်း ထောက်ပံ့ကာ ရွေးကောက်ပွဲမှာ မဲမထည့်မနေရ လက်မှတ်ထိုးခိုင်း

MN/MFP ၊ စက်တင်ဘာ – ၂၉

စစ်ကိုင်းမြို့ပေါ်ကို လာရောက် စစ်ဘေးတိမ်းရှောင်နေကြတဲ့ အသက် ၁၈ နှစ်ပြည့်ပြီး ဒေသခံပြည်သူတွေကို စစ်အုပ်စုက သုံးလစာ ငွေကျပ်ခြောက်သောင်း ထောက်ပံ့ပေးစည်းရုံးပြီး လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမဲ့ ရွေးကောက်ပွဲမှာ မဖြစ်မနေ မဲလာထည့်ကြဖို့ လက်မှတ်ထိုးခိုင်းနေတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်အုပ်စုက စစ်ကြောင်းထိုးစီးနင်းလုယက်မီးရှို့ခဲ့တာကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ တောတောင်တွေထဲမှာ စစ်ဘေးတိမ်းရှောင်နေကြရသလို စစ်ကိုင်းမြို့ပေါ်ကို သွားရောက်စစ်ဘေးတိမ်းရှောင်နေကြရသူတွေလည်း အများအပြားရှိနေတာ ဖြစ်ပါတယ်။

စစ်ကိုင်းမြို့ပေါ်ကို စစ်ကိုင်းမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေအပြင် ဝက်လက်၊ မတ္တရာ စတဲ့မြို့နယ်တွေထဲက ပြည်သူတွေပါ လာရောက်စစ်ဘေးတိမ်းရှောင်နေသူတွေ အများအပြားရှိနေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

အဲဒီလို စစ်ကိုင်းမြို့ပေါ်မှာ လာရောက်စစ်ဘေးတိမ်းရှောင်နေကြတဲ့ ဒေသခံပြည်သူတွေကို စစ်အုပ်စုက သုံးလစာ ငွေကြေးထောက်ပံ့ပေးစည်းရုံးနေပြီး ငွေလက်ခံရယူခဲ့တဲ့ ဒေသခံတွေကို ရွေးကောက်ပွဲမှာ မဖြစ်မနေ မဲလာထည့်ဖို့လက်မှတ်ထိုးခိုင်းနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“စစ်ကိုင်းမြို့ပေါ်မှာက တစ်မြို့လုံးနီးပါး စစ်ဘေးရှောင်တွေက ရှိနေတာ။ စစ်ကိုင်းတောင်ရိုးဘက်တွေက ကျောင်းတွေမှာရော စစ်ရှောင်တွေရှိနေတာ။ အဲဒီ စစ်ဘေးရှောင်တွေထဲက အသက် ၁၈ နှစ်ပြည့်ပြီးတဲ့သူတွေကို တစ်လကို နှစ်သောင်းနှုန်းနဲ့ သုံးလစာ (စစ်အုပ်စု)ငွေတွေပေးနေတာ။ ငွေလက်ခံယူတဲ့သူတွေကို မဲမထည့်မနေရဆိုပြီးတော့ လက်မှတ်ထိုင်းခိုင်းပြီးမှ ငွေထုတ်ပေးတာ။ ငွေယူတဲ့သူတွေအများစုကတော့ အသက်ကြီးတဲ့ အဖွားကြီးတွေ အများဆုံးတွေ့ရတယ်”လို့ စစ်ကိုင်းမြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။

စစ်ကိုင်းမြို့ပေါ်က စစ်ဘေးရှောင်ပြည်သူတွေကို စစ်အုပ်စုတွေက စက်တင်ဘာ ၂၇ ရက်ကစပြီး ရွေးကောက်ပွဲမှာ မဖြစ်မနေ မဲလာပေးဖို့ လက်မှတ်ထိုးခိုင်းကာ ငွေးကြေးထောက်ပံ့ပေးနေတာဖြစ်ပြီး မနေ့က စစ်ကိုင်းမြို့ ဆင်များရှင်ဘုရားနဲ့ ပါရမီရပ်ကွက်က စည်းခုံကြီးဘုရားမှာ စစ်ဘေးရှောင်တွေကို လက်မှတ်ထိုးခိုင်းပြီး ငွေကြေးထောက်ပံ့ပေးခဲ့တယ်လို့ စစ်ကိုင်းမြို့ခံတွေက ဆိုပါတယ်။

စစ်အုပ်စုက စစ်ကိုင်းမြို့ပေါ်မှာ လူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးပေါ်တာဆွဲနေသလို တဖက်မှာလည်း စစ်ဘေးရှောင်ပြည်သူတွေကို ရွေးကောက်ပွဲမှာမဲထည့်ဖို့ ငွေပေးစည်းရုံးနေတာဖြစ်တယ်လို့ မြို့ခံပြည်သူတွေက ဆိုပါတယ်။

စစ်ကိုင်းမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လက စတင်ပြီး အခုလ စက်တင်ဘာထိ ငါးလကျော်ကာလအတွင်း ကျေးရွာတွေကို စစ်အုပ်စု စစ်ကြောင်းထိုး စီနင်းလုယက်မီးရှို့ခဲ့ရာမှာ ဒေသခံပြည်သူ ၆၀ ကျော်အထိ ဖမ်းဆီးသတ်ဖြတ်ခံထားရပြီး ထောင်နဲ့ချီတဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီး ခံထားရပါတယ်။

စစ်အုပ်စုက စစ်ကိုင်း-ရွှေဘို ကားလမ်းဘေးက ကျေးရွာတွေဖြစ်တဲ့ ရုန်းပင်ကန်၊ ဝက်သားပုတ်၊ သစ်ချိုကုန်း၊ ပုဂံတူ၊ ကျော်ဇေယျာ၊ ရင်းမကျင်း၊ လင်းတလူး၊ ချိုင်းကြီး၊ ထန်းဖူးတော၊ ရွာသစ်၊ ကျားမင်းကြီး စတဲ့ ရွာပေါင်း ၁၀ ရွာကျော်က နေအိမ်ပေါင်း ထောင်နဲ့ချီ မီးရှို့ဖျက်ဆီးထားသလို စစ်ကိုင်းနယ်မြောက်ခြမ်းနဲ့အရှေ့ခြမ်းရှိ တလိုင်း၊ စဉ့်ကိုင်(တောင်-မြောက်)၊ ကင်း၊ ချောင်းမကြီး၊ မင်းကွန်းတောင်ရွာ၊ ရှားရောင်း၊ မဲဇလီချောင်း၊ လက်ပံ စတဲ့ ကျေးရွာပေါင်း ၁၀ ရွာကျော်နဲ့ စစ်ကိုင်းမြို့အနောက်ဘက်က ကျေးရွာတွေအပါဝင် စုစုပေါင်း ကျေးရွာ ၃၀ ထက်မနည်းကို စီးနင်းလုယက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

လက်ရှိမှာ စစ်အုပ်စုရန်ကြောင့် စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာပေါင်း ၅၀ ကျော်က ဒေသခံတွေ သောင်းနဲ့ချီပြီး တောတောင်တွေထဲမှာ လနဲ့ချီ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်သလို စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာ၊ အဝတ်အထည်၊ စောင် စတဲ့ လူသားချင်းစာနာထောက်ထားမှု အကူညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို အကူအညီပေးနေသူတွေက MFP ကို ပြောဆိုထားပါတယ်။

ပုံစာ – စစ်အုပ်စုခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နဲ့အဖွဲ့ကို တွေ့ရစဉ်⁩။ MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button