Blogမန္တလေးသတင်း

မန္တလေးမှာ ရွေးကောက်ပွဲမဲစာရင်း ကပ်ပေမဲ့ စိတ်ဝင်စားသူမရှိ

ဂျီဂျီ/MFP၊ အောက်တိုဘာ ၁

ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်အုပ်စု ဦးဆောင်ကျင်းပမဲ့ ရွေးကောက်ပွဲအတွက်  မဲပေးနိုင်မယ့်သူစာရင်းတွေကို ကပ်ထားတာ နှစ်ရက်မြောက်ရှိပေမယ့် ပြည်သူတွေအနေနဲ့ စိတ်ပါဝင်စားမှု မရှိကြသလို ကပ်မှန်းတောင်မသိကြဘူးလို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

“(မဲစာရင်းကပ်တာ) မသိဘူး။ မသိတော့ သွားလည်း မကြည့်ဖြစ်ဘူး”လို့ မန္တလေးမြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။

မဲစာရင်းတွေကို ပထမအကြိမ်အဖြစ် စက်တင်ဘာလ ၃၀ ရက်ကနေ အောက်တိုဘာလ ၁၃ ရက်အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှုး ရုံးတွေမှာကပ်ထားမှာဖြစ်တယ်လို့ စစ်အုပ်စုလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

လတ်တလောမှာတော့ မန္တလေးတိုင်း၊ ရန်ကုန်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းတို့မှာ မဲစာရင်းလာကြည့်ဖို့အတွက် အုပ်ချုပ်ရေးတာဝန်ရှိသူတွေက မဲစာရင်းကြည့်ဖို့ လိုက်လံနှိုးဆော် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မကြည့်ဖြစ်ဘူး။ ဧည့်စာရင်းနဲ့ နေနေတာဆိုတော့။ အရင်လဝက်လောက်တုန်းကတော့ လူစုပြီး အုပ်ကြီးက မဲပေးဖို့အကြောင်းပြောတယ်လို့တော့ကြားတယ်။ ဒီရက်ပိုင်းတော့ ကားနဲ့လိုက်ပတ်အော်နေတာမျိုးလည်းနည်းနည်းကြားတယ်”လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။

မဲစာရင်း ကြည့်ရာမှာ မဲစာရင်းမှာ နာမည်မပါရင် ထည့်တာ၊ နာမည်မပါသင့်တဲ့သူ ပါနေရင် ပယ်ဖျက်တာ၊ အချက်အလက်မှားနေရင် ပြင်ဆင်တာတွေကို မဲပေးရမယ့်သူတွေက  ပြုလုပ်ရမှာပါ။ အဲ့ဒီလိုပြုလုပ်ပြီး ပြင်ဆင်ထားတဲ့မဲစာရင်းတွေကို နိုဝင်ဘာလမှာ ထပ်မံ ကြေညာမှာဖြစ်တယ်လို့ စစ်အုပ်စုလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

စစ်အုပ်စုကျင်းပမဲ့ ရွေးကောက်ပွဲအပိုင်း(၁) ကို လာမဲ့ ဒီဇင်ဘာလ ၂၈ ရက်မှာ လုပ်ဖို့ ကြေညာထားပြီး မန္တလေးတိုင်းအတွင်းက မြို့နယ် ရှစ်ခုမှာ ကျင်းပသွားမှာဖြစ်ပြီး အဲ့ဒီအထဲမှာ မန္တလေးမြို့ပေါ်ကချမ်းအေးသာစံနဲ့ အောင်မြေသာစံမြို့နယ်တွေ ပါဝင်ပါတယ်။

မဲစာရင်းကိုတော့ ရွေးကောက်ပွဲအပိုင်း(၁) မှာ မပါတဲ့ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရနဲ့ ပုသိမ်ကြီး မြို့နယ်တွေမှာလည်း ကပ်ထားတယ်လို့ စစ်အုပ်စုက သတင်းထုတ်ပြန်ထားပါတယ်။

မကြာခင်မှာ ကျင်းပတော့မဲ့ ရွေးကောက်ပွဲကို NUG၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေအပါအဝင် ပြည်သူတစ်ရပ်လုံးက အယုံအကြည်မရှိတာကြောင့် ပူးပေါင်းပါဝင်မှာ မဟုတ်

ကြောင်း သပိတ်မှောက်ဆန္ဒပြနေကြပေမဲ့ စစ်အုပ်စုကတော့ နိုင်ငံရေးထွက်ပေါက်တစ်ခု အနေနဲ့ အသုံးချနိုင်ဖို့ အသည်းအသန်ကြိုးစားနေတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button