ဂျီဂျီ/MFP၊ ဆောင်းပါး
စစ်ကိုင်းငလျင်ကြီး လှုပ်ခဲ့တာ ငါးလပြည့်ပါတော့မယ်။ တိုင်းနဲ့ပြည်နယ်ခြောက်ခုက လူပေါင်း ခြောက် သိန်းကျော် (တိုက်ရိုက်) ထိခိုက်ခံစားခဲ့ရတဲ့ ငလျင်ကြီးအနောက်မှာ နောက်ဆက်တွဲ ငလျင်ငယ် ရာနဲ့ချီကလည်း ခြိမ်းခြောက်လျက် ရှိပါသေးတယ်။
မိသားစုတွေ ဆုံးရှုံးကြ၊ စက္ကန့်ပိုင်းအတွင်း နေစရာအိမ်တွေ ဗုံးဗုံးလဲ၊ စီးပွားရေးတွေ ပြိုလဲသွားကြနဲ့ အလွန်ကို အထိအခိုက်များတဲ့ ငလျင်ကြီးမှာ အင်မတန်မှ အရေးကြီးတဲ့ အစိတ်အပိုင်းတခုကတော့ လုံးလုံးကို ပျောက်ဆုံးနေပါတယ်။
အဲ့တာကတော့ ထိခိုက်ခံစားသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကုစားမှုပါ။
MFP ရဲ့ စုံစမ်းမှုအရ စစ်အုပ်စု ကမကထ ပြုလုပ်ပေးတဲ့ “ငလျင်အပြီး စိတ်ပိုင်းဆိုင်ကုစားမှု” အစီအစဉ်မျိုး တခုမှ ရှိမနေပါ။ ငလျင်ဗဟိုချက် ဖြစ်ခဲ့တဲ့ စစ်ကိုင်းနဲ့ မန္တလေးဆေးရုံကြီးအပါအဝင် အစိုးရဆေးရုံအားလုံးမှာ ဒီဝန်ဆောင်မှု လုံးဝမရှိနေခြင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် တစ်ဖက်မှာလည်းပဲ ငလျင်ကြောင့် စိတ်ကျန်းမာရေး ထိခိုက်သူ၊ ကုသခံလိုသူ မည်မျှရှိသည်ကိုလည်း မသိနိုင်ပါ။
MFP က စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးပေးတဲ့ နာမည်ကြီး ပြင်ပကျန်းမာရေးအဖွဲ့ အစည်း ငါး ခု ကို ဆက်သွယ် မေးမြန်းကြည့်ရာ မှာ ငလျင်ကြောင့် ဖြစ်တဲ့ စိတ်ကျန်းမာရေး လာရောက်ဆွေးနွေးသူဟာ စုစုပေါင်း အယောက် ၂၀ မပြည့်ကြောင်းကို စုံစမ်းသိရပါတယ်။ ငလျင်ကြီးက လူ ခြောက်သိန်း ကျော်ကို ထိခိုက်ဆုံးရှုံးစေခဲ့ပြီး သန်းနဲ့ချီတဲ့ လူတွေကို ဒုက္ခပေးခဲ့ပေမယ့် လူအနည်းငယ်ကပဲ စိတ်ထိခိုက်မှုရှိတယ် ဆိုရင်တော့ ဒါက အင်မတန် လွှဲမှားနေတဲ့ ညွှန်းကိန်းတခုသာ ဖြစ်ပါတယ်။
ဖွံ့ဖြိုးမှုနောက်ကျတဲ့ မြန်မာနိုင်ငံမှာ စိတ်ကျန်းမာရေး နဲ့ ပတ်သက်တဲ့ ကျန်းမာရေး အသိ နည်း ပါးကြပါတယ်။ လူအများစုက စိတ်ကျန်းမာရေးအတွက် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်တာကို ရှက်ကြောက် ကြသလို ဆွေးနွေးနှစ့်သိမ့်တယ် ဆိုတာကိုလည်း နိုင်ငံခြား ရုပ်ရှင်ထဲမှာပဲ မြင်ဖူးကြ တယ် လို့ ထိုင်းနိုင်ငံ Mahidol တက္ကသိုလ်မှာ စိတ်ပညာ ဘွဲ့လွန်ရရှိ ထားတဲ့ မြန်မာ ကျောင်းသား Kelvin ကပြောပါတယ်။
