ထက်ဖြိုး/MFP ၊ အောက်တိုဘာ – ၁
စစ်ကိုင်းဖဒရယ် ယူနစ်အစိုးရဖွဲ့စည်းဖို့အတွက် အဖွဲ့ဝင် ၃၅ ဦး ပါတဲ့ စိစစ်ရွေးချယ်ရေးကော်မရှင်ကို အောက်တိုဘာလ ၁ ရက် ဒီကနေ့မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က အတည်ပြု ဖွဲ့စည်း လိုက်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
စိစစ်ရွေးချယ်ရေးကော်မရှင်မှာ အစုအဖွဲ့ခုနှစ်ဖွဲ့ပါဝင်ပြီး အဲဒီအစုအဖွဲ့ ခုနှစ်ဖွဲ့ထဲက တစ်ဖွဲ့ကို ငါးဦးစီနဲ့ ၃၅ ဦး အချိုးကျ ပါဝင်ဖွဲ့စည်းထားတာဖြစ်တယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဌ ဦးမြင့်ထွေးက ပြောပါတယ်။
အဲဒီ အစုအဖွဲ့ခုနှစ်ဖွဲ့ဟာ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၇ မှာပါဝင်တဲ့ အာဏာသိမ်းစစ်အုပ်စုနဲ့ ပူးပေါင်းခြင်းမရှိတဲ့ ၂၀၂၀ ရွေးကောက်ခံအမတ်တွေ၊ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေ၊ လူမျိုးစုကိုယ်စားလှယ်တွေ၊ CDM နိုင်ငံ့ဝန်ထမ်းတွေ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တွေ၊ သပိတ်အင်အားစုတွေနဲ့ ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့ ပုဂ္ဂိုလ်တွေနဲ့ အချိုးကျ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
စစ်ကိုင်းယူနစ်အစိုးရအဖွဲ့ကို ဖွဲ့စည်းရာမှာ စိစစ်ရွေးချယ်ရေးကော်မရှင်မှာပါတဲ့ အစုအဖွဲ့ခုနစ်ဖွဲ့အနက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)အဖွဲ့ကလွဲလို့ ကျန်တဲ့ခြောက်ဖွဲ့မှာ တစ်ဖွဲ့ကို ဝန်ကြီးဌာနတစ်ခုနဲ့ ဖွဲ့စည်းရမယ်လို့ ဥပဒေမှာ ပြဌာန်းထားပါတယ်။
“တာဝန်ယူကြမဲ့ ဝန်ကြီးဌာနတွေ တာဝန်ထမ်းဆောင်ဖို့အတွက် ပုဒ်မ ၆၆ မှာ အတိအကျပါထားတယ်။ ခြောက်ဖွဲ့ထဲက ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမယ်ပေါ့ဗျာ။ ဖွဲ့စည်းရမယ်ဆိုတော့ အချိုးကျလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါမှမဟုတ်ရင် အခြေအနေ အချိန်အခါရဲ့ တာဝန်ယူနိုင်မှုအပေါ်မူတည်ပြီးတော့လည်း လက်တွေ့အရှိတရားနဲ့ ကိုက်ညီအောင်လည်းလုပ်မှာဆိုတော့ ကျနော်တို့ကတော့ အခုချိန်မှာတော့ တိုင်ပင်ဆွေးနွေးနေဆဲ၊ ညှိနှိုင်းနေကြဆဲပဲဖြစ်တယ်ပေါ့လေ။ ဘယ်ပုံစံက စစ်ကိုင်းဖက်ဒရယ်ယူနစ်ရဲ့ တာဝန်ခံနိုင်မှု အကောင်းဆုံးသော တော်လှန် အစိုးရဖြစ်မလဲဆိုတာကိုတော့ တိုင်ပင်နေဆဲပဲဖြစ်ပါတယ်”
စစ်ကိုင်းဖက်ဒရယ် ယူနစ်အစိုးရအဖွဲ့ကို ဖွဲ့စည်းတဲ့အခါ လက်ရှိမြေပြင်အခင်းအကျင်းနဲ့ လက်လျောညီထွေမှုရှိတဲ့ အစိုးရအဖွဲ့ပုံစံကို ဖွဲ့စည်းဖို့ကို အားလုံးက ဦးတည်ကြိုးစားနေကြတယ်လို့ ဦးမြင့်ထွေးက ဆိုပါတယ်။
စစ်ကိုင်းဒေသက နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးကတော့ စစ်ကိုင်းယူနစ်အစိုးရဖွဲ့စည်းတဲ့အခါ အလွှာအသီးသီးကို ကိုယ်စားပြုတဲ့ အစိုးရအဖွဲ့မျိုးဖြစ်သင့်တယ်လို့ မှတ်ချက်ပြု ပြောပါတယ်။
အဲဒီအဖွဲ့ထဲမှာ တောင်သူလယ်သမား၊ အလုပ်သမားနဲ့ အောက်ခြေလူတန်းစားတွေအပေါ် ကိုယ်စားပြုတဲ့ အစိုးရမျိုးဖြစ်သင့်တယ်လို့ ပြောပါတယ်။
“အစိုးရတစ်ခုဖွဲ့မယ်ဆိုရင်တော့ မြေပြင်မှာရှိနေတဲ့ အလွှဲအသီးသီးကို ကိုယ်စားပြုတဲ့သူတွေ ပါဝင်တဲ့ အစုအဖွဲ့တွေနဲ့ပဲ ဖွဲ့စည်းသင့်ပါတယ်။ လတလော အပေါ်ယံမှာရှိနေတဲ့ အဖွဲ့လောက်နဲ့ပဲ လုပ်သွားမယ်ဆိုရင်တော့ တကယ်ကိုအားကောင်းမောင်းသန်တဲ့ အစိုးရဖြစ်လာမှာမဟုတ်ဘူး။ လူထုထောက်ခံမှုရတဲ့ အစိုးရမျိုးဖြစ်လာမှာမဟုတ်ဘူး။ ကျနော့်အနေနဲ့ မြင်တာကတော့ ဘယ်အရပ်ဒေသမှာပဲ လုပ်လုပ် အလွှာအသီးသီးကို ကိုယ်စားပြုတဲ့ အစိုးရမျိုးဖွဲ့သင့်တယ်”
စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်က အတည်ပြုဌာန်းခဲ့တာဖြစ်ပြီးနောက် သုံးလကျော်အကြာမှာ ယူနစ်အစိုးရဖွဲ့စည်းဖို့အတွက် စိစစ်ရွေးချယ်ရေးကော်မရှင်ကို ဒေသတွင်းအစုအဖွဲ့တွေက ကြိုးပမ်းလာတာပါ။
စစ်ကိုင်းယူနစ်အစိုးရကို ၂၀၂၅ ခုနှစ်အတွင်းမှာ ဖွဲ့စည်းနိုင်လိမ့်မယ်လို့ လွှတ်တော်ဥက္ကဌ ဦးမြင့်ထွေးက မှတ်ချက်ပြု ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



