တော်လှန်ရေးအားကောင်းတဲ့ ပခုက္ကူ၊ပေါက်နဲ့ ထီးလင်းကို စစ်အုပ်စုစစ်ကြောင်းထိုးနေတာကြောင့် လမ်းပိုင်းတချို့ ယာယီပိတ်
အီသာရမ်/MFP ၊စက်တင်ဘာ-၃၀
မကွေးတိုင်းက တော်လှန်ရေးအားကောင်းတဲ့ မြို့နယ်တွေဖြစ်တဲ့ ပခုက္ကူမြို့နယ်၊ပေါက်မြို့နယ်နဲ့ထီးလင်းနယ် တို့ကို စစ်အုပ်စုက စစ်ကြောင်းထိုးတာတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ပခုက္ကူ-ကမ္မ လမ်းပိုင်းကို တော်လှန်ရေးတပ်တွေက ယာယီပိတ်ပင်ထားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ပခုက္ကူနယ် အနောက်ခြမ်းက ပျူစောထီးကျေးရွာတွေဖြစ်တဲ့ ရှင်မကန်ပျူစောထီးစခန်းကတဆင့် ညောင်ဂျစ်ပင်ပျူစောထီးစခန်းမှာ စစ်အုပ်စုနဲ့ပျူစောထီးခန့်မှန်းအင်အား ၁၂၀ ခန့်ပါ စစ်ကြောင်းရောက်ရှိနေတာဖြစ်ပြီး စစ်ရေးတင်းမာလာနိုင်တာကြောင့် ယာယီပိတ်ထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“စစ်ကြောင်းက ပြည့်အိုင်ရွာဘက်ကိုရောက်နေပြီ၊ကမ္မရဲစခန်းကို သွားမယ်လို့ ယူဆရပါတယ်၊စစ်ကြောင်းမှာက ဟိုတလောက ခွေးတွေနဲ့ပေါင်းသွားတဲ့ ကောင်တွေလည်း ပြန်ပါလာတယ်လို့ ပြောတယ်၊လမ်းပြပေါ့”
စက်တင်ဘာလ ၁၉ ရက်နေ့က ကမ္မမြို့ အရှေ့ဘက်က ညောင်ဂျစ်ပင်ပျူစောထီးစခန်းကို တော်လှန်ရေးရဲဘော်လေးဦး လက်နက်တွေနဲ့အတူ သွားရောက်ပူးပေါင်းခဲ့ပြီးနောက်ပိုင်း နောက်ဆက်တွဲအနေနဲ့ အဲဒီလေးဦးက စစ်ကြောင်းကို လမ်းပြအဖြစ် ခေါ်ဆောင်လာတာလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုစစ်ကြောင်းကြောင့် စက်တင်ဘာလ ၃၀ ရက်နေ့ကစပြီး ပခုက္ကူ-ကမ္မလမ်းပိုင်းကို ယာယီပိတ်ပင်ထားမှာဖြစ်ပြီး ကမ္မဒေသက ပြည်သူတွေအနေနဲ့ စစ်ကြောင်းအန္တရာယ်ကို သတိထားကြဖို့ ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစုက သတင်းထုတ်ပြန် အသိပေးထားပါတယ်။
ပေါက်မြို့နယ်မှာလည်း စစ်အုပ်စုကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ -၂၄ ကနေ စစ်ကြောင်းထိုးတာတွေ ဆက်တိုက်ပြုလုပ်နေပြီး ထီးလင်းနယ်အစပ်က ကျင်းနတ်ထိပ်စခန်းအနီးမှာ စစ်အုပ်စုစစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရတာ တစ်လခန့်ကြာမြင့်နေပြီ ဖြစ်ပါတယ်။
အဲဒီစစ်အုပ်စုစစ်ကြောင်းထိုးတဲ့ နေရာတွေကို စစ်အုပ်စုက လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲပစ်ကူပေးနေပြီး စက်တင်ဘာလ ၂၇ ရက်နေ့ကလည်း မြေနီမြောက်စုကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
ထီးလင်းမြို့နယ်မှာလည်း မြို့ပေါ်ကနေ ခန့်မှန်းအင်အား ၁၀၀ ခန့်ပါတဲ့ စစ်အုပ်စုစစ်ကြောင်းဟာ ကျားခဲကျေးရွာကို စီးနင်းဝင်ရောက်ပြီး ဒေသခံတွေရဲ့ ရိက္ခာတွေ ခိုးယူသယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
စက်တင်ဘာလ ၂၈ ရက်နေ့ညကလည်း ပခုက္ကူနယ်က တော်လှန်ရေးတပ်ဖွဲ့စခန်းကို စစ်အုပ်စုကပါရာမော်တာနဲ့ဗုံးကြဲလို့ တော်လှန်ရေးရဲဘော်သုံးဦး ကျဆုံးခဲ့ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