ဘေးအန္တရာယ် ဖြစ်ရပ်ဆိုးတွေမှာ နိုင်ငံတကာ အစိုးရတွေဟာ ထိခိုက်ခံစားရသူတွေရဲ့ စိတ်ကျန်းမာရေးကို ကုစားဖို့ မဟာဗျူဟာတွေ ချမှတ်တတ်ကြပြီး ဒါဟာလည်း အလွန်အရေး ပါတဲ့ နိုင်ငံရေး လှုပ်ရှားမှုတခု ဖြစ်တယ်လို့ သူက ဆိုပါတယ်။
“ မြန်မာပြည်ကြ စစ်အစိုးရကတော့ စိတ်ဒဏ်ရာတွေနဲ့ စိတ်ကျန်းမာရေးကို Weaponization (လက်နက်သဖွယ်)လုပ်ပြီး အသုံးအချတယ်လို့ ကျွန်တော် အခိုင်အမာပြောချင်တယ်” လို့ Kelvin က ဆိုပါတယ်။
သူက အထောက်အထားမဲ့ပြောတာ မဟုတ်ပါဘူး။ United State Institute of Peace (USIP)က ၂၀၂၄ ခုနှစ်မှာ ထုတ်ပြန်တဲ့ “The Myanmar Army’s War against Mental Health and Psychological support “ ဆိုတဲ့ စာတမ်းမှာ မြန်မာစစ်တပ်ဟာ ပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာချို့တဲ့မှုတွေ၊ Truma လို့ခေါ်တဲ့ စိတ်ဒဏ်ရာတွေကို တမင်ကြီးထွားအောင်ဖန်တီးတဲ့ အပြင် ဒီကျန်းမာရေးအစီစဉ်တွေကို ဖြတ်တောက် ပိတ်ဆို့ခြင်းအား ဖြင့် သူအနိုင်ရရှိရေး စစ်ပွဲဆင်နွဲနေတယ်လို့ ဆိုထားပါတယ်။
စိတ်ဝင်စားစရာကောင်းတဲ့ ဒီစာတမ်းရဲ့ အဆိုအရ မြန်မာပြည်မှာ ၂၀၁၉ ခုနှစ်အထိ စိတ်ကျန်းမာရေး ကဏ္ဍအတွက် အသုံးပြုတဲ့ ငွေဟာ ကျန်းမာရေးဝန်ကြီးဌာနဘတ်ဂျက်ရဲ့ ၁ ဒဿမ ၄ ရာခိုင်နှုန်းပဲရှိပြီး
နိုင်ငံသား တစ်ဦးချင်း စီဟာ အမေရိကန်ဒေါ်လာ ၀ ဒဿမ ၀၅၊ မြန်မာကျပ်ငွေ ၃၀၀ အောက်ပဲ ရရှိတယ်လို့ ဆိုပါတယ်။ လက်ရှိုစစ်အုပ်ချုပ်ရေး လက်အောက်မှာတော့ ဒီ ၃၀၀ ကျပ်တောင်ရဖို့ မဖြစ်နိုင်တော့တာကို မန္တလေးက ငလျင်ကြီးနှင့် အပျက်အစီးများစွာက သက်သေခံနေပါတယ်။
ဘေးသင့်ပြည်သူတွေထဲမှာမှ စိတ်ဖိစီးမှုနဲ့ ဆုံးရှုံးမှုတွေကို ကုစားနိုင်ဖို့အတွက် ရှေ့တန်းမှာ လုပ်ဆောင် နေသူတွေ အပါအဝင် လူပေါင်း ၆၁,၀၀၀ ကျော်ကို စိတ်ကျန်းမာရေးဆိုင်ရာ အထောက်အပံ့ပစ္စည်း တွေကို ပံ့ပိုးပေးခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ထုတ်ပြန်ပါတယ်။ ဒါပေမယ့် မြေပြင်အခြေအနေကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီအနေနဲ့ စိတ်ကျန်းမာ ရေးနဲ့ပတ်သက်လို့ စစ်ဆေးတာ၊ ဆွေးနွေးတာ၊ ကုသပေးတာတွေကို လုပ်ဆောင်ပေးတဲ့ အချက်အလက်မရှိပါဘူး။
ပြည်သူတွေရဲ့ စိတ်ဒဏ်ရာကို ကုစားဖို့ အစီအစဉ်တွေ၊ ဘတ်ဂျက်တွေ ရဲ့ ညွန်းကိန်း တွေက ပျောက် ခြင်းမလှ ပျောက်နေတာပါ။
