MN/MFP ၊ အောက်တိုဘာ – ၇
စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ချောင်းဦးနယ်အစပ်မှာ သီတင်းကျွတ်လပြည့်နေ့ညက ဆီမီးထွန်းပွဲနဲ့ စစ်အာဏာရှင်ဆန့်ရှင်ရေးသပိတ်ပြုလုပ်နေတဲ့ နေရာကို စစ်အုပ်စုက စက်တပ်လေထီးနဲ့ ဗုံးလာကြဲခဲ့ဖြစ်စဉ်မှာ လသားအရွယ် ကလေးငယ်အပါဝင် သေဆုံးသူ ၄၀ ကျော်ရှိလာပြီး ထိခိုက်ဒဏ်ရာရသူတွေထဲမှာ စိုးရိမ်ရသူတွေ အများအပြားရှိနေဆဲဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ချောင်းဦးမြို့နယ် မြောက်ခြမ်း မုံရွာနယ်အစပ်ရှိ ဗုံတိုရွာမှာ အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်နေ့ ည ရှစ်နာရီ ဝန်းကျင်မှာ စစ်အာဏာရှင်ဆန့်ရှင်ရေး ဆီမီးထွန်းသပိတ်ပြုလုပ်နေချိန်မှာ စစ်အုပ်စု အနောက်မြောက်တိုင်း စစ်ဌာနချုပ် – မုံရွာကနေ တက်လာတဲ့ စက်တပ်လေထီး ပါရာမော်တာနဲ့ ၁၂၀ မမ ဗုံးသီး နှစ်လုံး ကြဲချတိုက်ခိုက်သွားခဲ့တာဖြစ်ပါတယ်။
စစ်အုပ်စု လေကြောင်းက ဗုံးကြဲခဲ့ရာမှာ ဆီးမီးထွန်းပူးဇော်ပွဲနဲ့ သပိတ်ပြုလုပ်နေတဲ့ လူအုပ်ထဲကို ဗုံးသီးတည့်တည်ကျရောက် ပေါက်ကွဲခဲ့တာကြောင့် နေရာမှာတင် သေဆုံးသူ ၂၀ ကျော်ရှိခဲ့ပြီးနောက် ဒီကနေ့ အောက်တိုဘာ ၇ ရက်မှာ သေဆုံးသူ ၄၀ ကျော်ရှိသွားခဲ့ပြီလို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
“သေဆုံးသူတွေထဲမှာ လသားအရွယ် ကလေးကအစ ပါတယ်။ သေဆုံးသူတွေက ထပ်တိုးလာတယ်။ အခု ၄၀ ကျော်သွားပြီ။ ဒဏ်ရာရသူတွေကို သွားပြီးတော့ ရှင်းလင်းပေးရတာ အတော်လေးစိတ်မကောင်းဖြစ်ရတယ်။ ဒဏ်ရာရတဲ့ လူနာတွေကလည်း အကောင်းဆိုတာက ရှားပါတယ်ဗျာ။ နောက်ထပ် သေဆုံးသူ ထပ်တိုးလာနိုင်သေးတယ်” လို့ မြေပြင်သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
ထိခိုက်သေဆုံးခဲ့သူတွေထဲမှာ ကလေးငယ်တွေအပါဝင် အမျိုးသား အမျိုးသမီး စုစုပေါင်း ၄၀ ကျော် သေဆုံးထားပြီး သေဆုံး၊ ထိခိုက်ဒဏ်ရာရသူတွေဟာ ဦးခေါင်းပြတ်၊ ခြေပြတ်၊ လက်ပြတ် စတဲ့ ကိုယ်ခန္ဓာအပိုင်းပိုင်းပြတ်တောက်ပြီး အနီးအနားဝန်းကျင်ကို လွင့်စင်ထွက်ကုန်တယ်လို့ ဆိုပါတယ်။
မနေ့ကတစ်ရက်ထဲမှာပဲ ချောင်းဦးနဲ့မုံရွာနယ်အစပ်က ဆီမီးထွန်းပူဇော်ပွဲနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ပြုလုပ်နေချိန်မှာ စစ်အုပ်စုက ဗုံးကြဲသတ်ဖြတ်နေချိန် မုံရွာမြို့ပေါ်မှာတော့ စစ်အုပ်စု ဦးဆောင်ပြီး ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကာ မီးရှုးမီးပန်းတွေ ပစ်ဖောက်နေခဲ့တယ်လို့ မြို့ခံတွေထံက ပြောပါတယ်။
“ပြည်သူတွေဆိုရင် ပြည်သူလိုနေကျပါ။ ဒီနေ့ ခွေးလုပ်ပေးနေတဲ့ပျော်ပွဲရွင်ပွဲ ပြည်သူရင်ပြင်ဆိုတဲ့ဟာမှာ ပျော်နေတဲ့ဟာတွေ ညကချောင်းဦးမှာ အပြစ်မရှိတဲ့ပြည်သူတွေကိုဗုံးကျဲလို့ ကလေးသူငယ်အပြစ်မရှိတဲ့သူတွေ လေးဆယ်ကျော်သေဆုံးရတယ်။ ဒါကို ပျော်နေတယ်။ လူစိတ်မရှိတဲ့ဟာတွေ”လို့ မုံရွာမြို့ခံတစ်ဦးက ဆိုပါတယ်။
မနေ့က ချောင်းဦးနယ်ထဲက ဆီမီးထွန်းသပိတ်ကို စစ်အုပ်စုက ဗုံးကြဲသတ်ဖြတ်ခဲ့ပြီးနောက် မြေပြင်မှာ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေနဲ့ လူနာတွေကို ဆေးဝါးကုသဖို့ ရွှေ့ပြောင်းနေစဉ်မှာပဲ စစ်အုပ်စုက အနောက်ကနေ ပါရာမိုတာနဲ့ လိုက်လံပစ်ခဲ့သလို လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့လည်း မြေပြင်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
ချောင်းဦးမြို့နယ်ထဲမှာ စစ်အုပ်စုက ကျေးရွာတွေကို တိုက်ပွဲမရှိဘဲ စက်တပ်လေထီးနဲ့ လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်တာ၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူတွေ မကြာခဏ ထိခိုက်သေဆုံးတာတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



