Blog

ကျောက်မဲမြို့အလယ် ကားကြီးကွင်းကြံ့ခိုင်ရေးရုံးနားအထိ စစ်အုပ်စုတပ်တွေ ဝင်ရောက်နေဟုဆို

မှူးအိန်ဂျယ်လ်/MFP၊ အောက်တိုဘာ – ၁

စစ်အုပ်စုနဲ့တအာင်းအမျိုူသားလွတ်​မြောက်ရေးတပ်မတော်(TNLA) အပြင်းအထန်တိုက်ပွဲ ဖြစ်ပွားပြီးနောက် အောက်တိုဘာလ ၁ရက်နေ့ ဒီနေ့နေ့လယ်ပိုင်းမှာ ကျောက်မဲမြို့အလယ်က ကားကြီးကွင်းနားထိ စစ်ကြောင်းတွေ ဝင်ရောက်လာတယ်လို့ ​ဒေသခံ စစ်ရေးသတင်းအရင်းအမြစ် တွေက MFPကို ပြောပါတယ်။ 

မနေ့က စက်တင်ဘာ ၃၀ ရက်နေ့မှာ ကျောက်မဲမြို့နဲ့ သုံးမိုင်အကွာမှာရှိတဲ့ ခိုမုန်းရွာအနီးမှာ စစ်အုပ်စုစစ်ကြောင်း ရောက်နေပြီး ဒီနေ့မနက်ပိုင်းမှာတော့ မြို့အဝင်ဆိုင်းဘုတ်နားကတဆင့် မြို့ထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။

“ ကျောက်မဲမြို့တွင်းတိုက်ပွဲပြင်းထန်နေပါတယ် ”  လို့ မြေပြင်တော်လှန်ရေးရဲဘော်က ပြောပါတယ်။

စစ်အုပ်စုတွေဟာ ကြ့ခိုင်ရေးရုံး၊ မီးသတ်ရုံးစတဲ့ ဌာနဆိုင်ရာရုံးတွေကို ပစ်မှတ်ထားပြီး စစ်အုပ်စုတွေက မီး လောင်ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ပြီးနောက် မြေ ပြင်ကနေ အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာရာမှာ ဒီမနက်

အစောပိုင်းမှာ ကျောက်မဲမြို့ထဲကို ထိုးဖောက်ဝင်ရောက်လာပေမဲ့ တော်လှန်ရေးတပ်တွေ ခုခံတိုက်ခိုက်နေတယ်လို့ ပြောပါတယ်။

ကျောက်မဲမြို့ထဲမှာ ကျန်ရှိနေသေးတဲ့ ဒေသခံတချို့ကတော့ စစ်အုပ်စုတပ်တွေ ကားကွင်းကြီးနားက  ကြံ့ခိုင်ရေးရုံးကို ရောက်နေပြီလို့ MFP ကို ပြောပါတယ်။ 

“ စစ်တပ်က မြို့တွင်းမှာရှိတဲ့ ကြံ့ခိုင်ရေးကားကွင်းကြီးနား ကနေ့နေ့လည်ပိုင်း ရောက်နေတယ်လို့ပြောတယ်” လို့ ကျောက်မဲ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုချက်ကိုတော့ MFP အနေနဲ့ သီးခြားအတည်ပြု နိုင်တာမျိုး မရှိသေးပါဘူး။

စစ်အုပ်စုကို ထောက်ခံနေတဲ့ လော်ဘီချန်နယ်တွေမှာတော့ စစ်အုပ်စုအနေနဲ့ ပြန်သိမ်းလိုက်တဲ့ ၁၀ ခုမြောက်မြို့အဖြစ် ကျောက်မဲမြို့ကို ဒီနေ့မှာ သိမ်းပိုက်ခဲ့ပြီး နိုင်ငံတော်အလံကို စိုက်ထူနိုင်ခဲ့တယ်လို့ အောင်ပွဲခံ ဝါဒဖြန့်ချီ ဖော်ပြထားပါတယ်။

ကျောက်မဲမြို့ဟာ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ တည်ရှိပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့နေရာလည်း ဖြစ်သလို စစ်အုပ်စုက နောင်ချိုမြို့ကို သိမ်းပိုက်ပြီးနောက် ဩဂုတ်လ နောက်ဆုံးတစ်ပတ်မှာ ကျောက်မဲကို အင်အားအလုံးအရင်းနဲ့ ထိုးဖောက် ဝင်ရောက်လာတာ ဖြစ်ပါတယ်။

တိုက်ပွဲဆက်ပြင်းထန် နေတာကြောင့် ကျောက်မဲမြို့အတွင်း အသွားအလာ မရှိဘဲ တိတ်ဆိတ်နေပြီး လက်နက်ကြီးသံနဲ့ ဒရုန်းရန် ကင်းလွတ်တဲ့ နေရာတွေမှာ ရှာဖွေနေထိုင် နေရတယ်လို့ သူကဆိုပါတယ်။

ကျောက်မဲမြို့နဲ့ သုံးမိုင်အကျော်မှာရှိတဲ့ စခန်းသာရွာကို စစ်အုပ်စုတပ်က အခုရက်ပိုင်းမှာပဲ TNLA လက်ထဲကနေ သိမ်းယူပြီးနောက်ပိုင်း ကျောက်မဲကို တပ်ရင်းကိုးရင်းနဲ့ တစ်ရှိန်ထိုး ထိုးစစ်ဆင် တိုက်ခိုက်လာတာလို့ ဆိုပါတယ်။

စစ်အုပ်စု ထိုးစစ်ဆင်လာတဲ့ အချိန်ကစပြီးကျောက်မဲမြို့က ဒေသခံ ၇၀ ရာခိုင်နှုန်းခန့်ဟာ  လွတ်ကင်းရာနေရာတွေကို နေရပ်စွန့်ခွာ ထွက်ပြေးနေကြပြီး အိမ်စောင့်အဖြစ် အနည်းအကျဉ်းသာ ကျန်နေခဲ့တဲ့ ပြည်သူတွေ ပိတ်မိနေတယ်လို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းဖြစ်တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ ကျောက်မဲမြို့ကို TNLA ကတိုက်ခိုက် သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button