မကွေးသတင်း

မြိုင်နဲ့ ပေါက်နယ်အစပ်က ရေနံမှော်ဒေသကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်အုပ်စုက နေ့စဉ်ရက် ဆက် ဗုံးကြဲသတ်ဖြတ်နေ

မယ်ပ/MFP၊ အောက်တိုဘာ – ၁၆

မကွေးတိုင်း ၊ မြိုင်နဲ့ ပေါက်နယ်အစပ်က ရေနံထွက်တဲ့ဒေသတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်အုပ်စုက နေ့စဉ်ရက်ဆက် ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပြီးခဲ့ ၂၀၂၄ ခုနှစ်လောက်က တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြိုင်နဲ့ ပေါက်နယ်အစပ်က ရေနံမှော်ဒေသကို စစ်အုပ်စုက ပြန်လည် ထိန်းချုပ်နိုင်ဖို့ လေကြောင်းတိုက်ခိုက်မှုတွေနေ့စဉ်ရက်ဆက် ပြုလုပ်နေသလို မြေပြင်ကနေပါ ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၅ရက် မနက် ၆နာရီ၀န်းကျင်ကလည်း မကွေးတိုင်း၊ ပေါက်မြို့နယ် အနောက်ခြမ်း တစ်နေရာကို စစ်အုပ်စုရဲ့ တံတားဦးလေတပ်ကနေတက်လာတဲ့ Y-12 လေယာဉ်တစ်စီးနဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေ ထိခိုက်ဒဏ်ရာရခဲ့သလို မှော်လုပ်ကွက်တချို့လည်း ဗုံးထိမှန်ခဲ့တယ်လို့ ပြောပါတယ်။

အောက်တိုဘာလ ၁၄ ရက်နေ့ မနက်မှာလည်း ပေါက်မြို့နယ် အနောက်မြောက်ခြမ်း ထီးလင်းနယ်အစပ်ကိုလည်း တံတားဦးလေဆိပ်ကနေ တတ်လာတဲ့ Y-12 အမျိုးအစားလေယာဉ်နဲ့  ဗုံးသီး အလုံးရေ ၅၀ ခန့်ကြဲချတိုက်ခိုက်သွားတယ်လို့ ဒေသခံသတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။

” အောက်တိုဘာလအစကတည်းက ပေါက်နဲ့မြိုင်ကိုလေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်လုပ်နေတာ ။ စစ်ကြောင်းကတော့ ကပစ -၂၄က ထိုးနေတာ။ ကပစ ၂၄အနီးတစ်ဝိုက်တွေမှာဘဲ တပ်ဖြန့်ထားတဲ့ သဘောရှိတယ်။ စစ်တပ်က ရေနံမှော်တကြောတွေကို မြေပြင်ရော ဝေဟင်ကရော အသုံးပြုပြီး ထိုးစစ်ဆင်နေတယ်။ အရင်ကတော့ အဲဒီနေရာတွေက သူတို့ နေရာယူထားတာ။ အခုကြတော့ ပြည်သူတွေနဲ့ ရဲဘော်တွေက ပြန်နေရာယူထားတော့ ပြန်လည်ရယူချင်တဲ့ စိတ်နဲ့ မြေပြင်ရော ဝေဟင်ကနေရော ဖိနေတာပေါ့နော် ” 

မြိုင်နယ်နဲ့ပေါက်နယ်အစပ်‌ကကျေးရွာတွေကို စစ်အုပ်စု အခြေစိုက်ထားတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ တတ်လာတဲ့ ဂျိုင်ရိုကော်ပတာနဲ့ ပခုက္ကူတပ်မ -၁၀၁ က တတ်လာတဲ့ ပါရာမော်တာ၊ Y-12 နဲ့ ဖိုက်တာစတဲ့ လေကြောင်းကနေ ပုံစံမျိုးစုံ ဗုံးကြဲသတ်ဖြတ်နေသလို ကပစ – ၂၄က စစ်အုပ်စု စစ်ကြောင်းတွေကလည်း မြေပြင်ကနေ စစ်ကြောင်းထိုးကာ နေအိမ်တွေကိုမီးရှို့တာနဲ့ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မြိုင်နယ်နဲ့ပေါက်နယ်တို့ကို စစ်အုပ်စုက လေကြောင်းကနေ နေ့စဉ်ဗုံးကြဲသတ်ဖြတ်နေလို့ နှစ်ပတ်အတွင်းပြည်သူ ၆ ဦး အနည်းဆုံးသေဆုံးကာ ထိခိုက်ဒဏ်ရာအများအပြားရှိကာ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၂ရက်က မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ် အခြေစိုက် (ကပစ – ၂၄)က ထွက်လာတဲ့ အင်အား ၃၀၀ ကျော်ပါ အကြမ်း ဖက်စစ်ကြောင်းဟာ တယ်ပင်ရွာနဲ့ အုန်းမှင်ရွာ တွေမှာ ဖြန့်ကြပ် ဝင်ရောက် စီးနင်းခဲ့ပြီးနောက် အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါသေးတယ်။

လက်ရှိမှာ ပေါက်နယ် အနောက်ခြမ်းက ထောင်နဲ့ချီတဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းရန်နဲ့ စစ်အုပ်စုစစ်ကြောင်းတွေရန်ကို စိုးရိမ်တာကြောင့် နေရပ်

စွန့်ခွာ ထွက်ပြေးနေရတာ နှစ်လကျော်ကြာမြင့်လာတာကြောင့် အရေးပေါ် စားနပ်ရိက္ခာ‌တွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိ အညာဒေသမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတဲ့ ဂျိုင်ရိုကော်ပတာဟာ မိုင် ၆၀ ဝန်းကျင်ထိပျံသန်းနိုင်တာကြောင့် နမခနဲ့ မိုင် ၅၀ ခန့်အကွာမှာရှိနေတဲ့ မကွေးတိုင်းထဲက ပေါက်၊ မြိုင်၊ ပခုက္ကူနဲ့ရေစကြို နယ်တို့က ပြည်သူတွေ လေကြောင်းရန်သတိနဲ့နေထိုင်ကြဖို့ တော်လှန်ရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button