မန္တလေးသတင်း

မိုးကုတ်မြို့ကို စစ်အုပ်စုဗုံးကြဲ နှစ်ဦးဒဏ်ရာရကာ နေအိမ်တွေ ပျက်စီး

လူသစ်/MFP၊ အောက်တိုဘာ – ၁၆

တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းက အထက်ညောင်ကုန်းရပ်ကွက်ကို စစ်အုပ်စု လေကြောင်းပစ်ခတ်ခဲ့တာကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၁၆ ရက်ဘဒီနေ့မနက် ၇ နာရီကျော်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် မနက်စာစားနေတဲ့ အမျိုးသားနှစ်ဦး ထိမှန် ဒဏ်ရာရခဲ့တာလို့ဆိုပါတယ်။

ထိခိုက်ဒဏ်ရာ ရသူတွေကိုတော့ နီးစပ်ရာ ဒေသခံတွေကပဲ ဆေးရုံကို ပို့ဆောင်ကာ ဆေးကုသမှု ပေးနေတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ ဒဏ်ရာက မပြင်းထန်ဘူးဆိုပေမဲ့ ခေါင်းထိတဲ့တစ်ယောက်ကတော့ လေးချက်ချုပ်ရတယ်ကြားတယ်။ အမှန်အတိုင်းပြောရရင် တိုက်ပွဲဖြစ်နေတာလည်း မရှိဘဲ နေ့တိုင်းလိုလို ဗုံးကြဲနေတာ ကြောက်နေရတယ်။ မိုးကုတ်မှာလည်း လူလာ်း သိပ်မရှိတော့ပါဘူး။ အကုန်စွန့်ခွာကုန်ကြပြီ”

မိုးကုတ်မြို့ကို စစ်အုပ်စုက ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် လတ်တလောမှာတော့ ထိခိုက်ဒဏ်ရာရသူတွေရဲ့ နာမည်နဲ့ အသေးစိတ် အချက်အလတ်ကိုတော့ မသိရသေးပါဘူး။

တိုက်ပွဲဖြစ်ပွားနေတာမရှိတဲ့ မိုးကုတ်မြို့ကို စစ်အုပ်စု နေ့စဉ်လေကြောင်းကနေ ဗုံးကြဲနေတာကြောင့် ဒေသခံတွေဟာ လေကြောင်းရန်ကို စိုးရိမ်နေရပြီး မဖြစ်မနေ ကိစ္စကလွဲရင် အပြင်မထွက်ဖြစ်ကြဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ သပိတ်ကျင်းမြို့နယ်၊ မန္တလေး – မိုးကုတ် – သပိတ်ကျင်း ကားလမ်းပေါ်က အချက်အခြာကျတဲ့ ဖော့တောလမ်းဆုံကို အောက်တိုဘာ ၁၄ရက်မှာ ပြန်လည်သိမ်းပိုက် ထိန်းချုပ်သွားပြီးနောက် မိုးကုတ်မြို့ကို ထိုးစစ်ဆင်နေတယ်လို့ ဆိုကြပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button