
ပျူခြောက်ယောက် သေပြီး သေနတ်တစ်လက် သိမ်းဆည်းရရှိ
MN/MFP ၊ နိုဝင်ဘာ – ၂၇
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့အနောက်ဖက် အေးမြသီတာကျေးရွာ ဘုန်းကြီးကျောင်းထဲမှာ အထိုင်ချတပ်စွဲထားတဲ့ ပျူခေါင်းဆောင် သီတာယုမွန် လက်အောက်ခံ ပျူတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့ရာ ခြောက်ယောက်သေပြီး၊ သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ထနောင်းမြေစစ်ကြောင်းက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
မြင်းခြံမြို့အနောက်ဖက် ကပ်လျက်မှာတည်ရှိတဲ့ အေးမြသီတာ(အေးရွာ) ကျေးရွာထဲက ဘုန်းကြီးကျောင်းထဲမှာ အင်အား ၂၀ ဝန်းကျင်နဲ့ အထိုင်ချတပ်စွဲထားတဲ့ ပျူတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၂၅ ရက် ည ၁၀ နာရီဝန်းကျင်မှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ကျွန်တော်တို့ ရေတတန်၊ကုန်းတတန်နဲ့ သွားပြီးတော့ လမ်းခရီးအခက်ခဲကြားထဲက တိုက်ခိုက်ခဲ့တာပါ။ သူတို့(ပျူ)တွေက အေးမြသီတာရွာ ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲထားတာ။ တိုက်ပွဲအတွင်း မျက်မြင်အရဆိုရင် ခြောက်ယောက်သေတယ်ဗျ။ သေနတ်က တစ်လက်ရပါတယ်။တိုက်ပွဲကြာချိန်ကတော့ ၁၅ မိနစ်လောက်ပဲကြာတယ်။”လို့ ထနောင်းမြေစစ်ကြောင်းတာဝန်ခံ ရဲဘော်မူတူးက MFP ကို ပြောပါတယ်။
တိုက်ပွဲဖြစ်ပြီး နောက်ရက် နိုဝင်ဘာ ၂၆ ရက်ကစပြီး စစ်အုပ်စုနဲ့ ပျူတွေဟာ အနီးဝန်းကျင်ကျေးရွာတွေကို ဒရုန်းတွေနဲ့ ဗုံးလိုက်ကြဲနေသလို မြင်းခြံမြို့ကလည်း မနေ့ညကအထိ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေပြီး ပြည်သူထိခိုက်တာတော့ မရှိဘူးလို့ သူကဆက်ပြောပါတယ်။
မြင်းခြံမြို့အနီး အေးမြသီတာကျေးရွာက ပျူစခန်းတိုက်ခိုက်မှုကို မြင်းခြံခရိုင် ထနောင်းမြေ စစ်ကြောင်း၊ မြင်းခြံခရိုင် အမှတ်(၁၊ ၂၊ ၉) တပ်ရင်းတွေ၊ TFM ပျောက်ကြားတပ်ဖွဲ့၊ MPDF ၊ MGN အညာသားပျောက်ကျားတပ်ဖွဲ့ စတဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်တွေဘက်က အထိခိုက်မရှိခဲ့ဘူးလို့ ထနောင်းမြေ စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
မြင်းခြံနယ်ထဲမှာ နိုဝင်ဘာလအတွင်း တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတာဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက်ကလည်း မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းပေါ်မှာ ဂိတ်ဖွင့်ကာ ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီး ငွေညှစ်နေတဲ့ သီတာယုမွန်လက်အောက်ခံ ပျူတွေကို တိုက်ခိုက်ခဲ့ရာ နှစ်ယောက်သေပြီး တစ်ယောက် အရှင်ဖမ်းမိခဲ့သလို သေနတ် နှစ်လက်ပါ သိမ်းဆည်းရရှိခဲ့ပါသေးတယ်။
စစ်အုပ်စု လက်အောက်ခံ ပျူခေါင်းဆောင် သီတာယုမွန်နဲ့ ပျူစောထီးတွေဟာ မြင်းခြံမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုး စီးနင်းလုယက်မီးရှို့တာ၊ ဒေသခံတွေကို ပေါ်တာဆွဲတာနဲ့ ဖမ်းဆီးသတ်ဖြတ်တာ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေ မကြာခဏ ကျူးလွန်လုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုထားပါတယ်။
နိုဝင်ဘာလ ၂၅ ရက်က မြင်းခြံမြို့အနီး အေးမြသီတာ(အေးရွာ) ကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ ပျူတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့စဉ် / ဓာတ်ပုံ-ထနောင်းမြေစစ်ကြောင်း



