စစ်ကိုင်းသတင်း

ချောင်းဦး ဆီမီးသပိတ် ဗုံးကြဲခံရမှု ဒဏ်ရာရသူတွေအတွက် ​ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က ဆေးဝါး ကူညီ၊

ဘဦး/MFP၊ အောက်တိုဘာ – ၁၁

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ဘုံတိုရွာမှာ သီတင်းကျွတ်လပြည့်ညက ဆီမီးထွန်းသပိတ် ပြုလုပ်နေတဲ့ လူအုပ်ထဲကို စစ်အုပ်စုက လေကြောင်းဗုံးကြဲသတ်ဖြတ်လို့ ထိခိုက် ဒဏ်ရာရတဲ့ ပြည်သူတွေကို ဆေးဝါး ကုသပေးနိုင်ရေး ငွေကျပ် ၂၂၅သိန်းကျော်ဖိုးရှိ ဆေးဝါးတွေကို ကူညီလှူဒါန်းခဲ့တယ်လို့ ​ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်က သတင်းထုတ်ပြန်ပါတယ်။

ဘုံတိုရွာ ဆီမီးသပိတ် ပြုလုပ်နေတဲ့ လူအုပ်ထဲကို စစ်အုပ်စုက မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ကနေ တက်လာတဲ့ ပါရာမော်တာ – စက်တပ်လေထီးနဲ့ ၁၂၀ မမ ဗုံးသီး နှစ်လုံး ကြဲချ သတ်ဖြတ်ခဲ့တာကြောင့် ပြည်သူ ၂၄ ဦး သေဆုံးကာ ၅၈ ဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

ဒဏ်ရာရသူတွေဟာ စစ်အုပ်စု ထိန်းချုပ်ထားတဲ့ မြို့ပေါ်က ဆေးရုံဆေးခန်းတွေဆီ သွားရောက် ကုသခွင့် မရသလို ဒေသတွင်း ဆေးခန်းတွေမှာ ဆေးမကုနိုင်အောင်လည်း စစ်အုပ်စုက ကန့်သတ် ပိတ်ဆို့ထားလို့ ကုသရေး ခက်ခဲနေတယ်လို့ ဆိုပါတယ်။

“ထိခိုက်ဒဏ်ရာရသူတွေက အများကြီးပဲလေ၊ အဲ့တာကြောင့် ကျနော်တို့က ချောင်းဦး တာဝန်ခံနဲ့ ချိတ်ဆက်ပြီး လှူဒါန်းခဲ့တာ၊ ပြည့်စုံမှုတော့ မရှိပေမယ့် လတ်တလော အသုံးပြုလို့ ရဖို့ ကူညီခဲ့တာ ဖြစ်တယ်” လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက် အဖွဲ့ဝင်တစ်ဦးက MFP ကို ပြောပါတယ်။

ဆေးဝါးထောက်ပံ့မှုအဖြစ် ဆေးထိုးအပ်၊ ဝှီးချဲ၊ ဓာတ်ဆား၊ ပတ်တီးလိပ်၊ ထိုးဆေး၊ စားဆေးနဲ့ တခြား အရေးပေါ် ကုသလို့ရတဲ့ ဆေးပစ္စည်းတွေကို ဒဏ်ရာရသူတွေကို ကုသပေးနေတဲ့ ချောင်းဦးနယ်က အဖွဲ့အစည်းထံ ထားလှူဒါန်းခဲ့တာလို့ ဆိုပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ချောင်းဦးနဲ့ စစ်ကိုင်းတိုင်း အပါအဝင် နိုင်ငံတဝန်းက အရပ်သားပြည်သူကို လေကြောင်းဗုံးကြဲ သတ်ဖြတ်တာတွေ နေ့စဉ် ကျူးလွန်နေပြီး ဗုံးထိမှန် ဒဏ်ရာရတဲ့ ပြည်သူတွေကို ဆေးဝါးကုသခွင့် မရအောင်လည်း နည်းမျိုးစုံနဲ့ ကန့်သတ် ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။

ချောင်းဦးနယ် ဆီမီးသပိတ် ဗုံးကြဲခံရမှုမှာ ဒဏ်ရာရသူတွေကို ဆေးဝါးကုသပေးနိုင်ရေး စစ်ကိုင်းပြည်သူ ဖေးမကူကွန်ယက်က ဆေးဝါး လှူဒါန်းစဉ်/Photo – ပေးပို့

Related Articles

Back to top button