စစ်ကိုင်း -ရွှေဘို ကားလမ်းပေါ်က ထန်းဖူးတောရွာကို စစ်အုပ်စု စီးနင်းလုယက် မီးရှို့ ဖျက်ဆီး၊
ကိုသူ/MFP၊ အောက်တိုဘာ – ၁၂
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဧရာ၀တီမြစ်ရိုးမှာရှိတဲ့ ရှိမ်းမကား ကျေးရွာကို စစ်အုပ်စုက သင်္ဘောလေးစီးနဲ့ ရိက္ခာ၊ လက်နက်နဲ့ လူအင်အား ဖြည့်တင်းတာတွေ လုပ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ ဆန်တက်လာတဲ့ စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသာ် သံခွန်ရေယာဉ်တွေဟာ ရှိမ်းမကားရွာ အပါအဝင် ဝက်လက်နဲ့ မတ္တရာနယ် မြစ်ရိုးတလျှောက်က စစ်အုပ်စုနဲ့ ပျူစောထီးစခန်းတွေကို လူသူ၊ လက်နက် အင်အားဖြည့်နေတာ ဖြစ်ပြီး ယခု ရက်သတ္တတစ်ပါတ်တာအတွင်း ရှိမ်းမကားရဲစခန်းကို ဆိုက်ကပ်တဲ့ စစ်အုပ်စု သင်္ဘော လေးစီးအထိ ရှိတယ်လို့ ဆိုပါတယ်။
“ရက်ခြား၊ရက်ခြား ပို့နေတာ၊ ရှိမ်းမကားက ဆိပ်ကမ်းရှိတယ်၊ အဲဒီနေရာမှာ ပို့တယ်။ မိုးကြိုး(ရွာ)တို့ကလည်း အဲ့ဒီနေရာက ကျွန်းလေးတွေ၊ အဲ့ဒီနေရာမှာလည်း ပို့တယ်၊ ဒီအပတ်ဆို လေးခေါက် ရှိသွားပြီ၊ တခါတခါ သင်္ဘောနဲ့ လာလိုက်၊ ဖလက်ခွံနဲ့ လာလိုက်” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
ပေါ်တာဆွဲ စစ်သားသစ် စုပြီး သင်တန်းပေးထားတဲ့ စစ်သားသစ်တွေကို လာပို့တာ ဖြစ်နိုင်ပြီး တပ်မ ၁၁၊ တပ်မ ၃၃၊ ခလရ ၁၇၊ ခလရ ၂၃ စတဲ့ တံဆိပ်ဝတ်ဆင်ထားတဲ့ လက်နက်ကိုင်တွေ ဖြစ်ကာ စုစုပေါင်း အင်အား ၅၀၀ ခန့် ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်အုပ်စုက ဝက်လက်နယ်ထဲ အဖွဲ့တွေခွဲပြီး ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး၊ လူသတ်၊ လုယက်၊ မီးရှို့နေတာ သုံးလခန့် ကြာပြီ ဖြစ်ပြီး ယခုထက်ပိုကာ စစ်ကြောင်းထိုး၊ သတ်ဖြတ်၊ မီးရှို့တာတွေ လုပ်ဖို့ အင်အားဖြည့်တာ ဖြစ်နိုင်တယ်လို့ အထက်ပါ ဒေသခံ သတင်းရင်းမြစ်က သုံးသပ်ပါတယ်။
ဝက်လက်နဲ့ စစ်ကိုင်းနယ်၊ စစ်ကိုင်း-ရွှေဘို ကားလမ်းတလျောက် ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ စစ်အုပ်စုဟာ အောက်တိုဘာ ၁၁ရက် မနေ့က ကားလမ်းပေါ်ရှိ အိမ်ခြေ ၂၅၀ ခန့်ရှိတဲ့ ထန်းဖူးတော ကျေးရွာကို မီးရှို့ ဖျက်ဆီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ထန်းဖူးတောရွာ မီးရှို့သွားတယ်၊ အဲ့ဒီစစ်ကြောင်းက ရှို့တာ ကိုးရွာမြောက် ရှို့တာ၊ ကိုးရွာမြှောက်ရှိပြီ”
စစ်အုပ်စု စစ်ကြောင်းထိုးနေလို့ ရှိမ်းမကားတိုက်နယ်နဲ့ ဏရာဝတီမြစ်ရိုးတလျှောက်ရှိ ကျေးရွာတွေ အပါအဝင် ဝက်လက်နဲ့ စစ်ကိုင်းနယ်ထဲရှိ ဆားတောင်၊ တလိုင်း၊ တမာကုန်း၊ ငါးရယ်၊ အုန်းသဇင်၊ ရေလည်မှော်၊ ရွာနန်း၊ ကျော်ဇေယျာ၊ ပုဂံတူ၊ လင်းတလူး၊ သစ်ချိုကုန်း၊ ချိူင်းကြီး၊ ရွှေပင်ငံ၊ အုန္နဲဘုတ်၊ တောမ စတဲ့ ကျေးရွာ ၄၀ ကျော်က ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတာ သုံးလခန့် ရှိလာပြီး နေရပ် မပြန်နိုင်ကြသေးဘဲ စားသောက်နေထိုင်ရေး ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဝက်လက်နယ် ဧရာဝတီမြစ်အတွင်း တွေ့ရတဲ့ စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် သင်္ဘောတစ်စီးနဲ့ စစ်ကိုင်း – ရွှေဘို ကားလမ်းပေါ်က လင်းတလူးရွာကို စစ်အုပ်စုက စီးနင်းလုယက် မီးရှို့ဖျက်ဆီးခဲ့စဉ် /Photo – ပေးပို့