မန္တလေးမြို့မှာ ငလျင်ဒဏ်ကြောင့် တစ်အိမ်တည်းမှာပဲ မိသားစုဝင် ကိုးယောက်အထိ သေဆုံးတာတွေ ရှိခဲ့သလို သိန်းပေါင်းသောင်းချီတန်တဲ့ အိမ်တွေ၊ စီးပွား ဥစ္စာတွေ ပျက်စီးဆုံးရှုံးခဲ့ကြရတာပါ။ မြေကြီးထဲ ရွာလုံးကျွတ်နီးပါး နစ်ဝင်သွားတာတွေ၊ အိမ်ဘေးက တိုက်ကြီး ယိမ်းယိုင်နေလို့ မိသားစု တပြုံတမကြီး မီခိုနေရတဲ့ အိမ်လေးထဲ မနေဝံ့တော့တဲ့ မိသားစုတွေလည်း အများကြီး ရှိပါတယ်။ မန္တလေးတိုင်းအတွင်းမှာဆိုရင် လုံးဝပျက်စီးသွားတဲ့ အိမ်ခြေပေါင်း ၆,၆၂၉ လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးတဲ့အိမ်ခြေပေါင်း ၂၂,၃၉၂ လုံး ရှိတယ်လို့ စစ်အုပ်စု သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။
လူမှုကွန်ယက်မှာတော့ ငလျင်ဘေးသင့်ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး စစ်ဆေးလို့ ရတဲ့နည်းလမ်းတွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေ၊ လုပ်ဆောင်ရမယ့်အချက်အလက်တွေကို မျှဝေပေး နေတာရှိသလို အခမဲ့ဆွေးနွေးပေးတဲ့ အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ ငလျင်ကြီးကြောင့် စိုးရိမ်တာ၊ ကြောက်ရွံ့တာ၊ စိတ်ပူပန်တာတွေ ရှိပေမယ့်လည်း စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ပြသတာ၊ စစ်ဆေးတာ၊ ဆွေးနွေးတာတွေကို ဘေးသင့်ပြည်သူအများစုက မလုပ်ဖြစ်ကြပါဘူး။
ငလျင်ဘေးသင့်သူတွေကို အခမဲ့ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုထောက်ပံ့နေတဲ့ Stop Online Harm အဖွဲ့ကတော့ သူတို့အဖွဲ့ဆီမှာ ငလျင်နဲ့ပတ်သတ်လို့ ဆွေးနွေးပေးနေသူ ၁၀ ဦးရှိပြီး အမျိုးသမီး ပိုများတယ်လို့ ဆိုပါတယ်။ လူပေါင်းများစွာ ထိခိုက်ခဲ့တဲ့ငလျှင်မှာ ဒီအရေအတွက်က နည်းပါးတယ်လို့ ဒီအဖွဲ့က မှတ်ချက်ပေးပါတယ်။
“ ငလျင်ကြောင့် ဖြစ်တာတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ_ တွေမှာ Survival Guilt (ရှင်ကျန်ရတာ အပြစ်ရှိသလို) ခံစားရတာ၊ မိသားစုနဲ့ ပစ္စည်းဉစ္စာဆုံးရှုံးလို့ ဖြေမဆယ်တာတွေရှိမယ်၊ နောက်ဘယ် တော့များ ထ ဖြစ်ဦးမလဲ ဆိုတဲ့ စိုးရိမ်သောက ခံစားနေရတဲ့ သူတွေရှိတယ် ” လို့ အဖွဲ့က ကျွမ်းကျင် သူတဦးက MFP ကိုပြောပါတယ်။
