စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုအပေါ်လက်ခံနိုင်စရာမရှိကြောင်းဗြိတိန်သံရုံးထုတ်ပြန်
လူသစ်/MFP ၊ အောက်တိုဘာ – ၁၀
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ဘုံတိုရွာမှာ အောက်တိုဘာလ ၆ ရက်နေ့ သီတင်းကျွတ်လပြည့်နေမှာ ကျင်ူပနေတဲ့ ဆီမီးသပိတ်လှုပ်ရှားမှုကို လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်ဟာ လက်ခံနိုင်စရာမရှိကြောင်း ဗြိတိန်သံရုံးက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင်မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နေတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ လုပ်ရပ်ကို ဗြိတိန်အစိုးရအနေနဲ့ ရှုတ်ချကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားသလို
မြန်မာစစ်တပ်အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအနေနဲ့ အရပ်သားပြည်သူတွေနဲ့ ကလေးသူငယ်တွေကို အကာအကွယ်ပေးဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။
“မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်ကို ယူကေအစိုးရအနေနဲ့ ရှုတ်ချပါတယ်။ မြန်မာစစ်တပ်အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးအား အရပ်သားပြည်သူများ အထူးသဖြင့် ကလေးငယ်များကို အကာအကွယ်ပေးဖို့ တိုက်တွန်းပါတယ်”
ဗုဒ္ဓဘာသာဝင်တွေရဲ့အထွဋ်အမြတ်ထားရာ ပွဲတော်ရက်အတွင်းမှာကလေးငယ်များအပါအဝင် အရပ်သားပြည်သူတွေ သေဆုံးခဲ့ရတဲ့ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် လေကြောင်းတိုက်ခိုက်မှု သတင်းတွေဟာ အင်မတန်မှ တုန်လှုပ်ဖွယ်ကောင်းတယ်လို့ ဗြိတိန်သံရုံး အကြီးအကဲ အန်ဒရူးဂျက်ဆန်က ထုတ်ဖော်ပြောဆိုထားပါတယ်။
အောက်တိုဘာလ ၆ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့ညမှာ ချောင်ဦးမြို့နယ် ဘုံတိုရွာက မူလတန်းစာသင်ကျောင်းဝန်းအတွင်းမှာ ပြုလုပ်တဲ့ ဆီးမီးထွန်းဆုတောင်းပွဲနဲ့ စစ်အုပ်စုပြုလုပ်မယ့်ရွေးကောက်ပွဲအလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ကြဖို့ လူစုဝေးနေချိန်မှာ စစ်အုပ်စု စက်တပ်လေထီးနဲ့ ၁၂၀မမ ဗုံးသီးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ၂၄ ဦးသေဆုံးကာ လူ ၅၀ ကျော်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က တပ်လာတဲ့ စက်တပ်လေထီးနဲ့ ဗုံးသီးနှစ်လုံးကြဲချသတ်ဖြတ်လို့ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ဆေးဝါးကုသမှုပေးနေချိန်မှာလည်း စက်တက်လေထီး နှစ်စီးနဲ့ ဗုံးသီးတွေ ထပ်မံကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေကို အရေးယူခံရဖို့ အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူအခွင့်အရေးဆိုင်ရာဌာနက ချောင်းဦးနယ် လေကြောင်းတိုက်ခိုက်မှုနဲ့အတူ ထုတ်ပြန်ထားပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



