လူသစ်/MFP ၊ အောက်တိုဘာ – ၁၈
စစ်ကိုင်းတိုင်းအတွင်းက ရွှေဘို-ဆိပ်ခွန်-မုံရွာလမ်းမမှာ အောက်တိုဘာလ ၁၇ ရက် မနက်ပိုင်းကတည်းက ကားတွေပိတ်မိနေတယ်လို့ စစ်ကိုင်းမြို့ခံ ကိုဆံရှည်က ပြောပါတယ်။
ဒီနေ့နေ့လယ်ပိုင်းမှာတော့ အဲဒီလမ်းမမှာ ပိတ်မိနေတဲ့ ကားအစီးရေ တစ်ထောင်လောက် ရှိလာပြီး ဆိုင်ကယ်တစ်စီး သွားလာမောင်းနှင်ဖို့တောင် လမ်းနေရာမရှိတော့ဘဲ ပြည့်ကျပ်နေတယ်လို့ ဆိုပါတယ်။
မိုးရွာသွန်းမှုများကြီး ရွှေဘို-ဆိပ်ခွန်-မုံရွာ လမ်းမက နေရာတချို့ ပျက်စီးသွားတာကြောင့် အတက်အဆင်း ကားတွေပိတ်မိနေပြီး ကားပေါ်မှာ ပါလာတဲ့ ထောင်နဲ့ချီတဲ့ ခရီးသွားတွေလည်း အခက်အခဲဖြစ်နေကြတာပါ။
လက်ရှိမှာလည်း ရွှေဘိုမြို့ကနေ ဒီပဲယင်းမြို့နယ်၊ ဥသျှစ်ကြီးရွာအထိ ပိတ်မိနေတဲ့ ကားတန်းအရှည် မိုင် ၂၀ ကျော်ရှိနေတယ်လို့ စစ်ကိုင်းမြို့ခံ ကိုဆံရှည်က ပြောပါတယ်။
“လမ်းကလေ မိုးရွာတွေ ဗွက်ထနွံနစ်နေတာမျိုးပါ။ တခြားအကြောင်းကြောင့် မဟုတ်ဘူး။ နေပြန်သာလို့ မြေသားမာသွားရင် အဆင်ပြေသွားမှာပါ။ အခုက တွဲကားတွေရော လိုင်းကားတွေရောနဲ့ အကုန်ပိတ်ဆို့ ကုန်တာပေါ့နော်”
ပိတ်မိနေတဲ့ ကားတန်းရှည်အထဲမှာ ဆီဘောက်ဆာယာဉ်တွေ၊ တွဲကားတွေနဲ့ အဝေးပြေးခရီးသည်တင်ယာဉ်တွေအပြင် အိမ်စီးကားတွေ ပါဝင်တယ်လို့ သူကဆိုပါတယ်။
ဒါ့အပြင် ကားပိတ်နေတာကြောင့် စားရေးသောက်ရေး ခက်နေတဲ့ ခရီးသည်တွေကို မူးကမ်းလမ်းတစ်လျှောက်မှာနေထိုင်တဲ့ ဒေသခံတွေက ရေသန့်ဗူးနဲ့ ထမင်းတွေ ဝေပေးနေတယ်လို့လည်း ပြောပါတယ်။
စစ်အုပ်စုဟာ စစ်ကိုင်း-ရွှေဘိုလမ်းမကြီးကို ပိတ်ထားတာကြောင့် ကွင်းလမ်းတွေကနေ မောင်းနှင်နေကြတဲ့ ကားတွေဟာ ရွှေဘို-ဆိပ်ခွန်လမ်းမကို ပိုအသုံးပြုလာကြတယ်လို့ ကန့်ဘလူနယ်က မြေပြင်သတင်းတွေကို ဖော်ပြနေတဲ့ infinity Group က MFP ကို ပြောဆိုထားပါတယ်။
Photo – infinity Group
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