“ ငါးလ လဲ ကြာပြီဆိုတော့ ပြန်လည်ထူထောင်ရေးအဆင့်ကို ရောက်နေတဲ့ အချိန်မှာ စိတ်ကျန်းမာရေး တပိုင်းကလည်း ကြည့်ဖို့လိုတယ်” လို့ သူက ပြောပါတယ်။
အွန်လိုင်းပေါ်မှာ နံမည်ရတဲ့ Call Me Today အဖွဲ့က ငလျင်နောက်ဆက်တွဲ စိတ်အခြေအနေတွေကို လူ ငါးဦးကို ဆွေးနွေး ပေးခဲ့တယ်လို့ MFP ကိုပြန်လည်ဖြေကြားပါတယ်။ တခြားသော စိတ်ကျန်းမာရေး ဆွေးနွေးပေးတဲ့ အဖွဲ့အစည်းတွေမှာလည်း ငါးယောက်ထက်မပိုတဲ့ လူအနည်းငယ်သာ စိတ်ကျန်းမာ ရေး ဆွေးနွေးဖို့ လာရောက်ကြတယ်လို့ ဖြေကြားထားပါတယ်။
ငလျင်ဒဏ်သင့်ခဲ့ပြီးတဲ့နောက်မှာ စိတ်ဒဏ်ရာ အဆိုးဆုံးကြုံခဲ့တဲ့သူတွေက ထိုင်းထိုင်း မှိုင်းမှိုင်း တွေဖြစ် နေတာ၊ ဘာမှဆက်မလုပ်ချင်တော့တာ၊ မျှော်လင့်ချက်မဲ့တာ စတဲ့ ခံစားချက်တွေကြုံရပြီး စိတ်ထဲက အစိုင်အခဲကို ဖွင့်မထုတ်ဘဲ သိမ်းထားကြကာ မေ့ဖျောက်ဖို့ကြိုးစားနေကြတာလို့ ငလျင်ဘေးသင့် စစ်ကိုင်းမြို့ ဒေသခံ တဦးက MFP ကို ပြောပါတယ်။
“ကျွန်တော်အပါဝင် အတော်များများကတော့ ဒီငလျင်ဒဏ်ကြီးကြောင့် trauma တွေရကုန်တာပါပဲ”လို့ စစ်ကိုင်းမြို့ခံတဦးက MFP ကို ပြောပါတယ်။
မန္တလေးမြို့မှာနေတဲ့သားနှစ်ယောက်မိခင် မသူ (အမည်လွှဲ) ကတော့ ငလျင်ကြီးဖြစ်ပွားပြီး တစ်လ ခန့် အကြာမှာ စိတ်ကျန်းမာရေး ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူမ က ငလျင်ကြီးနဲ့ ကြုံချိန်မှာ စိတ် ထိခိုက်မှုမရှိခဲ့ပေမယ့် နောက်ဆက်တွဲ ငလျင်တွေကြောင့် စိုးရိမ်ပူပန်မှုတွေ များလာပြီး စိတ်မငြိမ် မသက်သာ ခံစားခဲ့ရတာ ကြောင့်ပါ။
“အစက ကိုယ်ခံစားနေရတာကို အမေနဲ့ ယောကျာ်းကိုပြောတယ်။ ဒါပေမယ့် သူတို့က နင်က ဒီလောက် လေးပဲ ဖြစ်တာ၊ အိမ်လည်းပြိုတာမဟုတ်ဘူး လူလည်း သေတာမဟုတ်ဘူးပေါ့၊ နင်စိုးရိမ် လွန်နေတာ၊ ဒါမျိုးပြောလာတော့ ဆက်ပြီးမပြောဖြစ်တော့ဘူး” လို့ ဆိုပါတယ်။
ဒါပေမယ့် စိုးရိမ်မှုတွေကြောင့် ဖိအားများလာတဲ့ မသူက မန္တလေးကနေ တခြားမြို့တခုကို ပြောင်းရွေ့ ခဲ့ပါတော့တယ်။ သူက စိတ်ကျန်းမာရေးနဲ့ ပတ်သတ်လို့ လေးလေးနက်နက် ဆင်ခြင်ထားပါတယ်။ သူ့ရဲ့ ဆွေမျိုးတော်စပ်သူ အမျိုးသမီး တစ်ဦးဟာ စိတ်ကျန်းမာရေး တဖြည်းဖြည်း ယိုယွင်းလာပြီး မန္တလေးမြို့ရဲ့ လမ်းဘေးတနေရာ မှာ သေဆုံးသွားခဲ့တာကို သူကြုံဖူးထားခဲ့လို့ပါပဲ။
“ စိတ်မကျန်းမာတာဟာ သေတတ်တယ်ဆိုတာ ကျွန်မ အဲ့ဒီ့မှာနားလည်သွားတာ” လို့ မသူက ပြောပါ တယ်။
