မန္တလေးသတင်း

ပြင်ဦးလွင်က သုမင်္ဂလာဈေးနေရာမှာ အစားထိုးဆောက်နေတဲ့ ခြောက်ထပ်ဈေးသစ် လပိုင်းအတွင်း ဖွင့်လှစ်ဖို့ စစ်အုပ်စုပြင်ဆင်နေ

ဂျီဂျီ/MFP၊ အောက်တိုဘာ ၃

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်က သုမင်္ဂလာဈေးနေရာမှာ ဆောက်လုပ်နေတဲ့ ခြောက်ထပ်ဈေးသစ်ကို လပိုင်းအတွင်း ဖွင့်လှစ်ဖို့ စစ်အုပ်စုပြင်ဆင်နေတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။

“(၁၁) လကုန်ပိုင်းဆိုရင် ဈေးဆိုင်ခန်းတွေ နေရာချထားပေးမှာလေ။ ပေးပြီးရင် ၁၂ လပိုင်း၊ ၁ လပိုင်းလောက် ပြန်ဖွင့်မယ်ပြောတာပဲ”လို့ မြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။

ဆိုင်ခန်းတွေကို စနစ်တကျ နေရာချထားပေးနိုင်ဖို့ဆိုပြီး စစ်အုပ်စုလက်အောက်ခံ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်က ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ဈေးသူဈေးသားတွေနဲ့ တွေ့ဆုံခဲ့ပြီး မူလလက်ဟောင်းဈေးသည် ၇၀၀ ခန့်ကို ခြောက်ထပ်ဈေးသစ်ရဲ့ ဒုတိယထပ်နဲ့ တတိယထပ်မှာ နေရာချထားပေးမှာဖြစ်ပြီး ကျန်တဲ့ မြေညီထပ်၊ ပထမထပ်၊ စတုတ္ထထပ်၊ ပဉ္စမထပ်နဲ့ ခေါင်မိုးထပ်တွေကို ငှားရမ်းဖို့အတွက် တင်ဒါစနစ်နဲ့ ခေါ်ယူနေကြောင်း စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။

မူလဈေးသည်တွေအနေနဲ့ ဆိုင်ခန်းခ တစ်လအတွက် ကျပ်နှစ်သိန်းပေးဆောင်ရမှာဖြစ်ပြီး ဈေးသစ်ဖွင့်လှစ်ပါက ဆိုင်ခန်းရှင်တွေအနေနဲ့ ဆိုင်ခန်းတွေကို ပိတ်မထားဘဲ ဖွင့်လှစ်ဖို့နဲ့ ဒေသထွက်ကုန်
ဖြစ်တဲ့ အသီးအနှံ၊ ယိုစုံနဲ့ ဆွယ်တာတွေကို ဦးစားပေးရောင်းချဖို့ စစ်အုပ်စုလက်အောက်ခံ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

“ကိုယ်လုပ်မယ့်လုပ်ငန်းနဲ့ ပစ္စည်းဝယ်ရမှု မရမှုကလည်း အများကြီးသက်ဆိုင်တယ်။ တရုတ်ပစ္စည်းဆိုရင်လည်း အဝင်က ခဲယဉ်းတယ်။ ယိုးဒယားလိုင်းဆိုရင်လည်း တော်တော်များများက ပိတ်ထားတာကိုး။ ဗမာကုန်ဆိုတာကလည်း ရောင်းလို့ရတဲ့ဟာက လက်ချိုးရေလို့ရတဲ့အဆင့်က အများကြီးဖြစ်သွားတာ” လို့ မြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။

ခြောက်ထပ်ဈေးသစ် တည်ဆောက်ဖို့အတွက် သုမင်္ဂလာဈေးဟောင်းကို ဖျက်ကာ အဲ့ဒီကဈေးသည်တွေကို သီရိမန္တလာဈေးမှာ စစ်အုပ်စုက ပြောင်းရွှေ့ဖွင့်လှစ်ခိုင်းပေမဲ့ ဈေးသည်တွေထဲက တချို့ကတော့ အိမ်မှာပဲ ဖွင့်လှစ်ကြသလို တချို့ကတော့ ဆိုင်ခန်းနေရာငှားပြီး ဖွင့်လှစ်နေကြတာ ဖြစ်ပါတယ်။

ခြောက်ထပ်ဈေးသစ်ရဲ့ မြေညီထပ်မှာ ဘဏ်၊ စူပါမားကက်၊ စားသောက်ဆိုင်၊ ဘရန်းဒက်ဆိုင် (branded)၊ သားငါးနဲ့ ကုန်စိမ်း၊ ပထမထပ်မှာ ဘရန်းဒက်ဆိုင်၊ စတုတ္ထထပ်၊ ပဉ္စမထပ်နဲ့ ခေါင်မိုးထပ်မှာတော့ လူ ၃၀၀ ဆံ့တဲ့ မင်္ဂလာခန်းမအပြင် တခြားဆိုင်ခန်းတွေနဲ့ စားသောက်ဆိုင်တွေပါ ဖွင့်လှစ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

သုမင်္ဂလာဈေးကို တာဝန်ယူ တည်ဆောက်နေတဲ့ Myanmar Developer Association (MDA) ဟာ မြို့ပြနဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်းဟာ ဆောက်လုပ်ရေးကုမ္ပဏီတွေ စုပေါင်းတည်ထောင်ထားတာဖြစ်ပြီး မြန်မာနိုင်ငံအိမ်ခြံမြေဈေးကွက်ကို ဦးဆောင်လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button