မန္တလေးသတင်း

နွားထိုးကြီးနယ်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုက ဒေသခံ ၁၀ ဦးထက်မနည်းကို ထပ်မံဖမ်းဆီး သတ်ဖြတ်ထား

MN/MFP ၊ စက်တင်ဘာ – ၃၀ ရက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

နွားထိုးကြီးနယ်ထဲ တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်အုပ်စု ထောက်ခံသူတွေက တယ်လီဂရန်ချန်နယ်တွေမှာတော့ သူဌေးကုန်းရွာ အနီး PDF တွေ စခန်းကို စက်တင်ဘာ ၂၉ ရက် ညနေပိုင်းမှာ သွားရောက်ရှင်းလင်းခဲ့ရာ ထိတွေ့တိုက်ပွဲ ငါးကြိမ်ဖြစ်ပွားခဲ့ပြီးနောက် ဒီကနေ့ စက်တင်ဘာ ၃၀ ရက် မနက်ပိုင်းမှာ စခန်းနေရာကို သိမ်းပိုက်ရရှိခဲ့ပြီး PDF အလောင်း ၁၅ လောင်း၊ လက်နက်မျိုးစုံ ၁၂ လက်၊ ကျည်ဆန်၊ ကျည်အိမ်နဲ့ မိုင်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဝါဒဖြန့် ဆိုထားပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂၆ ရက်နေ့ကတည်းက နွားထိုးကြီးမြို့နယ်ထဲကို စစ်ကြောင်းထိုး စီးနင်းလုယက်နေတဲ့ စစ်အုပ်စုက ဒေသခံပြည်သူ ၁၀ ဦးထက်မနည်းကို ထပ်မံ ဖမ်းဆီးသတ်ဖြတ်ထားတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့က မလှိုင်နယ်ထဲကနေ နွားထိုးကြီးမြို့နယ်တောင်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုက ရွာသာအေးရွာက ဒေသခံပြည်သူ ရှစ်ဦးခန့်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို နွားထိုးကြီးနယ်အစပ် မလှိုင်နယ် အိမ်ကြီးတောရွာက အသက်မပြည့်သေးတဲ့ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ပြီးနောက် မိခင်ဖြစ်သူအပါဝင် နောက်ထပ် ဒေသခံနှစ်ဦးကိုပါသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နွားထိုးကြီးနယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုက ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေနဲ့ပတ်သက်ပြီး မြေပြင်သတင်းရင်းမြစ်တွေကို MFP က ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဖြစ်စဉ်မှန်ကန်ပြီး လက်ရှိ နယ်မြေအတွင်းစစ်ရေးတင်းမာနေတာကြောင့် မကြာခင်မှာ အသေးစိတ်သတင်းထုတ်ပြန်ပေးသွားဖို့ရှိတယ်လို့ ဆိုပါတယ်။

“(စစ်အုပ်စု မုဒိမ်းကျင့်ဖမ်းဆီးသတ်ဖြတ်တာ) ဟုတ်ပါတယ်ဗျ။ ကျွန်တော်တို့ဘက်က အသေးစိတ်သတင်းထုတ်ပြန်တဲ့အချိန်ထိ စောင့်ပေးပါဦးဗျ။ လက်ရှိအချိန်မှာ တိုက်ပွဲပြင်းထန်နေသလို နှစ်ဖက်စစ်ဆိုင်ထားရတဲ့ အခြေအနေဖြစ်လို့ပါဗျ။ ဒေသခံပြည်သူတွေလည်း စစ်ဘေးတိမ်းရှောင်နေကြတုန်းပါ”

လက်ရှိမှာ နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေပြီး နယ်မြေမတည်ငြိမ်တာကြောင့် တိုက်ပွဲအခြေအနေနဲ့ ဒေသခံတွေ သတ်ဖြတ်ခံရတဲ့ အခြေအနေ အသေးစိတ်ကိုတော့ MFP အနေနဲ့ သီးခြားအတည် မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ဩဂုတ်လကလည်း နွားထိုးကြီးနယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်အုပ်စုက စီးနင်းလုယက်ပြီး ဒေသခံ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို နေအိမ်ပေါင်း ၁၅၀၀ ကျော်ကိုပါ မီးရှို့ဖျက်ဆီး ခဲ့ပါတယ်။

လက်ရှိမှာ စစ်အုပ်စု စစ်ကြောင်းရန်ကြောင့် နွားထိုးကြီးနယ်တောင်ခြမ်းရှိ သူဌေးကုန်း၊ အောင်ပန်းကုန်း၊ မကျီးကန်၊ ကြာပွား၊ ဖလံကုန်း၊ ရွာသာအေး၊ အောင်သာ၊ ထနောင်းပင်လဲ စတဲ့ နွားထိုးကြီး-မလှိုင် ကားလမ်းဘေး ကျေးရွာတွေအပါဝင် အနီးဝန်းကျင်ကျေးရွာတွေက ဒေသခံတွေ သောင်းနဲ့ချီ ထွက်ပြေးနေရပြီး စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါး စတဲ့ အရေးပေါ်အကူညီတွေ လိုအပ်နေတယ်လို့ အကူအညီပေးနေသူတွေက ဆိုကြပါတယ်။

⁨ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက နွားထိုးကြီးနယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်အုပ်စုနဲ့ပျူစောထီး စစ်ကြောင်း စီးနင်းလုယက် မီးရှို့ဖျက်ဆီးခဲ့စဉ်⁩။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button