မန္တလေးငလျင်ကြီးဟာ သမိုင်းမှာ အဆိုးဝါးဆုံးအဖြစ် မှတ်တမ်းတင်ခဲ့ပေမယ့် ထိခိုက်သူ ပြည်သူအများစု မှာ ရုပ်ပိုင်းဆိုင်ရာ အကူအညီတွေ လုံလောက်စွာမရကြသလို စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုကလည်း အရေးမပါတဲ့ ကိစ္စတခုသဖွယ် လျစ်လှူရှု့ခံထားရပါတယ်။ ဒါ့အပြင် ငလျင်အပြီးမှာ စစ်အုပ်စုရဲ့ ကုန်စည်ဖြတ် တောက်ရေး အစီအမံ၊ မြန်မာပြည်အလယ်ပိုင်းကို စစ်ရေးပြင်ဆင်ရေး အစီအမံတွေ ကြောင့် ပြည်သူအများစုမှာ ကြပ်တည်းသထပ်ကြပ်တည်းလာကြတာ လက်တွေ့အခြေအနေပဲ ဖြစ်ပါတယ်။
“ စစ်ဖြစ်ကတည်းကတော့ လူတွေရဲ့ ပထမဦးစားပေးဖြစ်တဲ့ လုံခြုံမှု၊ ဒါကပျောက်သွားတယ်။ နောက် ထပ် ဒီလိုအဖြစ်ဆိုးတွေကြုံရတယ် ဆိုတဲ့ အချိန်မှာ စစ်တပ်အနေနဲ့ တမင်ရည်ရွယ်ပြီး မလုပ်ရင် တောင် လူတွေမှာ ကူကယ်ရာမဲ့တဲ့ ခံစားချက်မျိုးဖြစ်လာအောင်၊ ပိုဆိုးသွားအောင်လုပ်တာ မျိုးဖြစ်နိုင်တယ်” လို့ စိတ်ကျန်းမာရေး ကျွမ်ကျင်ပညာရှင် မညိုမီက မှတ်ချက်ပေးပါတယ်။
United State Institute of Peace က ထုတ်ပြန်တဲ့ “The Myanmar Army’s War against Mental Health and Psychological support စာတမ်းမှာတော့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည် အတွင်း အစိုးရဌာနတွေဟာ စိတ်ပိုင်းဆိုင် ရာ ပံ့ပိုးမှုကို ဖိနှိပ်ဖြတ်တောက်ထားတာ ကြောင့် တခြား သော တီထွင်ဆန်းသစ်တဲ့ နည်းလမ်းများကိုသာ အသုံးပြုရမှာ ဖြစ်ကြောင်း အဆိုပြုထား ပါတယ်။ အဲ့ဒီ့အထဲမှာ ပြည်သူအချင်းချင်း မေတ္တာနဲ့ ကိုယ်ချင်းစာ တရားထားရှိဖို့_ ရပ်ကွက် ကျေးရွာအလိုက် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုအဖွဲ့တွေ၊ လှုပ်ရှားမှု ပျော်ပွဲရွင်ပွဲတွေ ပြုလုပ်ကြဖို့ အဓိက ပါဝင်နေပါတယ်။
မြန်မာပြည်ပြည်သူတွေရဲ့စိတ်ကျန်းမာရေးအသိကို မြှင့်တင်တဲ့နေရာ မှာ ယဉ်ကျေးမှုအရ ချည်းကပ်တဲ့ မြန်မာ့ရိုးရာ ပွဲလမ်းသဘင်တွေနဲ့ ရိုးရာ အားကစားနည်းတွေ ကလည်း အထောက်အကူဖြစ်စေတယ်လို့ မညိုမီက မှတ်ချက်ပေးပါတယ်။ အပေါင်းအသင်းအစုအဖွဲ့နဲ့ လှုပ်ရှားမှုတွေက တစ်ကိုယ်တည်း ခံစား နေရတဲ့ ဝေဒနာကို သက်သာစေတယ်လို့ သူက တိုက်တွန်းပါတယ်။
