လူသစ်/ MFP ၊ အောက်တိုဘာ – ၁၃
မန္တလေးတိုင်း၊ မိတ္ထိလာ-ကျောက်ပန်းတောင်းလမ်းပေါ်မှာ ပြည်သူတွေအပေါ်ကို ဆက်ကြေးကောက် ငွေညှစ်နေတဲ့ စစ်အုပ်စုယာဉ်တန်းကို အောက်တိုဘာလ ၁၂ ရက် နေ့လယ်ပိုင်းမှာ ဗုံးခွဲတိုက်ခိုက် ခံရတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
အဲဒီကားဟာ မိတ္တိလာမြို့အနောက်ဘက်ကနေ မြို့မရဲစခန်းကို ကင်းလှည့်ပြန်လာတာဖြစ်ပြီး နယူးစတားတည်းခိုခန်းအနီး ပညာရေးကောလိပ်ရှေ့အရောက်မှာ ဆိုင်ကယ်မောင်းလာသူနှစ်ဦးက ဗုံးပစ်ထည့်လိုက်တာလို့ ဆိုပါတယ်။
မိတ္ထိလာ-ကျောက်ပန်းတောင်းလမ်းပေါ်မှာ စစ်အုပ်စုတပ်တွေဟာ ခရီးသွားကားတွေနဲ့ခရီးသည်တွေကို အကြောင်းမဲ့ စစ်ဆေးမေးမြန်းတာတွေအပြင် ငွေကြးတောင်းခံတာတွေလည်း လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်
ဗုံးပေါက်ကွဲမှုကြောင့် စစ်အုပ်စုယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ရဲလေးဦး ထိခိုက်ဒဏ်ရာရပြီးနောက် ဆေးကုသမှုခံယူနေရတယ်လို့ မိတ္ထိလာမြို့ခံတစ်ဦးက ပြောပါတယ်။
“ဗုံးထိတဲ့ ရဲတွေ ကျောက်ပန်းတောင်းဆေးရုံမှာ တက်နေတယ်တဲ့။ တစ်ယောက်က ဆီးခုံမှန်တယ်တဲ့”
ထိခိုက်ဒဏ်ရာရတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေရဲ့ နာမည်နဲ့ရာထူးကိုတော့ MFP အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
အဲဒီပစ်ခတ်မှုကို SATAN UG အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး မစ်ရှင်ကို အကောင်အထည်ဖော်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ ညနေပိုင်းမှာပဲ စစ်အုပ်စုတပ်တွေက အင်အားအလုံးအရင်းနဲ့ ကင်းလှည့်ကာ လမ်းသွားလမ်းလာ ဒေသခံလူငယ်တွေကို စစ်ဆေးမေးမြန်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



