စစ်ကိုင်းဆောင်းပါး

ချောင်းဦးနယ် ဆီးမီးသပိတ် လေကြောင်းဗုံးကြဲခံရမှုဟာ အပြည်ပြည်ဆိုင်ရာ စစ်ရာဇတ်ဝတ်မှုလို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေပြော


MFP ၊ အောက်တိုဘာ – ၁၇

စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ချောင်းဦးနယ်အစပ်မှာ သီတင်းကျွတ်လပြည့်နေ့ညက ဆီမီးထွန်းပွဲနဲ့ စစ်အာဏာရှင်ဆန့်ရှင်ရေးသပိတ်ပြုလုပ်နေတဲ့ နေရာကို စစ်အုပ်စုက စက်တပ်လေထီးနဲ့ ဗုံးလာကြဲခဲ့ပြီးနောက် ထိခိုက်ဒဏ်ရာရတဲ့ လူနာတွေကို ဆေးကုသလို့ မရအောင် ဒရုန်းနဲ့ဗုံးကြဲတာ ဆေးဝါးပစ္စည်းတွေကို ဖြတ်လေးဖြတ် အဖြစ် ဖြတ်တောက်တာတွေဟာ အပြည်ပြည်ဆိုင်ရာ စစ်ရာဇဝန်မှုကို ချိုးဖောက်တာလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် သူ့ကို ခုခံကာကွယ်တိုက်ပွဲဝင်နေတဲ့ ဒေသတွေကို စစ်အုပ်စုက ဆိုးဆိုးရွားရ်ား ပစ်မှတ်ထားပြီး လေကြောင်းပစ်ခတ်တာ၊ မြေပြင်ကနေ စစ်ကြောင်းထိုးပြီး ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ တောက်လျှောက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ချောင်းဦးနယ် ဘုံတ်ုိရွာ လေကြောင်းတိုက်ခိုက်ခံရမှုကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။

စစ်အုပ်စုဟာ လူ့အခွင့်ရေးချိုးဖောက်မှုထက် သာလွန်တဲ့ ပြည်တွင်းစစ်မှာ လေကြောင်းအသုံးပြုခွင့် မရှိတဲ့အခြေအနေကို ဆန့်ကျင်ကာ ဗုံးကြဲသတ်ဖြတ်ခဲ့တာကြောင့် အပြည်ပြည်ဆိုင်ရာ စစ်
ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလို့ မြန်မာ့လူ့အခွင့်အရေးကွန်ရက် (BHRN) ရဲ့ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောပါတယ်။

(ဦးကျော်ဝင်း-ညွန်ကြားရေးမှုး၊ မြန်မာ့လူ့အခွင့်အရေးကွန်ရက်)
“အဓိက ဒီဟာက လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ အဆင့်မဟုတ်ဘူး။ ဒါက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုကို ကျူးလွန်တဲ့ အဆင့်ပဲ။ နံပါတ်တစ်က ပြည်တွင်းစစ်မှာ လေကြောင်းနဲ့ဗုံးကြဲလို့မရဘူး။ မမျှမတ အင်အားကြီးတာတွေ သုံးလို့မရဘူး။ ဒါက International Hunman Right Law မှာ ရှိထားပြီးသားပဲ။ ဒီဥပဒေကို ချိုးဖောက်ရင် စစ်ရာဇဝတ်မြောက်တယ်။ ဒုတိယကမ္ဘာစစ်တုန်းကဂျပန်တွေ အသုံးချခဲ့တဲ့ နည်းစနစ်ကို ဒီနေ့အထိ သူတို့လက်ကိုင်ထားပြီး သုံးနေတာတွေ့ရတယ်”

