ကိုသူ /MFP၊ အောက်တိုဘာ – ၁၁
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်နဲ့ကနီမြို့နယ်က ကျေးရွာတွေကို စစ်အုပ်စုကတပ်က အောက်တိုဘာ ၁၁ ရက်ဒီနေ့မှာ မောင်းသူမဲ့လေယာဉ် အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စစ်အုပ်စုတပ်က မင်းကင်းမြို့နယ်၊ ရွာသစ်ကုန်း ကျေးရွာအနီးနဲ့ ကနီမြို့နယ်အတွင်းက တောင်ကိုးလုံးရွာကျေးရွာတွေကို မောင်းသူမဲ့လေယာဉ် အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ကနေ ပျံသန်းလာတဲ့ မောင်းသူမဲ့ယာဉ်တစ်စီးနဲ့ မင်းကင်းမြို့ပေါ်က ပျံသန်းလာတဲ့ မောင်းသူမဲ့ယာဉ်တစ်စီး အသုံးပြုကာတိုက်ခိုက်ခဲ့တာ ဖြစ်ပြီးတော့ ထိခိုက် သေဆုံးမှု အခြေအနေကို အသေးစိတ်မသိရသေးဘူးလို့ ကနီမြို့နယ်ဒေသခံ ဦးဖိုးအဲက ပြောပါတယ်။
”တောင်ကိုးလုံးရွာနဲ့ အနီးနား သုံးကြိမ် လေကြောင်းတိုက်ခိုက်မှုလုပ်သွားတယ်။ နမခမှာ လေးစီးပို့ထားတာရှိတယ်။ အဲ့ဒါနဲ့ ပတ်ချနေတာ ‘
အိမ်ခြေ ၁၅ အိမ်ခန့်သာရှိတဲ့ တောင်ကိုးလုံးကျေးရွာအနီးကို သုံးကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး လူထိခိုက်သေဆုံးမှု အခြေအနေကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
အလားတူ မင်းကင်းမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာအနီးက စစ်ရှောင်တဲနေရာတွေကို မောင်းသူမဲ့ လေယာဉ်အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့ပေမဲ့ ဒေသခံတွေ အချိန်မီထွက်ပြေးတိမ်းရှောင် လိုက်
နိုင်တာကြောင့် လူအထိအခိုက်မရှိဘူးလို့ မင်းကင်းမြို့ ဒေသခံတဦးက ပြောပါတယ်။
“ရှောင်လိုက်နိုင်တယ်ထင်တယ်။ လူ အထိအခိုက်မရှိပါဘူး”
မင်းကင်းမြို့နယ်နဲ့ ကနီမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားနေတာမရှိဘဲ စစ်အုပ်စုတပ်က အကြောင်းမဲ့ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာတော့ စစ်အုပ်စုတပ်တွေက အောက်တိုဘာ ၆ ရက်နေ့ ချောင်းဦးမြို့နယ်၊ သတင်းကျွတ်လပြည့်နေ့ ဆီမီးသပိတ်ကို လေကြောင်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်အပါအဝင် ဒေသခံ ၂၄ ဦး သေဆုံးကာ ၅၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
နိုင်ငံတဝန်းမှာတော့ စစ်အုပ်စုတပ်တွေ လေကြောင်းအသုံးပြု ဗုံးကြဲသတ်ဖြတ်မှုတွေကြောင့် စက်တင်ဘာ တစ်လအတွင်းမှာ ကိုယ်ဝန်ဆောင်မိခင်အပါအဝင် အမျိုးသမီး ၄၇ ဦး သေဆုံးခဲ့ပြီးတော့ စစ်ကိုင်းတိုင်းအတွင်းက ၁၈ ဦးနဲ့ အများဆုံးဖြစ်တယ်လို့ မြန့်မာ့အမျိုးသမီးများသမ္မဂက အောက်တိုတာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