“ လူအများစုက အသက်ရှင်ရတာလည်း ပျော်စရာမကောင်းပါလား။ မနက်ဖြန်ဆိုတာ လည်း မရေရာ ဘူး။ မျှော်လင့်ချက်ဆိုတာလည်း မရှိဘူး၊ ဒီလို တွေးလာ ကြတာပေါ့၊ အခုလို တကယ်ကိုမှ ဆိုးဝါးတဲ့ ငလျင်ကြီးမှာ ဆို ပြည်သူတွေမှာ Collective Trauma ( စုပေါင်းစိတ်ဒဏ်ရာ) တွေ ရနေတာကို က စစ်အာဏာရှင်တွေရဲ့ အကြိုက်ပဲ ဖြစ်နေတယ် ” ကို စိတ်ပညာ ဘွဲ့လွန်ကျောင်းသား ကို Kelvin က သုံးသပ်ပါတယ်၊
“ ဘာကြောင့်လဲဆို တဖက်မှာ တော်လှန်ရေးကို အားလျော့လာမယ်၊ ပြည်သူတွေမှာ အရင်လို စိတ်တက်ကြွမှုမရှိဘူး၊ မူးယစ်ဆေးနဲ့ အပျော်အပါးတွေဘက်ကို ရောက်လာမယ်။ အဆိုးဆုံးကတော့ Normalizing the Suffering ပေါ့ ၊ ဒီလို နာကျင်ခံစားရတာဟာ မထူးပါဘူး ပုံမှန်ပါပဲလို့ တွေးလာ ကြမယ်” လို့ သူက ဆက်ပြောပါတယ်။
မြန်မာ စစ်တပ်ဟာ ဘင်္ဂါလီ – ရိုဟင်ဂျာတွေအပေါ်မှာလည်း ရည်ရွယ်ချက်ရှိရှိနဲ့ အလားတူ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှုစစ်ပွဲ ဆင်နွှဲခဲ့ပါသေးတယ်။ ၂၀၂၄ ခုနှစ်မှာ ထုတ်ပြန်တဲ့ Fortify Right အဖွဲ့ရဲ့ “My Tears could make a Sea” (ငါ့မျက်ရည်ဟာပင်လယ်ပမာ) အစီရင်ခံစာမှာ စစ်တပ်ဟာ ရိုဟင်ဂျာအဖွဲ့အစည်းအတွင်းမှာ ဆိုးဝါးတဲ့ စိတ်ကျဝေဒနာ၊ စိတ်ဒဏ်ရာတွေ ဖြစ်အောင် တမင်ကို အထောက်အပံ့တွေ ဖြတ်တောက်၊ သတင်းအမှောင်ချကာ ဖိနှိပ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကိုင်းငလျင်ကြီးကြောင့် ထိခိုက်ခဲ့တဲ့ လူ ခြောက်သိန်းအပေါ် စစ်အုပ်စုရဲ့ စေတနာ ကလည်း အလားတူပါပဲ။
မန္တလေးငလျင်ကြီး ပြီးခဲ့တာ ငါးလနီးပါးရှိခဲ့ပါပြီ။ ပြန်လည်ထူထောင်ဖို့ ဝေးစွ၊ မိသားစုများစွာဟာ စိတ်တည်ငြိမ်မှု ရအောင် နဲ့ အသက်ရှင်သန်ရေးအတွက် ကြိုးစားရုန်းကန်နေကြရပါတယ်။ နိုင်ငံရေးနဲ့ စစ်ရေး ဝဲဂယက်တွေကြားမှာ သန်းနဲ့ချီတဲ့ လူတွေရဲ့ ခံစားချက်တွေ၊ စိတ်ဒဏ်ရာတွေ ဟာ အရေးမကြီးတဲ့ ကိစ္စတခုလိုပဲ လေပေါ်မှာ ပျောက်သွား မှာပဲ ဖြစ်သလို တိကျတဲ့ ညွန်းကိန်း၊ စာရင်းဇယား တွေလည်း ရနိုင်မှာမဟုတ်တာ အမှန်ပါပဲ။ ဒီပျောက်ဆုံးနေတဲ့ စိတ်ဒဏ်ရာ အညွှန်း ကိန်းတွေဟာ စစ်ကောင်စီအတွက်တော့ တန်ဖိုးကြီးတဲ့ အကျိုးအမြတ်တခု ဖြစ်နေပါကြောင်း…… ။
မတ်လ ၂၈ရက်က ငလျင်လှုပ်ခတ်ချိန် မီးလောင်လို့ ရပ်ကွက်တစ်ခုလုံး ပြာကျသွားတဲ့ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ သဲကျင်းရပ်က ပြည်သူတွေ/Photo – CJ
 
				 
							
						 
							
						