ဒါ့အပြင် စစ်အုပ်စုအနေနဲ့ ကျုးလွန်ထားသမျှတွေကို မြေပြင်မှာရှိနေတဲ့ နားလည်တက်ကျွမ်းသူတွေက သက်သေတွေကို အခိုင်အမာ မှတ်တမ်းတင်ထားနိုင်ဖို့ကိုလည်း သူကတိုက်တွန်းပါတယ်။ ဒါမှသာ စစ်အုပ်စုရဲ့လူသတ်၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ လုပ်ရပ်တွေကို နိုင်ငံတကာရဲ့တရားစွဲဆိုရေး ယန္တရားတွေနဲ့ ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ချောင်းဦးမြို့နယ် မြောက်ခြမ်း မုံရွာနယ်အစပ်ရှိ ဗုံတိုရွာမှာ အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်နေ့ ည ရှစ်နာရီ ဝန်းကျင်မှာ စစ်အာဏာရှင်ဆန့်ရှင်ရေး ဆီမီးထွန်းသပိတ်ပြုလုပ်နေချိန်မှာ စစ်အုပ်စု အနောက်မြောက်တိုင်း စစ်ဌာနချုပ် – မုံရွာကနေ တက်လာတဲ့ စက်တပ်လေထီး ပါရာမော်တာနဲ့ ၁၂၀ မမ ဗုံးသီး နှစ်လုံး ကြဲချတိုက်ခိုက်သွားတာ ဖြစ်ပါတယ်။

စစ်အုပ်စု လေကြောင်းက ဗုံးကြဲခဲ့ရာမှာ ဆီးမီးထွန်းပူးဇော်ပွဲနဲ့ သပိတ်ပြုလုပ်နေတဲ့ လူအုပ်ထဲကို ဗုံးသီးတည့်တည်ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အခင်းဖြစ်စဉ်နေရာမှာတင် သေဆုံးသူ ကိုးဦး ရှိခဲ့ပြီးနောက် ဒီကနေ့ အောက်တိုဘာ ၁၄ ရက်မှာတော့ ကလေးငယ်တွေအပါဝင် စုစုပေါင်း သေဆုံးသူ ၂၄ ဦးနဲ့ နောက်ဆက်တွဲ ဆေးကုသနေရသူ ၅၈ ဦးရှိတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

အဲဒီလို ဗုံးစထိမှန်ပြီး သေဆုံးခဲ့သူတွေကို စစ်အုပ်စု စက်တပ်လေထီးနဲ့ ဗုံးထပ်ကြဲတာနဲ့ လက်နက်ကြီးပစ်ခတ်နေတဲ့ကြားက ညတွင်းချင်း အရေးပေါ်သင်္ဂြိုဟ်ပေးလိုက်ရတယ်လို့ မြေပြင် တော်လှန်ရေးသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

(တော်လှန်ရေးသတင်းရင်းမြစ် တစ်ဦး)
“ဖြစ်သလို ကိစ္စကုန်ရတာ။ စစ်အုပ်စုတွေက နာရေးပို့နေချိန်တွေမှာလည်း လေထီးနဲ့ဗုံးကြဲတော့ ကိစ္စမြန်မြန်ကုန်ရတာပေါ့။ လိုအပ်ချက်တွေရှိတာပေါ့ဗျာ။ မြေကျပြီးရောပဲ လုပ်လိုက်ရတာ”

လက်ရှိမှာ ထိခိုက်ဒဏ်ရာရသူတွေကို အရေးပေါ်ဆေးဝါးကုသမှုတွေပြုလုပ်ပေးနေပြီး စိုးရိမ်ရသူတွေလည်း ၁၀ ဦးထက်မနည်းရှိနေသလို ဦးခေါင်းနဲ့ ဝမ်းဗိုက်ပိုင်းနေရာတွေမှာ ပြင်းထန်ဒဏ်ရာတွေ ရရှိထားတာတွေ့ရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတွေက MFP ကို ပြောပါတယ်။

