စစ်ကိုင်းသတင်း

ချောင်းဦး ဆီမီးသပိတ်ကို ဗုံးကြဲပြီးနောက် နမခမှာ အောင်ပွဲခံ

လူသစ်/ MFP ၊ အောက်တိုဘာ – ၈

လူဆယ်နဲ့ချီ သေဆုံးထိခိုက်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ဗုံတုံရွာမှာ ကျင်းပတဲ့ ဆီမီးသပိတ်ကို ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ပြီးနောက် မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာ အောင်ပွဲခံခဲ့ကြတယ်လို့ MFP ရဲ့နေပြည်တော်အခြေစိုက် စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

အောက်တိုဘာလ ၆ ရက်နေ့နဲ့ ၇ ရက်နေ့ နှစ်ရက်လုံးမှာ နမခဝန်းထဲမှာ ပျော်ပွဲရွှင်ပွဲတွေနဲ့ စစ်အုပ်စုတပ်မိသားစုဝင်တွေကို သီတင်းကျွတ်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် ကံစမ်းမဲအစီစဉ်တွေပါ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

” ၆ ရက်နေ့ညက အောင်ပွဲခံကြတယ်။ အောင်ပွဲခံတာတောင် ရိုးရိုးမဟုတ်ဘူး။ ညတွင်းချင်းကို ချက်ချင်းစီစဉ်တာလို့ သိထားတယ်”

ချောင်းဦးမြို့နယ်မြောက်ခြမ်း မုံရွာနယ်အစပ်မှာရှိ ဗုံတိုရွာမှာ အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်နေ့ ည ရှစ်နာရီ ဝန်းကျင်က စစ်အာဏာရှင်ဆန့်ရှင်ရေး ဆီမီးထွန်းသပိတ်ပြုလုပ်နေချိန်မှာ စစ်အုပ်စု အနောက်မြောက်တိုင်း စစ်ဌာနချုပ် – မုံရွာကနေ တက်လာတဲ့ စက်တပ်လေထီး ပါရာမော်တာနဲ့ ၁၂၀ မမ ဗုံးသီး နှစ်လုံး ကြဲချတိုက်ခိုက်သွားခဲ့တာဖြစ်ပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၂ နှစ်အရွယါ ကလေးငယ်ကနေ လေးဆယ်ကျော်အရွယ်ရှီတဲ့ လူ ၁၉ ဦး သေဆုံးခဲ့ပြီး ၄၀ လောက်အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ထားပါတယ်။

နမခတိုင်းမှုးမျိုးမင်းထွေးဟာ စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ် စစ်ဆင်ရေးတွေကို အဓိက ကြိုးကိုင်လုပ်ရှားသူ တစ်ဦးဖြစ်တာကြောင့် ချောင်းဦးသပိတ်ကို ဗုံးကြဲသတ်ဖြတ်မှုဟာ သူ့စေခိုင်းတဲ့ စစ်ဆင်ရေးတွေအထဲက တစ်ခုဖြစ်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က မှတ်ချက်ပြုပါတယ်။

“စစ်ကိုင်းတစ်တိုင်းလုံး ချင်း(ပလက်ဝမပါ) နဲ့ ယောဒေသ (ပခုက္ကူ ရေစကြို အပါ) ထိပါ ခင်ဗျာ”

ဒါ့အပြင် MFP က ဆက်သွယ်မေးမြန်းခွင့်ရတဲ့ မုံရွာဒေသခံ အမျိုးသမီးတစ်ဦးကလည်း နမခမှာ အောင်ပွဲခံတဲ့ အထောက်အထား တချို့တွေ့ရတယ်လို့ ပြောပါတယ်။

“ဝေဝေ ဆိုတဲ့ အကောင့်နာမည်နဲ့ နမခထဲမှာနေတာ။ ဘယ်သူ့ဇနီးလဲတော့ မသိဘူး။ ကြယ်ပုံစံ သူရွှေနားကပ်လေး မဲပေါက်တယ်လို့ TikTok မှာ တင်ထားတယ်။ ကျေးဇူးပါ မမ လို့ကပ်ပရှင်လေးနဲ့ပေါ့နော်။ ပြီးတော့ ချက်ချင်းပဲ ပြန်ဖျက်သွားတယ်”

အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးဟာ အလုပ်သင်ဗိုလ်သင်တန်း (တေဇ- ၂၆)မှ ဖြစ်သလို တပ်မ ၁၁၊ကျောက်မဲ အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်၊ လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်တွေမှာ တပ်မမှူး အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ 

လက်ရှိ စစ်ကိုင်းအတွင်းက စစ်ဆင်ရေးတွေကို အဓိကကြိုးကိုင်နေပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုးတို့နဲ့အတူ စစ်အုပ်စုတပ်ဖွဲ့ဝင် ၄,၀၀၀ ကျော်နဲ့ ကိုးကန့်တပ်(MNDAA) ထံလက်နက်ချ အညံ့ခံခဲ့သူတစ်ဦးဖြစ်ပါတယ်။

MNDAA က ပြန်လွှတ်ပေးခဲ့ပြီးနောက် အရေးယူမခံရဘဲ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ အမှတ်-၁၃ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တကက-၁၃) ကျောင်းအုပ်ကြီးအနေနဲ့ ခေတ္တတာဝန်ယူခဲ့ပြီးနောက်၂၀၂၄ ဒီဇင်ဘာလမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က နေပြည်တော်ကို ခေါ်ယူတွေ့ဆုံခဲ့ပြီးနောက်  နမခတိုင်းမှူးအဖြစ် ရာထူးတိုးမြှင့်ခံရသူ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button