ဗျူဟာကုန်း အပြီးသတ်သိမ်းဖို့ နေရာတချို့ ကျန်နေသေးဟု AA ထုတ်ပြန်၊
လူသစ်/MFP ၊ အောက်တိုဘာ – ၁၈
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒန်းလမ်းမ ရိုးမပေါ်မှာရှိတဲ့ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်းကနေ ထွက်ပြေးလာတဲ့ စစ်အုပ်စုတပ်သားတွေနဲ့ အလံဖြူထောင်ကာ လက်နက်ချ ပူးပေါင်းလာသူတွေ ရှိနေတယ်လို့ အာရက္ခတပ်တော်(AA)က အောက်တိုဘာလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်အုပ်စုတပ်သားတချို့ကို ဖမ်းဆီးရမိခဲ့သလို အလံဖြူထောင်ကာ လက်နက်ချ ပူးပေါင်းလာသူတွေလည်းရှိနေပြီး သူတို့ကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
နတ်ရေကန်ဗျူဟာစခန်းကို ကာကွယ်ပေးထားတဲ့ ကင်းစခန်းတွေကို အောက်တိုဘာလ အစကတည်းက အာရက္ခတပ်တော်နဲ့တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကျန်ရှိနေသေးတဲ့ နေရာတွေကို ဆက်လက်ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်မှုထမ်းဥပဒေအောက်ကနေ စစ်သားသစ်စုဆောင်းခံထားရသူတွေ အနေနဲ့လည်း အာရက္ခတပ်တော်ကို ဆက်သွယ်ကာ လက်နက်ချ အလင်းဝင်နိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖိတ်ခေါ်ထားပါတယ်။
စစ်အုပ်စုအနေနဲ့ နတ်ရေကန်စခန်း မကျရေးအတွက် မြေပြင်ကနေ အင်အားထောင်နဲ့ချီတဲ့ စစ်အုပ်စုတပ်သားတွေကို စစ်ကူလွှတ်နေသလို လေကြောင်းကနေလည်း ဗုံးကြဲတ်ိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတဲ့ကြားက ထိုးစစ်ကိုဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
နတ်ရေကန်စခန်းကို အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တော်လှန်ရေးအင်အားစုတွေက ဇန်နဝါရီလကတည်းက စတင်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားနေတာ ကိုးလဝန်းကျင်
ခန့် ရှိလာသလို စစ်အုပ်စုကလည်း စခန်းလက်မလွှတ်ရဖို့အတွက် အပြင်းအထန် ခုခံနေရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအခြေအနေ အသေးစိတ်ကိုတော့ အာရက္ခတပ်တော်ရဲ့ပြောခွင့်ရသူ ဦးခိုင်သုခကို MFPကဆက်သွယ် မေးမြန်းနေဆဲ ဖြစ်ပါတယ်။
စစ်ရေး ၊ကုန်သွယ်ရေးအရ အချက်အခြာကျတဲ့ မကွေးတိုင်း – ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်း၊ ပုသိမ်-မုံရွာလမ်းမှာ စစ်အုပ်စုကို AAနဲ့ တော်လှန်ရေးအင်အားစုတွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