စစ်အုပ်စုက ပါရာမိုတာနဲ့ ဗုံးနှစ်လုံးကြဲချခဲ့တာကြောင့် ထိခိုက်သေဆုံးခဲ့သူတွေထဲမှာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါဝင်ပြီး သေဆုံးသူတွေအထဲက ရုပ်အလောင်း ကိုးခုသာ အကောင်းတိုင်း ပြန်ရပြီး အများစုကတော့ ဦးခေါင်းပြတ်၊ ခြေပြတ်၊ လက်ပြတ်စတဲ့ ကိုယ်ခန္ဓာအပိုင်းပိုင်းပြတ်တောက် သွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ ချောင်းဦးမြို့နယ်အထဲက ရွာတွေကို ဒီရက်ပိုင်းမှာပဲ စစ်ကြောင်းထိုးဖို့ စစ်ရေးပြင်နေတာ တွေ့နေရတယ်လို့လည်း ချောင်းဦးပကဖက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

(ချောင်းဦးပကဖ- တာဝန်ရှိသူတစ်ဦး)
“စစ်ကြောင်းထိုးမယ်လို့တော့ ယူဆရတဲ့ အနေအထားရှိတယ် ။လောလောဆယ်တော့ ချောင်းဦး -မြင်းမူကြားထဲမှာရှိတဲ့ မုံရွာ-မန္တလေးလမ်းပိုင်း လမ်းမကြီးမှာ စစ်ကြောင်းထိုးမယ့် အရိပ်ယောင်တော့ရှိတယ် ။အင်အားဖြည့်တယ် ။သူတို့ စစ်ကောင်စီရဲ့ ဆေးဝါး ၊ရိက္ခာ ၊ဆီ ၊လက်နက်ခဲယမ်း ယာဉ်တန်း တခုခုဖြစ်မယ် ။ စစ်ကိုင်းဘက်ကဆင်းလာတဲ့ ကားတန်းရှိတယ် ။လွန်ခဲ့တဲ့၄၆မိနစ်လောက်ကမြင်းမူဘက်ရောက်နေတယ် ။သူတို့ရဲ့လုံခြုံရေးအတွက်အင်အားချထားသလား စစ်ကြောင်းအတွက်လားကမသိရသေးဘူး ။ သူတို့ရဲ့လှုပ်ရှားမှုအပေါ်မူတည်ပြီး သူတို့ဘာလုပ်ချင်တယ်ဆိုတာဆုံးဖြတ်လို့ရမှာ”

ချောင်းဦးနယ်ထဲက ဆီမီးထွန်းသပိတ်ကို စစ်အုပ်စုက ဗုံးကြဲသတ်ဖြတ်ခဲ့ပြီးနောက် မြေပြင်မှာ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေနဲ့ ဆေးဝါးကုသမှုခံယူမယ့်သူတွေ အခက်အခဲဖြစ်စေဖို့ ပါရာမိုတာနဲ့ မုံရွာနဲ့ ချောင်းဦးနယ်ထဲ ဗုံးထပ်ကြဲခဲ့သလို လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက်ပစ်ခတ်နေခဲ့တယ်လို့လည်း မြေပြင်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဒါ့အပြင် ချောင်းဦး -မုံရွာ လမ်းမကြီးပေါ်မှာရှိတဲ့ မအူစစ်အုပ်စုစစ်ဆေးရေးဂိတ်နဲ့ ‌‌ညောင်ပင်ဇောက် စစ်အုပ်စု စစ်ဆေးရေးဂိတ်တွေကနေ ကားတွေနဲ့ ဆိုင်ကယ်တွေကို ရပ်တန့် ပြီးတော့ ဆေးဝါးပစ္စည်းတွေကို ဖြတ်တောက်စစ်ဆေးနေတာလို့ ဆိုပါတယ်။

