ထင်လင်း/MFP၊ အောက်တိုဘာ – ၁၅
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်အုပ်စုက လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းအားပြုကာ ထိုးစစ်ဆင်ပြီး တော်လှန်ရေးတပ်တွေ လပေါင်းများစွာ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကျေးရွာတချို့ကို ပြန်သိမ်းယူနေတယ်လို့ မတ္တရာမြို့နယ်မှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မတ္တရာမြို့နယ် အရှေ့ခြမ်းက တော်လှန်ရေးတပ်တွေ တစ်နှစ်နီးပါးကြာ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကင်းရွာ၊ ကျောက်ဆည်လေး၊ စခန်းသာ စတဲ့ ကျေးရွာတွေကို စစ်အုပ်စုက ပြန်လည် သိမ်းယူသွားပြီး ကင်းရွာဘုန်းကြီးကျောင်းထဲမှာ အထိုင်ချ တပ်စွဲထားကာ မတ္တရာနယ် မြောက်ခြမ်းက စစ်ရှုံးထားတဲ့ ဒေသတချို့ကိုလည်း လေကြောင်းအားကိုးနဲ့ ဆက်ထက် ထိုးစစ်ဆင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။
“လက်ရှိက ကျောက်ဆည်လေး၊ စခန်းသာအထိ ရောက်လာပြီ၊ မြောင်းသစ်ထိက တိုးပြီး ပြန်လှည့်သွားတယ်၊ ပြီးတော့ ကင်းရွာ မြောက်ဘက်က ဘုန်းကြီးကျောင်းထဲမှာ ထိုင်ပြီး စစ်ကြောင်းတွေ ထိုးနေတာ၊ တံငါဘက်က မိန်းလမ်းမကြီးအတိုင်း မတိုးလာဘူး၊ အနောက်ခြမ်းမှာက ဝေါရွာရဲ့ တောင်ဘက် ရေကြောင်းဗိုလ်မှာ ထိုင်နေတာ အရှေ့ခြမ်းကိုလည်း တိုးလာနိုင်တယ်” လို့ စစ်ရေး သတင်းရင်းမြစ်တစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ မန္တလေး-မတ္တရာ- စဉ့်ကူး ကားလမ်းမကြီးအတိုင်း ဖောက်ထွက်လာတာ မဟုတ်ဘဲ အဲ့ဒီ ကားလမ်းကြောပေါ်က ကျေးရွာတွေကိုတော့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်အုပ်စုဟာ မြေပြင်မှာ ခြေလျင်စစ်ကြောင်း ကောင်းကောင်းထိုးနိုင်တဲ့ အခြေအနေ မရှိဘဲ လေကြောင်း၊ အသေခံဒရုန်းနဲ့ လက်နက်ကြီး ပစ်ကူပြီး တိုးလာတာ ဖြစ်တယ်လို့လည်း တော်လှန်ရေး အင်အားစုတွေက ဆိုပါတယ်။
၂၀၂၄ နှစ်လယ်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဟန်ချက်ညီဆင်နွှဲတဲ့ ရှမ်း-မန်းစစ်ဆင်ရေးအတွင်း တော်လှန်ရေးတပ်တွေက မတ္တရာမြို့နယ်အတွင်း စစ်အုပ်စုရဲ့ အဓိက အထိုင်စခန်းတွေဖြစ်တဲ့ ဖယောင်းတောင် သတ္ထုတွင်း၊ အယ်လ်ဖာ ဘိလပ်မြေစက်ရုံနဲ့ မန္တလေး-မတ္တရာ ကားလမ်းကြောပေါ်က ကျောက်တံတား၊ သရက်ကိုင်းနဲ့ မြကန်သာ စတဲ့ ကျေးရွာဒေသတွေအထိ သိမ်းယူနိုင်ခဲ့ပြီး မတ္တရာမြို့ထဲနေ စစ်အုပ်စုကို ဝိုင်းပတ်ပိတ်ဆို့ထားတဲ့ အခြေအနေအထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ မတ္တရာနယ်ထဲ တစ်နှစ်ခန့်ကြာ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ စစ်စခန်းတချို့ ပြန်လက်လွှတ်ထားရပြီး မြို့နယ်ရဲ့ မြောက်ဘက်ခြမ်းနဲ့ အရှေ့မြောက်ဘက်က ကျေးရွာတချို့ကိုသာ တော်လှန်ရေးတပ်တွေ ထိမ်းချုပ်ထားနိုင်တော့တာ ဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် မတ္တရာ အရှေ့ခြမ်းက ရုန်းပင်၊ ကျွဲတပ်၊ ကျောင်းကုန်း၊ ဇီးဖြူကုန်း၊ ကွေ့ကြီး၊ ချောင်းတုံဝ၊ အုန်းပင်၊ ချောင်းပေါက် အပါအဝင် ကျေးရွာ အများအပြား ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးဒုက္ခသည်ဦးရေ အမြောက်အများ တိုးလာနေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ယခုရက်ပိုင်း စစ်ဘေးဒုက္ခသည် ထောင်နဲ့ချီပြီ ထပ်တိုးလာလို့ အစားအစာ၊ ဆေးဝါးနဲ့ နေရာထိုင်ခင်းအတွက် အရေးပေါ် အကူအညီတွေ လိုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ္တရာမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာ ၅၀ ထက်မနည်းက ထောင်သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတာ တစ်နှစ်ကျော်ကြာပြီ ဖြစ်ပါတယ်။
မတ္တရာနယ်က စစ်ဘေးရှောင်ပြည်သူတချို့/Photo – ပေးပို့



