စစ်ကိုင်းသတင်း

ရေဦးမှာ ကင်းပုန်းဝပ်ဖို့လာတဲ့ စစ်အုပ်စု စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဦးသေ လေးဦးဒဏ်ရာရ 

ကိုသူ/MFP ၊ အောက်တိုဘာ – ၁၇

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ အောက်တိုဘာ ၁၆ ရက်နေ့က ကင်းပုန်းဝပ်ဖို့လာတဲ့ စစ်အုပ်စုစစ်ကြောင်းကို တော်လှန်ရေးအင်အားစုတွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်အုပ်စုတပ်သားနှစ်ဦး သေဆုံး ကာ လေးဦးဒဏ်ရာရ ရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

အဲဒီစစ်အုပ်စု စစ်ကြောင်းမှာ တပ်သား  ဆယ်ဦးခန့်နဲ့ ကင်းပုန်းဝှက် နေရာယူဖို့ လိုက်ပါလာပြီး မြို့အဝင်ဆိုင်းဘုတ်အနီးမှာပဲ တော်လှန်ရေး အင်အားစုတွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စုဖွဲ့မှုပျက်သွားတဲ့ စစ်အုပ်စုစစ်ကြောင်းမှာ မျက်မြင် နှစ်ဦးသေဆုံးခဲ့သလို လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရေဦးမြို့နယ် တော်လှန်‌ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

“မိုင်းဆွဲတိုက်တာလို့ သိရတယ်။ နှစ်ယောက်သေတယ်”

မိုင်းဆွဲတိုက်ခိုက်ခဲ့ရတဲ့ စစ်အုပ်စုတပ်စာ စစ်ကြောင်းနောက်ပြန်လှည့်ကာ မြို့ပေါ်က စစ်အုပ်စုနဲ့ ပြန်လည် ပူးပေါင်းသွားတယ်လို့ သူက ဆိုပါတယ်။

ဒီလို တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီးရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကလဲ 

“ရခ နှစ်ကောင်သေ လေးကောင်ဒဏ်ရာ အပြင်းစားရရှိထားကြောင်း ထပ်မံသတင်းရရှိပါသည်လို့”အောက်တိုဘာ ၁၇ရက် ဒီ‌နေ့မှာ အတည်ပြု ထုတ်ပြန်ထားပါတယ်။

ရေဦးမြို့နယ် အတွင်းမှာတော့ စစ်အုပ်စုတပ်တွေက မြို့ပေါ်ကို ဈေးဝယ်ဖို့ သွားလာနေတဲ့ ဒေသခံပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာနဲ့ လုံခြုံရေးတင်းကြပ်ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့  ဩဂုတ်လ  ၆ ရက်နေ့ကလည်း ငြုပ်တုံကျေးရွာက လယ်သမားသုံးဦးကို စစ်အုပ်စုတပ်က အကြောင်းမဲ့ ဖမ်းဆီးသွားပြီး ဒီနေ့အထိ ပြန်လွှတ်ပေးတာမျိုး မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း ရေဦးမြို့နယ်အတွင်းက စစ်အုပ်စုကင်းပုန်းတွေကို တော်လှန်ရေးအင်အားစုတွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်အုပ်စုတပ်သား  ငါးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button