ဆေးဝါးကုသရေးပစ္စည်းတွေဖြစ်တဲ့ ဆလိုင်းပုလင်း ၊ဂွမ်း၊ပါတ်တီး ၊ အနာဆေးတဲ့ ဆေးရည် တွေနဲ့ ပြုတ်ဆေး၊ အကိုက်ခဲပျောက်ဆေး၊ အရက်ပျံစတဲ့ ဆေးတွေကို သယ်ယူခွင့်မပြုဘဲ သိမ်းဆည်းကာ လူနာတွေကို ကုသလို့မရအောင် ဖြတ်တောက်ကန့်သတ်ထားတယ်လို့ မုံရွာချောင်းဦးလမ်းပိုင်း အသုံးပြုသူတွေက ဆိုပါတယ်။
ပြည်သူလူထုကို နည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်သတ်ဖြတ်နေတဲ့ စစ်အုပ်စုဟာ လူထုအားလုံးအတွက် ဘုံရန်သူဖြစ်တာကြောင့် စစ်အုပ်စုနဲ့အပေါင်းအပါတွေကို ဖြုတ်ချနိုင်ဖို့ ပိုတိုးလုပ်ဆောင်သွားမယ်လို့ ချောင်းဦးသပိတ်ကော်မတီဝင် ပွိုင့်ပွိုင့်က ပြောပါတယ်။

(ပွိုင့်ပွိုင့်-ချောင်းဦးသပိတ်ကော်မတီဝင်)
“ပြည်သူတွေ သေကြေနေရတယ်ဆိုတဲ့ တရားခံက မင်းအောင်လှိုင်ပါ။ ကျွန်တော်တို့တွေရဲ့ အမှားတွေ၊ အားနည်းချက်တွေ ရှိနေတယ်ဆိုတာ လက်ခံပါတယ်။ ဝန်ခံပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဘုံရန်သူက မင်းအောင်လှိုင်ဖြစ်တယ်။ အဓိကပြည်သူတွေ၊ အသတ်မပြည့်သေးတဲ့ ကလေးငယ်တွေကို သတ်ဖြတ်နေတာ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်ဖြစ်တယ်ဆိုတာ လုံးဝမမေ့ကျဖို့ အရေးကြီးပါတယ်။ ရှေ့မှာလည်း သတ်ခဲ့တယ်။ အခုလည်းသတ်တယ်။ နောင်လည်း ဆက်ပြီး သတ်နေအုန်းမှာ ဖြစ်တယ်။ ဒီကောင်တွေက ဆက်ပြီးသတ်ခွင့်မရအောင် ကျွန်တော်တို့ရဲ့ ပြည်သူလူထု ကျွန်တော်တို့ရဲ့ကလေးတွေ၊ ကျွန်တော်တို့ရဲ့တိုင်းပြည်အနာဂတ်ကို ကာ်တင်ဖို့အတွက် စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်တပ်ကို ဖြုတ်ကို ဖြုတ်ချရမှာ ဖြစ်တယ်”

စစ်အုပ်စုက ဆီမီးထွန်းသပိတ်ကို ဗုံးလာကြဲခဲ့တာကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရသူတွေဟာ ဗုံတိုရွာအပါဝင် အနီးဝန်းကျင်ကျေးရွာတွေက ဒေသခံပြည်သူတွေနဲ့ CDM ဝန်ထမ်းတွေ သပိတ်အဖွဲ့တွေနဲ့ PDF ရဲဘော်တွေပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့စာရင်းတွေအရ စက်တင်ဘာတစ်လထဲမှာပဲ နိုင်ငံတဝန်းမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း ၁၂ ကြိမ်နဲ့ လူပေါင်း ၁၀၇ ဦးသေဆုံးခဲ့ရပြီး သေဆုံးခဲ့သူတွေအထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ်၂၇ ဦးအထိပါဝင်တယ်လို့ တွေ့ရပါတယ်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ဘုံတိုရွာမှာ ဆီမီးသပိတ် လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဗြိတိန်သံရုံးအပါအဝင်၊ လူ့အခွင့်အရေးတက်ကြွသူတွေကတော့ လက်ခံနိုင်စရာမရှိကြောင်း အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။
~~~~~~~~~~~~~~~~

Related Articles

Back to top button