စစ်ကိုင်းသတင်း

စစ်အုပ်စုစခန်းသုံးခုကို တိုက်ခိုက် သိမ်းပိုက်ပြီးနောက် တော်လှန်ရေးအင်အားစုတွေ မော်လိုက်မြို့ကို ထိုးစစ်ဆင်

ကိုသူ/MFP၊ အောက်တိုဘာ – ၂

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မော်လိုက်မြို့နယ်မှာ တော်လှန်ရေးအင်အားစုတွေက နှစ်လတာအတွင်း စစ်အုပ်စုစခန်း သုံးခုကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြို့အနီးကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေက သြဂုတ်လကနေ အောက်တိုဘာ ၂  ရက်နေ့ထိ နှစ်လတာ ထိုးစစ်ဆင်ကာ မော်လိုက်မြို့နယ်မှာရှိတဲ့ တိမ်းသာ၊ အင်းကုန်း၊ ရှားပင်စတဲ့ ကျေးရွာတွေအနီးက စစ်အုပ်စု စခန်းသုံးခုကို တိုက်ခိုက်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။ 

ဆက်လက်ပြီး မော်လိုက်မြို့နယ်နဲ့ နှစ်မိုင်ခန့် ကွာဝေးတဲ့ ကင်းတပ်ကျေးရွာကို ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“ထော်သာစခန်းကို သိမ်းပြီးတော့  ဆက်လို့တိုက်တော့ အင်ကုန်းရွာက စခန်းတွေ သိမ်းတာရှိတယ်။စခန်းငယ်ဆိုရင် သုံး ခုထက်မနည်းတော့ သိမ်းထားပါတယ်။ ပွိုင့် အချက်ချာကြတဲ့ ထော်သာသိမ်းပြီးတော့ မော်လိုက်မြို့ကိုကာထားတဲ့ ကင်းတပ်ရွာက စခန်းတွေသိမ်းထားပြီးတော့ ကိုထိုးစစ်ဆင်နေတယ်”

သိမ်းဆည်းရရှိထားတဲ့ စခန်းငယ်တွေဟာ ကုန်သွယ်ရေးအရ အချက်အခြာကျတဲ့ ကလေးဝ-မော်လိုက်-မဟာမြိုင် လမ်းပိုင်းအတွင်းမှာ တည်ရှိတဲ့ နေရာတွေ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ စစ်အုပ်စုတပ်တွေက ရေကြောင်းနဲ့ ကုန်းကြောင်းကနေ ကလေးဝနဲ့ ကလေးနယ်ကဆင့် မော်လိုက်မြို့နယ်ကို  လူ၊လက်နက်ရိက္ခာ ဖြည့်တင်းနေတာ ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“မဟာမြိုင်လမ်းကို ထိန်းချုပ် ထားနိုင်ပြီလို့တော့ ပြောလို့ရတာပေါ့။ ကင်းတပ်ကတော့ မော်လိုက်နဲ့ ဘာမဝေးတော့ဘူး။ မော်လိုက်မကျအောင် ကာထားတဲ့ တပ်ရင်းတွေပါ။ လူတွေကတော့ ထပ်ဖြည့်တာတွေ ရှိပါတယ်’

ဒီလိုတိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ကင်းတပ်၊ ရှားပင်၊ အင်းကုန်း၊ ထော်သာကျေးရွာတွေအပြင် တိမ်းသာ၊ ဖဲကဇက် ကျေးရွာတွေက ဒေသခံတစ်သောင်းကျော် ဘေးလွတ်ရာ တိမ်းရှောင်နေကြရပြီး ဆေးဝါးနဲ့ အစားအသောက်တွေ အရေးပေါ်လိုအပ်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

မော်လိုက်မြို့နယ်အတွင်းမှာတော့ တော်လှန်ရေးအင်အားစုတွေက  ဩဂုတ်လပထမလပတ်အတွင်းမှာ ထော်သာရွာစစ်အုပ်စုစခန်းကို သိမ်းပိုက်ရရှိထားသလို့  စစ်အုပ်စု၊ ပျူစောထီးနဲ့ပျုစောထီး မိသားစုတွေအပါအဝင် လူပေါင်း ၁၉၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားတယ်လို့ အမှတ်-၁ စစ်ဒေသကထုတ်ပြန်ထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button